backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိမ်လုပ် လက်သန့်ဆေးရည် တွေက ထိရောက်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိမ်လုပ် လက်သန့်ဆေးရည် တွေက ထိရောက်ရဲ့လား

နိုင်ငံတကာ မှာ စိုးရိမ်နေရတဲ့ COVID-19 ဗိုင်းရပ်စ် ကြောင့် နှာခေါင်းစည်း နဲ့ လက်သန့်ဆေးရည် တွေ ကြောက်လန့်တကြား ဝယ်လိုက်ကြတာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန် ခေတ်စားလာတာက အိမ်မှာ လက်သန့်ဆေးရည် တွေ ကိုယ်တိုင် လုပ်လို့ ရတဲ့နည်းတွေပါပဲ။

အပြင်မှာ ဝယ်မရရင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ အကြောင်း ၊ အလွယ်ပြုလုပ်နည်းတွေ မျှဝေလာခဲ့ကြပါတယ်။ လုပ်နည်းက လွယ်သားပဲ၊ အရက်ပြန်၊ Gel တစ်မျိုးမျိုး နဲ့ အဆီတစ်မျိုး ပါရင် ရပြီလို့ ထင်ကြမှာပေါ့။

ဒါပေမယ့် ဒီလိုလွယ်ကူတဲ့နည်း တွေနဲ့ ပြုလုပ်ထားတဲ့ လက်သန့်ဆေးရည် တွေက အရာဝတ္ထု မျက်နှာပြင်တွေကို သန့်စင်ဖို့ အတွက် ပိုသင့်တော်ပြီး လူ့အရေပြားမှာ သုံးဖို့ မသင့်တော်ပါဘူး လို့ ပညာရှင်တွေက သတိပေးပါတယ်။

အယ်ကိုဟော အခြေခံတဲ့ လက်သန့်ဆေးရည်တွေမှာ emollients လို့ ခေါ်တဲ့ အသားအရေကို နူးညံ့မှု ထိန်းပေးနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်လေ့ရှိပါတယ်။ ပိုးတော့ သေစေနိုင်ပေမယ့် လက်အသားအရေ အတွက် ပိုပြင်းနေနိုင်တာမို့ ထိခိုက်မှု ပိုလာနိုင်ပါတယ်။

အရေးကြီးတဲ့ အချက်

လက်သန့်ဆေးရည်ပြုလုပ်တဲ့နေရာမှာ အဓိကကျတဲ့ အချက်က ပါဝင်ပစ္စည်း တွေကို အချိုးအဆ မှန်ကန်အောင် ထည့်သွင်းဖို့ ပါ။ ပါဝင်ပစ္စည်းတွေ မှန်နေလည်း ကိုယ်ထည့်ချင်သလို မှန်းထည့်လို့မရပါဘူး။ တိတိကျကျ ချိန်တွယ်၊ တွက်ချက် ထည့်သွင်းရတဲ့ အချိန်အဆ တွေ ကွာခြားပါတယ်။

လက်အရေပြားမှာ သုံးရတဲ့ လက်သန့်ဆေးရည် ကို ဒီလောက် လွယ်လွယ်နဲ့ ကိုယ်တိုင် လုပ်သုံးလို့ရတယ် ဆို ဘယ်ကုမ္ပဏီတွေက အကုန်အကျခံ ထုတ်လုပ်တော့မလဲ၊ ဘယ်သူတွေက ကုန်အမှတ်တံဆိပ်တွေ ရွေးဝယ်ပါတော့မလဲ။ ယာယီ သုံးလို့တော့ ရပေမယ့် နေ့စဉ် လက်မှာ အသုံးပြုဖို့ အတွက်တော့ ပြဿနာ ရှိနေနိုင်ပါတယ်။

COVID-19 ကာကွယ်မယ့် လက်သန့်ဆေးရည် မှာ အယ်ကိုဟော ပမာဏ အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်ရမယ် လို့ ကျန်းမာရေးအဖွဲ့တွေက အကြံပြုထားပေမယ့် ဒီ ၆၀ ရာခိုင်နှုန်း ပါတိုင်း အဆင်မပြေနိုင်ပါဘူး။

ဘယ်လို ကိုယ်တိုင် လုပ်ကြသလဲ

ပြုလုပ်နည်း အများစုမှာ အရက်ပြန် (isopropyl alcohol) ရယ်၊ အရေပြားကို အစိုဓာတ် ထိန်းနိုင်ဖို့ ရှားစောင်းဂျယ်လ် နဲ့ အဆီတစ်မျိုးမျိုး တို့ကို ရောစပ်တာပဲ ဖြစ်ပါတယ်။ အကြမ်းပြောရရင် ဒီနည်းတွေမှာ   ရှားစောင်းဂျယ်လ် ပန်းကန်လုံးတစ်လုံးစာကို အရက်ပြန် သုံးပုံနှစ်ပုံရောစပ်တာပါပဲ။ ဂလစ်ဆရင်း သို့မဟုတ် အဆီတစ်မျိုးမျိုးကို နည်းနည်းထည့်တယ်ပေါ့။ အွန်လိုင်းမှာ မျှဝေကြတဲ့ နည်းတစ်ခုနဲ့တစ်ခု အခြေခံပစ္စည်းတွေ တူပေမယ့် အချိုးအစားတွေ ကွာကြတယ်။ ကိုယ်သိထားတဲ့ နည်းအတိုင်း လိုက်လုပ်ရင်တောင်မှ ကာကွယ်မှုကောင်းပြီး ထိခိုက်မှု နည်းတဲ့ လက်သန့်ဆေးရည်ကို ပြုလုပ်နိုင်ဖို့ မလွယ်ပါဘူး။

အစိုဓာတ်ထိန်းပစ္စည်း တွေ နည်းသွားရင် အရက်ပြန်ကြောင့် အသားခြောက်ပြီး၊ အက်ကွဲတာ၊ လောင်တာ၊ ဓာတ်မတည့်တာ၊ နီမြန်းတာ၊ အဖုလေးတွေ ထွက်တာ စတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်တယ်။ အရက်ပြန် နည်းသွားရင် လိုအပ်တဲ့ ကာကွယ်နိုင်စွမ်း အထိ မရနိုင်ဘဲ ထူးမခြားနား ဖြစ်သွားနိုင်ပါတယ်။

ဒါဆို ဘာလုပ်ရမလဲ

လက်သန့်ဆေးရည် မှ ဝယ်လို့မရတာ၊ ဒါတွေ မလုပ်လို့ ဘယ်လိုလုပ်ရမလဲ မစိုးရိမ်ပါနဲ့။ ရေနဲ့ ဆပ်ပြာ သုံးပြီး လက်ဆေးတာ အကောင်းဆုံး နည်းပါ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။

လက်သန့်ဆေးရည်ဆိုတာ ရေ နဲ့ လက်ဆေးဖို့ မလွယ်ကူတဲ့နေရာ၊ အခြေအနေ မှာ ရောက်နေသူတွေ အတွက် ရေမလိုဘဲ အရေးပေါ်သုံးဖို့၊ ဆောင်ထားဖို့ ထုတ်လုပ်ထားတာပါ။ မလိုအပ်ဘဲ အမြဲ မသုံးဖို့ သတိပေးချင်ပါတယ်။

တကယ်တမ်း ရောဂါပိုး ကာကွယ်ချင်တယ်ဆိုရင် –

  • လက်ဆေးပါ။ လက်ချောင်းကြား၊ လက်ဖဝါး၊ လက်ဖမိုး တွေကို သေချာ သန့်စင်အောင် ဆေးပါ။
  • တကယ်လို့ လက်သန့်ဆေးရည်ဝယ်မရရင် ကိုယ်တိုင် လုပ်တဲ့ ဆေးရည်ကို တစ်ခါတလေ လိုအပ်မှ သုံးပါ။
  • မျက်နှာကို လက်နဲ့ ထိကိုင်တာ ရှောင်ပါ။
  • ချောင်းဆိုး၊ နှာချေရင် တံတောင်ဆစ် နဲ့ အုပ်ကွယ်ပါ။
  • လူများတဲ့ နေရာ ရှောင်ပါ။

အိမ်မှာ နေရင်း အကြောက်လွန်ပြီး ဆပ်ပြာ နဲ့လည်းဆေး၊ လက်သန့်ဆေးရည် လည်း ခဏခဏ သုံးမယ် ဆိုရင်တော့ လက်အရေပြား ထိခိုက်မှာ သေချာတဲ့အပြင် ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါ ပျက်စီးရာက ကိုယ်ခံအားပါ နည်းလာနိုင်ပါတယ်နော်။ လက်သန့်ဆေးရည်ကို သူ့နေရာနဲ့သူ အသုံးချနိုင်စေဖို့ အကြံပြုလိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement