backup og meta

နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ


Dr. Thant Zin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ

    နှလုံးသွေးလွှတ်ကြောရောဂါ (CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေဆီ သွေးများ သယ်ယူပို့ဆောင်ပေးတဲ့ နှလုံးသွေးလွှတ်ကြောတွေ ကျဉ်းမြောင်းပြီး သွေးရောက်ရှိမှု လျော့နည်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

    မကောင်းတဲ့ ကိုလက်စထရော (LDL) မြင့်တက်လာရင် နှလုံးသွေးလွှတ်ကြောရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

    ဘယ်အရာတွေက နှလုံးသွေးလွှတ်ကြောရောဂါကို ဖြစ်စေသလဲ

    စေးပျစ်တဲ့ ကိုလက်စထရောနဲ့ တခြားပစ္စည်းတွေ သွေးကြောထဲမှာ စုပုံလာရင် နှလုံးသွေးလွှတ်ကြောရောဂါ စတင်လာပြီ ဖြစ်ပါတယ်။ သွေးကြောနံရံမှာ အဖတ်များကပ်လာတာကြောင့် နံရံများကို မာကျစ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးစီးဆင်းမှုလျော့နည်းသွားပါတယ်။

    ရောဂါဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေကတော့

    – မိသားစုနှလုံးရောဂါရာဇဝင်ရှိခြင်း

    – ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း

    – ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ သကြား၊ ဆား လွန်ကဲသော အစားအစာများ စားသုံးနေခြင်း

    – LDL ကိုလက်စထရောမြင့်မားပြီး HDL ကိုလက်စထရော နည်းပါးခြင်း

    – ဆေးလိပ်သောက်ခြင်း

    – လှုပ်ရှားမှုနည်းပါးခြင်း

    – သွေးပေါင်ချိန်မထိန်းနိုင်ခြင်း

    – ဆီးချိုရောဂါရှိခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘာသတိပြုသင့်သလဲ

    နှလုံးရဲ့ကြွက်သားတွေဟာ သွေးကို ပုံမှန်ရရှိနေဖို့ လိုအပ်ပါတယ်။ သွေးရောက်တာနည်းလွန်းရင် နှလုံးအောင့်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်း ဖြစ်လာနိုင်ပါတယ်။ နှလုံးသွေးလွှတ်ကြော တစ်ချောင်း (ဒါမှမဟုတ်) တစ်ချောင်းထက် ပိုပြီးပိတ်ခဲ့ရင် နှလုံးထိခိုက်ခြင်း (Heart attack) ဖြစ်လာနိုင်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးကို လုံလောက်စွာ မရခဲ့ရင် ပုပ်ဆွေးခြင်းဖြစ်ပြီး အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။

    နှလုံးသွေးလွှတ်ကြောရောဂါကို ဘယ်လိုကာကွယ်မလဲ

    နှလုံးသွေးလွှတ်ကြောရောဂါကို ကာကွယ်ဖို့အတွက် နေထိုင်မှုပုံစံ စားသောက်မှုပုံစံတွေ သတိပြု နေထိုင်ရပါမယ်။ အောက်ပါအချက်တွေ ဖြစ်ပါတယ်။

    ၁။ ကျန်းမာရေးနှင့်ညီညွတ်အောင် စားပါ

    အစားအစာတချို့ဟာ နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်စေသလို တချို့ကတော့ နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးပါတယ်။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ မပြုမပြင်ရသေးတဲ့ အစေ့အဆန်များ၊ သားငါး ပရိုတိန်းများ၊ အခွံမာသီးများ၊ သံလွင်ဆီ စတာတွေဟာ နှလုံးကို အထောက်အကူ ပြုပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အသားများ၊ အချိုကဲသော ဆားများသော အစားအစာများ၊ အဆီဓာတ်များသော နို့ထွက်ပစ္စည်းများကို ရှောင်ပေးရပါမယ်။

    ၂။ လှုပ်ရှားတက်ကြွပါ

    အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးကြွက်သားကို သန်မာစေနိုင်ပါတယ်။ အဆီဓာတ်ကို နည်းသွားစေပြီး သွေးတိုးကျစေပါတယ်။ HDL ကိုလက်စထရောကို မြင့်တက်စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချရင် LDL ကိုလက်စထရောကိုပါ လျော့ကျစေပါတယ်။ အင်အားမသုံးရတဲ့ လေ့ကျင့်ခန်းတွေကို တပတ်မှာ ၁၅၀ မိနစ်၊ အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို တပတ်မှာ ၇၅ မိနစ် စသဖြင့် ပြုလုပ်ပေးသင့်ပါတယ်။

    ၃။ ကိုယ်အလေးချိန်လျှော့ချပါ

    ကိုယ်အလေးချိန်များရင် နှလုံးနဲ့ သွေးကြောတွေဟာ ပိုမိုအလုပ်လုပ်ရပါတယ်။ ကိုယ်အလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်းလောက်ကို လျှော့ချနိုင်ခြင်းဟာ သွေးတိုးခြင်းနဲ့ LDL ကိုလက်စထရောကို ကျစေပါတယ်။ ဒါကြောင့် နှလုံးသွေးလွှတ်ကြောရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။

    ၄။ ဆေးလိပ်မသောက်ပါနဲ့

    ဆေးလိပ်ကနေ ထွက်လာတဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး နှလုံးကို ထိခိုက်နိုင်စေပါတယ်။ ဆေးလိပ်ဖြတ်နိုင်ရင်တော့ နှလုံးထိခိုက်နိုင်ခြေကို လျော့ကျစေပါတယ်။

    ၅။ သွေးပေါင်ချိန်ထိန်းပါ

    သွေးပေါင်ချိန်တက်နေရင် နှလုံးနဲ့ သွေးကြောနံရံတွေကို ဖိအားပိုသက်ရောက်စေပါတယ်။ အချိန်ကြာလာရင် သွေးလွှတ်ကြောတွေကို ပျက်စီးလာစေပါတယ်။ ပုံမှန်သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၁၀-၁၂၀ ခန့်၊ အောက်သွေး ၇၀-၈၀ ခန့် ရှိပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအလိုက် ကွားခြားမှု ရှိနိုင်ပါတယ်။ ပုံမှန်ထက်များနေရင် ဆရာဝန်နဲ့ပြသပြီး သွေးပေါင်ချိန် ထိန်းနိုင်အောင် ကြိုးစားပါ။

    ၆။ အရက်လျှော့သောက်ပါ

    ဝိုင်နီတခွက်ကို ညစဉ်သောက်သုံးပေးခြင်းဟာ ကိုလက်စထရောကို ကျစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အရက်ကို လွန်ကဲစွာသောက်ရင် သွေးပေါင်ချိန်မြင့်တက်စေခြင်း၊ အဝလွန်ခြင်း၊ နှလုံးပျက်စီးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    ၇။ ဆီးချိုထိန်းပါ

    သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်ဘဲ လွန်ကဲနေခြင်းဟာ သွေးလွှတ်ကြောတွေကို ပျက်စီးစေပါတယ်။ နှလုံးရောဂါနဲ့ပါ တွဲဖြစ်ရင် အသက်အန္တရာယ် ပိုမိုနီးစပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ၈။ စိတ်ဖိစီးမှု လျှော့ချပါ။

    စိတ်ဖိစီးမှုဆိုတာ ဒီနေ့ကမ္ဘာမှာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုကို ထိန်းချုဖို့ မကြိုးစားရင် သွေးပေါင်ချိန်မြင့်တက်ပြီး သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျအောင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement