backup og meta

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက် ဆိုလို့ ဘာများ သောက်ရမလဲဆိုပြီး စဉ်းစားနေပြီလား! ဆေးသောက်ရမှာ မဟုတ်တဲ့ နည်းလမ်းလေးကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ညဘက်ဆိုရင် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာတောင် တော်ရုံနဲ့ အိပ်မပျော်သွားတတ်ဘူးလား၊ ဘာအကြောင်းမှ ခေါင်းထဲမှာ တွေးနေတာမျိုးမရှိဘဲနဲ့တောင် စိတ်ကို ငြိမ်အောင်ထားလို့မရဘူးလား၊ အိပ်ဆေးသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးပူနေလား။

ဒီလိုမျိုး အိပ်မပျော်တဲ့ညတွေ များလာပြီဆိုရင် အနှေးနဲ့ အမြန်ကျန်းမာရေးထိခိုက်လာမှာကို သတိထားသင့်တယ်နော်။ ဒါကြောင့် ခုဆောင်းပါးမှာ ညဘက်တွေ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက် ဆိုတာကတော့ သီချင်းစာသားမပါဘဲ စိတ်ကိုလုံးဝအေးချမ်းသွားစေပြီး အာရုံတွေကို လွင့်ပြယ်သွားစေလောက်မယ့် တီးလုံးတွေကို နားဆင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုသီချင်းတွေကို နားဆင်သင့်တာလဲ။

တေးဂီတဆိုတာ ကျွန်တော်တို့ လူ့စိတ်အာရုံကို ရသမျိုးစုံ ပြောင်းလဲပေးနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်ပါတယ်။ ကိုယ်နားထောင်လိုက်တဲ့ သီချင်းပေါ်မူတည်ပြီး အကောင်းအတိုင်း ဖြစ်နေတဲ့ စိတ်က ဝမ်းနည်းသွားတာမျိုး၊ တွေဝေသွားတာမျိုး၊ စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုလည်း စိတ်အားပြန်တက်လာတာမျိုး၊ အဲ့လိုမျိုး စိတ်ခံစားချက်အပြောင်းအလဲများစွာကို လျင်မြန်စွာ ဖြစ်စေတဲ့ ပဲ့ကိုင်ရှင်ဆိုလည်း မမှားပါဘူး။

ခုပြောပြတဲ့ တီးလုံးတွေဟာ သဘာဝ လေတိုက်သံ၊ ရေစီးသံ၊ ရေစက်တဖျောက်ဖျောက် ကျတဲ့အသံ၊ လေတိုးတိုးလေး ချွန်လိုက်တဲ့အသံ၊ စန္ဒရားသံ၊ ပုလွေသံ အစရှိသဖြင့် တီးလုံးချည်းသက်သက်ကို ထည့်သွင်းထားတာဖြစ်ပြီး နားထောင်တဲ့သူအတွက်လည်း စိတ်တည်ငြိမ်စေကာ ညစ်နေတဲ့စိတ်တွေ၊ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကြွက်သားညောင်းညာကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ အဓိကကတော့ ဦးနှောက်အာရုံကြောစနစ်ကို တေးဂီတက သက်ရောက်မှုဖြစ်စေပြီး နားထောင်နေတဲ့လူကို လျင်မြန်စွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးပါတယ်။

အနည်းဆုံးတော့ ညတိုင်းအိပ်ဆေးသောက်ပြီး အိပ်နေရတဲ့အခါ ကြုံလာနိုင်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ၊ အိပ်ရေးပျက်တာများလေ ကိုယ်ခံအားနည်းလေ၊ ရောဂါတွေ ပိုဖြစ်လေ စတဲ့အဖြစ်တွေနဲ့ဝေးသွားနိုင်သလို အန္တရာယ်အကင်းဆုံးနဲ့ ကိုယ့်စိတ်ကို တည်ငြိမ်အေးချမ်းစေပြီးကောင်းစွာ အိပ်စက်အနားယူနိုင်စေဖို့ ထိရောက်စွာ ကူညီပေးနိုင်တဲ့နည်းလမ်းဆိုလည်း မမှားပါဘူး။

ဘာတွေ ပြင်ဆင်ဖို့လိုအပ်လဲ။

၁။ အရင်ဆုံး ကိုယ်အိပ်နေတဲ့ အိပ်ခန်းသည် မှောင်နေပြီး အသံလုံကာ တိတ်ဆိတ်နေဖို့ လိုပါတယ်။

၂။ မအိပ်ခင် ၂နာရီလောက်အလိုမှာ အစားကို နောက်ဆုံးစားထားပါ။ အိပ်ချိန်နဲ့ ဝေးဝေးမှာ စားလေ ပိုကောင်းလေပါပဲ။

၃။ ရေကိုလည်း အများကြီးမသောက်ပါနဲ့။ အာစွတ်ရုံလောက်ပဲ သောက်ပေးပါ။

၄။ မအိပ်ခင်မှာ စာအုပ်ဖတ်တာလောက်ပဲ လုပ်ပါ။ ရုပ်ရှင်မကြည့်ပါနဲ့။ ဖုန်းမသုံးပါနဲ့။ အလုပ်တွေကိုလည်း ခေတ္တခဏ နားထားပါ။

၅။ အိပ်တော့မယ့်အချိန်မှာ မီးတွေအားလုံးပိတ်ပြီး အခန်းကို အေးမြနေအောင် အဲကွန်းဖွင့်ထားပေးပါ။

၆။ တေးဂီတကို စတင်ဖွင့်ပြီး မျက်လုံးကို မှိတ်ထားလိုက်ပါ။ နားကျပ်နဲ့ အသံတိုးတိုးဖွင့်ပြီး နားထောင်လို့လည်း အဆင်ပြေသလို ခပ်ဝေးဝေးမှာ စပီကာနဲ့ အသံကျယ်ကျယ်ဖွင့်ထားလို့လည်း ရပါတယ်။

၇။ အစပိုင်းမှာ တေးဂီတသံအပေါ်မှာ အာရုံစူးစိုက်ပြီး သူ့ရဲ့ တီးချက်တွေအတိုင်း စိတ်ကို လွှတ်ချထားလိုက်ပါ။

၈။ သီချင်းသံနဲ့ အသားကျသွားတဲ့အခါမှာ စိတ်က လက်ရှိဖြစ်နေတဲ့အခြေအနေပေါ် သိပ်ပြီး အာရုံစူးစိုက်မိတော့မှာ မဟုတ်ဘဲ အတွေးတွေက သူ့ဘာသာပျံ့လွင့်သွားပါလိမ့်မယ်။

၉။ စိတ်က တည်ငြိမ်ပြီး အေးချမ်းနေတဲ့အခါ နှလုံးခုန်သံရော အသက်ရှူသံပါ နှေးသွားမယ်။

၁၀။ ကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေက သူ့အလိုလိုပြေလျော့သွားပြီး အိပ်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။

ဒီလိုတေးသီချင်းတွေကို Youtube မှာ အလွယ်တကူရှာပြီး ဒေါင်းလို့ရတာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းကို စမ်းလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.sleepfoundation.org/articles/can-music-help-you-calm-down-and-sleep-better(August 23, 2019)

ယခုပုံစံ

04/10/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ အိပ်ရေးမဝသလို ခံစားနေရတာလဲ

အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement