ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ! ဒီလိုပြောရတာက မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်ကြောင့်ပါ။ ဒီလေ့လာမှုအတွင်း အရွယ်ရောက်ပြီးသူ ၁၆၀၀ ကို အုပ်စု ၂ စုခွဲပြီး လေ့လာခဲ့တာပါ။
တစ်အုပ်စုမှာ သွေးတိုးရောဂါ နဲ့ အမျိုးအစား -၂ ဆီးချိုရှိသူတွေ ပါဝင်ပြီး အခြား အုပ်စု တစ်စုမှာတော့ နှလုံးရောဂါ ရှိသူတွေ နဲ့ လေဖြတ်ဖူးသူတွေ ပါဝင်နေပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေရဲ့ အိပ်စက်ချိန်တွေနဲ့ ကျန်းမာရေးအခြေအနေကို ဆယ်စုနှစ် ၃ ခုကြာ လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ၂၀၁၆မှာတော့ ဒီလေ့လာမှုမှာ ပါဝင်ခဲ့သူတွေထဲက ၅၁၂ယောက် ဆုံးပါးခဲ့ပါတယ်။ ၃ပုံ ၁ပုံက နှလုံးရောဂါ ဒါမှမဟုတ် လေဖြတ်တာကြောင့် ဖြစ်ပြီး ၄ပုံ ၁ပုံကတော့ ကင်ဆာရောဂါကြောင့်ပဲ ဖြစ်ပါတယ်။
လေ့လာမှုမှာ ဦးဆောင်သူ ပါမောက္ခ Julio Fernandez-Mendozaက အိပ်ချိန်နည်းရင် ဒီရောဂါတွေ ဖြစ်နိုင်တယ်ဆိုတော့ အိပ်ချိန်များအောင် ဆေးကုသမှု ခံယူလိုက်ရင် ဒီရောဂါဖြစ်နိုင်ခြေတွေ နည်းသွားမလားဆိုတာကတော့ ဆက်လက်လေ့လာရဦးမယ်လို့ ဆိုပါတယ်။
အိပ်ချိန်မပြည့်ဝခြင်းနဲ့ ကင်ဆာရောဂါ
နောက်ထပ် တွေ့ရှိခဲ့တာ တစ်ခုကတော့ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းတဲ့ သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း ပိုများနေတာပါ။ အိပ်ချိန် ၆ နာရီ ပြည့်တယ်ဆိုရင်တောင် ပြည့်ပြည့်ဝဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာမျိုး ဖြစ်ဖို့ လိုပါမယ်။
တချို့လေ့လာချက်တွေမှာ ညဘက်တွေမှာ အိပ်ချိန်နည်းတာက အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ အခြားသော ကင်ဆာရောဂါတွေ ခံစားရနိုင်ခြေကို တိုးစေတယ်လို့ ဆိုပါတယ်။ ဘယ်လိုဆက်စပ်နေသလဲဆိုတာ အတိအကျ မပြောနိုင်ကြပေမယ့် နောက်ပိုင်း လေ့လာချက်တော်တော်များများမှာ အိပ်ချိန်နဲ့ ကင်ဆာအကြားက ဆက်နွယ်မှုတွေကို ပိုတွေ့လာရပါပြီ။
အိပ်ရေးပျက်တာ များတာ၊ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာတွေက အဝလွန်တာ၊ ဆီးချို နဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို ဖန်တီးနိုင်စွမ်း ကျစေပြီး အာရုံစူးစိုက်မှု ထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။
အိပ်ချိန် ပြည့်ဝတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို နာတာရှည်ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဒါကြောင့် ကျန်းမာပြီး ရောဂါကင်းစေဖို့အတွက် ညဘက် အိပ်ချိန်ကို ၆ နာရီ ထက်မနည်းစေဖို့ ဂရုစိုက်ပြီး ပြည့်ဝတဲ့ အိပ်စက်မှုဖြစ်စေဖို့လည်း ဂရုပြုကြဖို့ အကြံပြုပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။