backup og meta

Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်

    အင်တာနက် ပြတ်တောက်နေတဲ့အခါ ဒါမှမဟုတ် အင်တာနက်လိုင်း နှေးကွေးနေတဲ့အခါမျိုးမှာ ဘာကြောင့်များ စိတ်တွေတို၊ စိတ်ဆိုးဒေါသတွေ ထွက်နေမိတာပါလဲ။ ဒီလိုမျိုး တွေ့ကြုံခံစားရတာကို Internet rage လို့ ခေါ်ကြပါတယ်။

    သာမန်စိတ်အနှောင့်အယှက်ဖြစ်မှု ဒါမှမဟုတ် စိတ်တိုစိတ်ရှုပ်တဲ့ ခံစားချက်တစ်ခုလို့ ထင်မြင်ရပေမယ့် အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် ဟာ အင်တာနက်စွဲလမ်းမှုရဲ့ လက္ခဏာတစ်ရပ်ပါ။ သင့်အနေနဲ့ နည်းပညာကို ပုံမှန်ထက်ပိုပြီး စွဲလန်းနေတာမို့ ခုလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

    သင့်ရဲ့ Wifi အင်တာနက်လိုင်း နှေးကွေးနေတာမျိုး၊ မိုဘိုင်းဒေတာ ပြတ်တောက်နေတာမျိုး၊ အင်တာနက်က အဝိုင်းလည်နေတာမျိုးတွေ ကြုံဆုံရချိန်တိုင်းမှာ နေမထိထိုင်မသာ ခံစားရပြီး အကြောင်းအရာ မယ်မယ်ရရမရှိပဲ စိတ်ဆိုး ဒေါသထွက်နေမိတာမျိုးပေါ့။

    ဒီအခြေအနေကို Daily technological annoyances လို့လည်း တချို့က ခေါ်ဆိုကြပါသေးတယ်။ လေ့လာချက်တွေအရ အင်တာနက်စွဲလန်းနေသူတွေဟာ 350-microsecond ထက်ပိုမိုနှေးကွေးတဲ့ အင်တာနက်အမြန်နှုန်းမျိုးနဲ့ ကြုံဆုံရတာနဲ့ အလိုအလျောက် စိတ်တိုဒေါသထွက်လာနိုင်ပါတယ်တဲ့။

    Internet rage ဆိုသည်မှာ

    ဒီကနေ့ခေတ် လူသားတွေဟာ အသက်အရွယ်အလိုက် နည်းပညာခေတ်အမျိုးမျိုးကို ဖြတ်သန်းကြီးပြင်းလာကြသူတွေပါ။ အင်တာနက်မရှိတဲ့ခေတ်၊ Dial up အင်တာနက်ခေတ်၊ Broadband ခေတ်နဲ့ ခုလို အမြန်နှုန်းမြင့် 4G 5G အင်တာနက် ခေတ်တွေအထိပါပဲ။

    အင်တာနက်ဆိုတာ ဘာမှန်းမသိတဲ့ခေတ်ကနေ အင်တာနက်မရှိရင် မဖြစ်တော့တဲ့ခေတ်အထိ ကြာမြင့်ချိန်က နှစ် ၃၀ ဝန်းကျင်သာ ကြာခဲ့တာကိုး။ ဒါကြောင့်လဲ ဒီကနေ့ခေတ်မှာ အသက်အရွယ်မျိုးစုံအလိုက် အင်တာနက်နဲ့ ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို အမျိုးမျိုးအဖုံဖုံကြုံဆုံနေကြရတာပါ။

    Internet rage ဟာလည်း ဒီလို ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ အင်တာနက်စွဲလမ်းလွန်ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် စနစ်တကျ လေ့လာမှုတွေအရ အင်တာနက်ကြောင့် စိတ်ဆိုးဒေါသဖြစ်ရတဲ့ မူရင်းအကြောင်းတရားဟာ အင်တာနက်မဟုတ်ပဲ ကာယကံရှင်ရဲ့ နဂိုစိတ်အခြေအနေမှာ စိတ်ဖိစီးမှုဝေဒနာ ကြိုတင်ရှိနှင့်နေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

    အကြောင်းကတော့ အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် လက္ခဏာရှိတဲ့သူတွေဟာ တခြားအခြေအနေတွေမှာလည်း ခုလိုမျိုး စိတ်ဆိုးဒေါသထွက်တဲ့ ခံစားချက်ဖြစ်ပေါ်တတ်တာကြောင့်ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ၎င်းတို့ကို သူတို့အလိုရှိတဲ့အရာတွေအစား အခြားအရာတစ်ခုခုကို အစားထိုးပေးမယ်ဆိုရင် အင်တာနက် ပြတ်တောက်တာကြောင့် စိတ်ဆိုးဒေါသထွက်တဲ့ ခံစားချက်မျိုး ဖြစ်ပေါ်မှာဖြစ်ပါတယ်။

    အင်တာနက် စွဲလန်းမှုကို ကျော်ဖြတ်ပါ

    အင်တာနက် စွဲလန်းမှုဟာ စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါေကြောင့် ကိုယ့်အနေနဲ့ အင်တာနက်လိုင်းတွေ မကောင်းတာ၊ ပြတ်တောက်တာတွေကြုံတိုင်း စိတ်တို ဒေါသထွက်နေမိပြီဆိုရင် မိမိကိုယ်ကို သတိထားပြီး ထိမ်းချုပ်ဖို့ လိုအပ်ပါတယ်။

    စိတ်ဖိစီးမှုဟာ စိတ်ခံစားချက်ကို လွန်ကဲစေပြီး ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုတောင်မှ စိတ်ဆိုးဒေါသထွက်စေ၊ အားငယ်စိတ်ပျက်စေ၊ ဝမ်းနည်းစေတဲ့အထိ တွန်းအားပေးတတ်တာကြောင့်ပါပဲ။

    Internet rage ကို ထိမ်းချုပ်နိုင်စေမယ့် နည်းလမ်းကောင်းတစ်ခုကတော့ Digital Detox လုပ်တာပါ။ ဒစ်ဂျစ်တယ်ထုတ်ကုန်နဲ့ နည်းပညာတွေကို ကန့်သတ်အသုံးပြုတဲ့ Digital Detox နည်းလမ်းဟာ စိတ်ကျန်းမာရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အင်တာနက်စွဲလမ်းမှုကို လျှော့ချနိုင်ပါတယ်။

  • နည်းပညာထုတ်ကုန်တွေကို နေ့စဉ် အချိန်သတ်မှတ်ပြီး သုံးစွဲပါ။
  • တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် Digital Detox လုပ်ပေးပါ။
  • ဝါသနာပါရာ အလုပ်တွေနဲ့ တခြား အိမ်မှုကိစ္စတွေကို လုပ်ဆောင်ပြီး နည်းပညာအပေါ် အာရုံလွန်ကဲနေတာကို လျှော့ချပါ။
  • တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • ကိုယ်လက် လန်းဆန်းကြံ့ခိုင်စေမယ့် အားကစားလေ့ကျင့်ခန်းမျိုး နေ့စဉ်ပြုလုပ်ပါ။
  • မိသားစု၊ အပေါင်းအသင်းမိတ်ဆွေတွေကို အချိန်ပိုပေးပြီး ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနေထိုင်ပါ။
  • အထက်ပါနည်းလမ်းတွေက အင်တာနက်ကြောင့် စိတ်ဆိုးတတ်တဲ့ အကျင့်ကို လျှော့ချပေးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement