နှလုံးကြွက်သား ပုပ်ခြင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းကဘာလဲ။ ။
နှလုံးကြွက်သား ပုပ်တာဟာ လုံလောက်တဲ့ အာဟာရဓါတ်တွေ၊ အောက်ဆီဂျင်တွေကို နှလုံးက မရတော့လို့ဖြစ်တာပါ။ ဘာကြောင့် မရတော့တာလဲဆိုရင် အောက်ဆီဂျင် သယ်လာတဲ့ သွေးကြောတွေက တစ်နေရာမှာ ကျဉ်းနေတာ၊ သွေးကြောပိတ်နေတာ ဆိုရင် လိုအပ်တဲ့နေရာကို အချိန်မီ မရောက်နိုင်တာ (ဒါမှမဟုတ်) လုံးဝကို မရောက်နိုင်တော့တာ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခါ နှလုံးကြွက်သားတွေ ပုပ်သွားပါတော့တယ်။
ဘယ်လိုလူတွေမှာ ပို အဖြစ်များသလဲ။ ။
သွေးတွင်း အဆီဓါတ် (ကိုလက်စထရော) တွေများတဲ့သူတွေ၊ သွေးတိုးသမား၊ ဆီးချိုသမားတွေ၊ အဝလွန်တဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ အရင်တည်းက နှလုံးအောင့်တတ်တဲ့သူတွေနဲ့ နှလုံးရောဂါမျိုးရိုးရှိသူတွေ၊ အထိုင်များတဲ့သူတွေ၊ စိတ်ဖိစီးမှု များတဲ့ သူတွေက အခြားသူတွေထက်စာရင် နှလုံးရောဂါ ပိုဖြစ်နိုင်ပါတယ်။
နှလုံးကြွက်သားပုပ်ရင် ဘယ်လိုလက္ခဏာတွေပြနိုင်လဲ။
- ရင်ဘတ်အောင့်တာကတော့ အဖြစ်ဆုံးလက္ခဏာတစ်ခုပါ။ အောင့်တာမှ မခံမရပ်နိုင်အောင်အောင့်ပြီး ချွေးစီးတွေထွက်လာတဲ့ အထိကို အောင့်ပါတယ်။ အောင့်တဲ့ အချိန်ကလည်း တစ်နာရီကြာတဲ့ အထိကိုအောင့်ပြီး တော်တော်နဲ့ မသက်သာပါဘူး။
- ရင်ဘတ်မှာ အောင့်နေတဲ့ အနာဟာ မေးရိုး၊ ကျောကုန်းနဲ့ လည်ပင်းဆီကိုလည်းရောက်သွားတတ်ပါတယ်။
- အသက်ရှူရတာလည်း ကြပ်လာပြီး လူကအရမ်းမောပန်းနေပါတယ်။
- နှလုံးမကောင်းတော့ စိတ်လည်းမကြည်တော့ဘဲ မူးဝေနေတတ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့ ဘာတွေ ဆက်ဖြစ်နိုင်သေးလဲ။ ။
- နှလုံး အမောဖောက်တာ၊
- နှလုံးခုန်မြန်လာပြီး စည်းချက်မမှန် ခုန်ချင်သလိုခုန်တော့တာ၊
- နောက်ဆုံး နှလုံးရပ်ပြီး အသက်သေဆုံးတဲ့ အထိကို ဆိုးဆိုးဝါးဝါးဖြစ်နိုင်ပါတယ်။
နှလုံးကြွက်သားပုပ်တာကို သိနိုင်ဖို့ အတွက် ဘယ်လို စမ်းသပ်စစ်ဆေးမှုတွေ လုပ်နိုင်သလဲ။ ။
- သွေးစစ်ခြင်း။ ။ နှလုံးထိခိုက်ရင်ထွက်လာတဲ့ Troponin-T ပရိုတင်းတက်မတက်ကို သွေးစစ်ခြင်းနဲ့ သိနိုင်တယ်။
- သွေးတွင်း အဆီဓါတ် ( ကိုလက်စရော) ပမာဏ များမများ သွေးစစ်ကြည့်နိုင်တယ်။
- ECG ဆွဲပြီး နှလုံးခုန်မြန်တာတွေ၊ နှလုံးကြွက်သားပုပ်တာတွေ ရှိ၊ မရှိသိနိုင်တယ်။
- Exercise ECG ဆွဲပြီး နှလုံးသွေးကြော ဘယ်အတိုင်းအတာထိပိတ်နေလဲဆိုတာရယ်၊ ဘယ်လောက် အမောခံနိုင်လဲဆိုတာရယ်ကို သိနိုင်တယ်။
- Echocardiogram လို့ခေါ်တဲ့ နှလုံးပုံရိပ်ဖမ်းစက်ကနေ နှလုံးကြွက်သားပုပ်လို့ ကျုံ့ သွားတဲ့နေရာလေးကို ပုံရိပ်ဖမ်းနိုင်ပြီး ပုပ်သွားတဲ့နေရာ အရွယ်အစားဘယ်လောက်ကြီးလဲ သိနိုင်တယ်။
- Angiogram လို့ခေါ်တဲ့ ဆေးရည်တစ်မျိုးကို သွေးကြောထဲထိုးသွင်းပြီး နှလုံးသွေးကြောကျဉ်းတာ နှလုံးသွေးကြောပိတ်တာ ဘယ်နေရာမှာလဲ အရွယ်အစားဘယ်လောက်ကြီးလဲ သိနိုင်တယ်။
နှလုံးကြွက်သား ပုပ်သွားလို့ နှလုံးအောင့်နေရင် ဘယ်လိုကုသလို့ရသလဲ။ ။
ပြောပြခဲ့တဲ့ လက္ခဏာတွေလည်း ရှိနေတယ်၊ စစ်ဆေးကြည့်တော့ လည်းရောဂါ ရှိနေတာ သေချာပြီဆိုရင် ဝေဒနာသက်သာအောင် ကုသရပါတော့မယ်။ ခနနေကျ ပျောက်မှာလားမသိဘူးဆိုပြီး အိမ်မှာပဲမှိန်းနေလို့မရပါဘူး။ နှလုံးအောင့်တာဖြစ်ပြီးတာနဲ့ မိနစ်နဲ့ အမျှ နှလုံးကြွက်သားတွေပုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးအောင့်နေပြီဆိုတာနဲ့ ဖြစ်ဖြစ်ချင်းဆေးရုံကို ပြေးတာကသာ အကောင်းဆုံးပါ။ နှလုံးအောင့်တာကလည်း နှလုံးသွေးကြောပိတ်တာ၊ ကျဉ်းတာကြောင့် ဖြစ်တဲ့အတွက် မြန်မြန်ကုသမှုခံယူလေ သွေးကြောပိတ်နေတာ ပြန်ပွင့်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်လေ မို့လို့ပါ။