ထိန်းချုပ်လို့ရတဲ့ ဆီးချိုရှေ့ပြေးအခြေအနေ (Prediabetes)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Prediabetes ဆိုတာ ဆီးချိုရောဂါဖြစ်ချင်ချင် အနေအထားကို ဆိုလိုတာပါ။ ပြောရရင် ကိုယ့်သွေးတွင်းသကြားဓာတ်ကပုံမှန်ထက်တော့များနေပြီ၊ ဒါပေမဲ့ ဆီးချိုရောဂါတော့မဖြစ်သေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဆီးချို ရောဂါလည်းမဟုတ်သေးလို့ ဘာလက္ခဏာမှလည်းပြမှာမဟုတ်ပေမဲ့ သွေးစစ်ရင်တော့သိနိုင်ပါတယ်။ ဆီးချိုရှေ့ ပြေးအခြေအနေဖြစ်နေရင် ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြုပြင်ပြီး ဆီးချိုရောဂါ ဖြစ်မလာအောင် ထိန်းချုပ်ကုသနိုင်တာကြောင့် ဘယ်လိုတွေပြုမူဆောင်ရွက်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

ဝိတ်လျှော့ပါ

အသားကုန် နင်းကန်ဝိတ်ချစရာမလိုပါဘူး။ အချိန်တိုအတွင်း ကိုယ်အလေးချိန် အများကြီးချပစ်တာ ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ လက်ရှိကိုယ်အလေးချိန်ရဲ့ ၇% လောက်ပဲလျော့သွားအောင်လုပ်နိုင်ရင် အတော် သိသာလာမှာပါ။ ဝိတ်ချမယ်ဆို လေ့ကျင့်ခန်းချည်းပဲပြေးမလုပ်ပါနဲ့။ အစားအသောက်လည်း ဆင်ဆင်ခြင်ခြင် စားဖို့လိုတယ်နော်။ တော်ကြာ ကျန်းမာတဲ့ဝက်ကြီးဖြစ်လာရင် ပိုမခက်ပေဘူးလား။

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ဖို့အကောင်းဆုံးပုံစံကတော့ ဆီးချိုသမားတွေကို စားသောက်ဖို့ ညွှန်ကြားတဲ့ plate model အတိုင်းစားဖို့ပဲဖြစ်ပါတယ်။ အရင်ဆုံး မျက်စိထဲမှာ ပန်းကန်တစ်ချပ်မြင်ယောင် လိုက်ပါ။ ပန်းကန်ရဲ့တစ်ဝက်ကို ကစီဓာတ်မပါတဲ့ဟင်းသီးဟင်းရွက်တွေထည့်လိုက်ပါ (ကညွှတ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ စတာတွေပေါ့)။ ပန်းကန်ရဲ့ကျန်တဲ့တစ်ပိုင်းမှာ တစ်ဝက်ကို ကစီဓာတ်ပါတဲ့အစားအသောက်တွေ ဖြစ်တဲ့ အာလူး၊ ပြောင်းဖူး စတာတွေထည့်စားပြီး နောက်ဆုံးကျန်တဲ့အပိုင်းမှာ ပရိုတင်း(အသားဓာတ်) ပြည့်ဝတဲ့ အစားအသောက်တွေထည့်စားပေးပါ။ ငါး၊ ကြက်သားနဲ့ ပဲအမျိုးမျိုးစားသုံးပေးရင် ပရိုတင်းဓာတ်ကောင်းကောင်း ရရှိမှာပါ။

လေ့ကျင့်ခန်းလုပ်ပေးဖို့မမေ့ပါနဲ့

ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တာဖြစ်လို့ တစ်နေ့ကို မိနစ် ၃၀ လောက်ခပ်သွက်သွက်လေး ပြေးပေးရင် လုံလောက်ပါတယ်။ ကိုယ်တစ်ယောက်တည်း လုပ်ရမှာပျင်းရင် မိသားစုတစ်ယောက်ယောက် ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကိုဖြစ်ဖြစ် ကိုယ်နဲ့အတူလိုက်လုပ်ဖို့ နှိုးဆော်ပါ။တစ်ယောက်တည်းအားကစားလုပ်တာထက် အများနဲ့လုပ်ရင် ပိုပြီးထိရောက်တယ်လို့လည်း ဆိုကြတယ်မဟုတ်လား။ တကယ်လို့ လမ်းလျှောက်တာတစ်ခုတည်းက သိပ်မထိရောက်ဘူးထင်ရင် ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေလည်း ချိုကြားလုပ်ပေးလို့ရပါ တယ်။ ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်လည်း ပိုလှပလာတော့ ပိုကောင်းတာပေါ့။

အိပ်ရေး၀၀အိပ်ပါ

အိပ်ချိန်လုံလုံလောက်လောက်ရရင် သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့အထောက်အကူဖြစ်ပါတယ်။ ညဖက် နောက်ကျမှအိပ်ပျော်ရင်၊ မနက်အစောကြီးနိုးနေရင် ဒါမှမဟုတ် ညကို ၅ နာရီမပြည့်အောင်မအိပ်ခဲ့ရင် အချိန်ကြာလေ ဆီးချိုဖြစ်ဖို့များလေပါပဲ။ ညဖက်ကို ၇နာရီ၊ ၈ နာရီ အိပ်ပျော်ရင်တော့ အကောင်းဆုံးပေါ့။ လွယ်လွယ်ကူကူအိပ်ပျော်နိုင်အောင် အိပ်ခါနီး အရက်၊ လက်ဖက်ရည်၊ ကော်ဖီတွေ မသောက်ဖို့ အကြံပြုပါရစေ။

ဆေးလိပ်မသောက်ပါနဲ့

လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေဟာ မသောက်တဲ့သူတွေထက် ဆီးချိုရောဂါပိုဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိ ပိုများတယ်လို့ ဆိုကြပါတယ်။ ဆီးချိုလည်းရှိတယ်၊ ဆေးလိပ်လည်း သောက်တတ်တယ်ဆိုရင်တော့ အချိန်တိုတိုအတွင်း ရောဂါပိုဆိုးလာမှာ သေချာပါတယ်။

ဆေးမှန်မှန်သောက်ပါ

တကယ်လို့ ကိုယ့်မှာ သွေးတွင်းသကြားဓာတ်များပြီး သွေးတိုးလည်းရှိမယ်ဆို ဒီအခြေအနေတွေအတွက် ဆေးတွေသောက်နေရနိုင်ပါတယ်။ ဆီးချိုရှေ့ပြေးအခြေအနေခံစားနေရသူအများစုမှာ သွေးတိုးရောဂါလည်း တွေ့ရတတ်ပါတယ်။ အဓိကပြောချင်တာက ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးမှန်မှန်သောက်ဖို့ပါ။ ကိုယ်ကောင်းမယ်ထင်တဲ့ဆေးတွေနဲ့ ဆေးမြီးတိုတွေ မသုံးစွဲဖို့ သတိပေးချင်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ မတ် 24, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 24, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။