home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နှလုံးကြွက်သားပုပ်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ

နှလုံးကြွက်သားပုပ်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ

နှလုံးကြွက်သားပုပ်ခြင်းဆိုတာဟာ နှလုံးသွေးကြောထဲမှာ သွေးပြတ်သွားခြင်းကြောင့် ကြွက်သားများ ပုပ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းမြောင်းခြင်း၊ သွေးကြောပိတ်ခြင်းကြောင့် သွေးပြတ်တောက်ရခြင်း ဖြစ်ပါတယ်။ နှလုံးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပါတဲ့ သွေးတွေပို့ဆောင်ပေးနေသလိုပဲ သူကိုယ်တိုင်အတွက်လည်း သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားအတွက်လိုအပ်တဲ့ သွေးတွေကို နှလုံးသွေးကြောမကြီးသုံးချောင်းကနေ ပို့ဆောင်ပေးပါတယ်။ အဆိုပါ သွေးကြောတွေ ပိတ်ဆို့ကျဉ်းမြောင်းတဲ့အခါ သွေးပြတ်တောက်ပြီး နှလုံးကြွက်သားကို ထိခိုက်စေပါတယ်။

အခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ နှလုံးသွေးကြောကို ပိတ်ဆို့ကျဉ်းမြောင်းစေတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

မကောင်းသော ကိုလက်စထရော

LDL လို့ခေါ်တဲ့ ကိုလက်စရောဟာ လူကို ဘေးဥပဒ်ဖြစ်စေပါတယ်။ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ကိုလက်စထရောကို အစားအသောက်ကနေ ရနိုင်သလို ကိုယ်ခန္ဓာတွင်းမှာလည်း သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ LDL ကိုလက်စထရောဟာ သွေးကြောနံရံတွေမှာ ကပ်ငြိသွားပြီး နံရံတွေကို ထူထဲလာစေပါတယ်။ အဲဒီအခါ သွေးကြောထဲ သွေးစီးဆင်းမှု မကောင်းတော့ဘဲ သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးလုံလောက်စွာ မပို့ဆောင်နိုင်ခြင်း ဖြစ်တတ်ပါတယ်။ နှလုံးသွေးကြောတွေကို ကျဉ်းမြောင်းစေခဲ့ရင် နှလုံးကြွက်သားများဟာ သွေးရရှိမှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ပြည့်ဝဆီ

ပြည့်ဝဆီဟာ နှလုံးသွေးကြောနံရံတွေထဲမှာ အနည်ဖတ်တွေ ကပ်ငြိလာစေပါတယ်။ ပြည့်ဝဆီကို အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။ အမဲသား၊ ထောပတ်၊ ဒိန်ခဲ စတာတွေမှာ ဖြစ်ပါတယ်။ ပြည့်ဝဆီများဟာ သွေးထဲမှာ မကောင်းတဲ့ LDL ကိုလက်စထရောကို မြင့်တက်စေပြီး ကောင်းမွန်တဲ့ HDL ကိုလက်စထရောကို နည်းပါးစေပါတယ်။ ဒါကြောင့် နှလုံးသွေးကြောတွေကို ထူထဲကျဉ်းမြောင်းလာစေပါတယ်။

ပုံပြောင်းဆီ

သွေးကြောတွေကို ပိတ်ဆို့စေတဲ့ အဆီဓာတ် နောက်တမျိုးကတော့ ပုံပြောင်းဆီ ဖြစ်ပါတယ်။ သူ့ကို သဘာဝအတိုင်းမဟုတ်ဘဲ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပါဝင်ပါတယ်။ အစားအသောက်များ ရွေးချယ်ဝယ်ယူရာမှာ ပုံပြောင်းဆီပါမပါ အညွှန်းစာမှာ ဖတ်ရှုသင့်ပါတယ်။

သွေးတိုးခြင်း

သွေးတိုးရောဂါရှိရင် နှလုံးထိခိုက်ြခ်ငး (heart attack) ဖြစ်နိုင်ခြေ များပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပုံမှန်သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး အသက်အရွယ်အလိုက် ကွာခြားမှုရှိပါတယ်။ သွေးပေါင်ချိန်တက်လာရင်တော့ နှလုံးရောဂါများ ဖြစ်နိုင်ခြေများလာပြီး သွေးကြောတွေကိုလည်း ပျက်စီးစေတတ်ပါတယ်။ သွးကြောနံရံတွေကို ထူထဲစေတာမို့ နှလုံးသွေးကြောပိတ်ဆို့နိုင်ခြေ မြင့်လာပါတယ်။

Triglyceride ပမာဏများခြင်း

Triglyceride ဆိုတာဟာလည်း အဆီဓာတ်တမျိုးဖြစ်ပြီး နှလုံးသွေးကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။ အစားအစာများကနေ ရရှိနိုင်ပြီး ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အထူးသဖြင့် အဆီဆဲလ်တွေထဲမှာ ဖြစ်ပါတယ်။

ဆီးချို

သွေးတွင်းသကြားဓာတ်မြင့်တက်တတ်တဲ့ ဆီးချိုရောဂါဟာ သွေးကြောတွေကို ပျက်စီးစေပါတယ်။ နှလု့းသွေးကြောရောဂါများ ဖြစ်စေနိုင်ပြီး နှလုံးထိခိုက်ခြင်း (heart attack) ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။

အဝလွန်ခြင်း

သင့်အနေနဲ့ ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင် နှလုံးထိခိုက်နိုင်ခြေ မြင့်မားပါတယ်။ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကတော့

– ဆီးချိုတက်ခြင်း

– သွေးတိုးခြင်း

– ကိုလက်စထရောများခြင်း

– triglyceride များခြင်း စတာတွေ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေကို မာကြောစေပါတယ်။ သွေးပေါင်ချိန်ကိုလည်း တက်လာစေတတ်ပါတယ်။ ဒါကြောင့် နှလုံးသွေးအရောက်နည်းခြင်း အပါအဝင် တခြားပြဿနာတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

အသက်အရွယ်

နှလုံးသွေးအရောက်နည်းပြီး ထိခိုက်နိုင်ခြေဟာ အသက်အရွယ်နဲ့အတူ မြင့်မားလာတတ်ပါတယ်။ အမျိုးသားများအနေနဲ့ အသက် ၄၅ နှစ်ကျော်လာရင် နှလုံးထိခိုက်နိုင်ခြေများလာပြီး အမျိုးသမီးများကတော့ ၅၅ နှစ်ကျော်ရင် ထိခိုက်လာနိုင်ပါတယ်။

မိသားစုရာဇဝင်

အကယ်၍ သင့် မိသားစုထဲမှာ နှလုံးရောဂါဖြစ်ဖူးသူရှိရင် သင့်အနေနဲ့လည်း ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။

တခြားဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေကတော့ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ကိုကင်း အင်ဖက်တမင်း စသော မူးယစ်ဆေးများ သုံးစွဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အဆိုပါ အချက်အလက်များကို သိရှိထားခြင်းအားဖြင့် နှလုံးသွေးကြောပိတ်ဆို့ပြီး နှလုံးကြွက်သားပုပ်ခြင်း (သို့မဟုတ်) နှလုံးထိခိုက်ခြင်း အခြေအနေဖြစ်နိုင်ခြေ လျော့အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။