backup og meta

ခေါင်းတွေပူပြီး အိုင်ဒီယာအသစ်တွေ ထွက်မလာတော့ဘူးလား

ခေါင်းတွေပူပြီး အိုင်ဒီယာအသစ်တွေ ထွက်မလာတော့ဘူးလား

ဖြစ်တတ်ပါတယ်။ ဦးနှောက်စားရတာ များလာတဲ့အခါ လူက မနားရဘဲ ခေါင်းတွေ ထူပူလာတယ်၊ အိုင်ဒီယာအသစ်တွေ ထွက်လာဖို့ အတော်ကြိုးစားရုန်းကန်ရတဲ့ အခိုက်အတန့်မျိုး။

Creativity တွေ ကျနေပြီလား

အသစ်အဆန်းတွေ မတွေးမိတော့ဘူး၊ အတွေးသစ်တွေ မနည်းညှစ်ထုတ်နေရတဲ့အချိန်မှာ အရင်ကထက် ပိုပင်ပန်းရပါတယ်။ ဒီလို Creativity တွေ ကျဆင်းနေပြီဆိုရင် အချိန်မီ အမြန်ကုစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့ လုပ်နိုင်စွမ်း (productivity) တွေပါ ထိုးကျသွားပါလိမ့်မယ်။

ဖိစီးမှုတွေ လက်ထဲကနေ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ဖို့ဆို –

(၁) အတွေးတွေကို ဆန်းစစ်ပါ

ပထမဆုံး ကိုယ့်ခေါင်းထဲ ပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့ အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။

စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေတွေးမယ့်အစား ဖြေရှင်းဖို့ကို အရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။

(၂) တက်တက်ကြွကြွ လန်းဆန်းအောင် နေပါ

လူက အရင် ကြည်လင်လန်းဆန်းနေမှ စိတ်ကလည်း အတူပြောင်းလဲလာမှာပါ။ နည်းနည်းပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ပိုရချင်ရင် ခန္ဓာကိုယ်မှာ အကောင်းဘက်ကို အရင်ပြောင်းလဲလိုက်ပါ။ နေပုံထိုင်ပုံ၊ သွားပုံလာပုံကအစ အမူအကျင့်နဲ့ အလေ့အထတွေမှာ ပြုပြင်ပြောင်းလဲပြီးကျင့်ယူပါ။ ကိုယ်နေဟန်ထား ပုံစံကျအောင်နေမယ်၊ မကြာခဏပြုံးရယ်တတ်အောင်နေမယ်၊ တက်ကြွလှုပ်ရှားအောင်နေမယ်ဆိုရင် လုံလောက်ပါပြီ။

(၃) အဆင်မပြေမှုတွေကို ဟာသလုပ်ပစ်ပါ

အဆင်မပြေမှုတွေ ကြုံလာခဲ့ရင်တောင် ဟာသလုပ်ပစ်နိုင်ပါစေ။ ပျော်ပျော်နေတတ်သူအဖို့ ဘယ်ပြဿနာကိုမဆို ရှောင်ပုန်းစရာမလိုဘဲ အကောင်းဆုံးနည်းနဲ့ ကျော်လွှားနိုင်ပါတယ်။ အခုဖြစ်လာတဲ့ အခြေအနေက နောက်ပိုင်းကောင်းဖို့အတွက် ဖြစ်လာနိုင်တယ်လို့ တွေးပြီး ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေ၊ စိတ်ညစ်စရာတွေကို ရယ်စရာလုပ်ပစ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ လျော့စေပြီး နည်းလမ်းမှန်ကို မြင်လာနိုင်တယ်၊ အတွေးကောင်းတွေ ပေါ်လာနိုင်တယ်လေ။

(၄) အခိုက်အတန့်ကောင်းလေးတွေကို တန်ဖိုးထားပါ

ကျွန်မတို့တွေက ပျော်စရာကောင်းခဲ့တဲ့ အခိုက်အတန့်လေးတွေကို သေချာအသိအမှတ် မပြုပေးဘဲ‌ ကျော်လွန်ခဲ့မိကြတာ များပါတယ်။ ကိုယ့်သူငယ်ချင်းက surprise လက်ဆောင်လေးပေးတာ၊ ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပျော်ရွှင်ခဲ့ရတာ၊ ကိုယ်စိတ်ညစ်နေချိန်မှာ ရယ်စရာလေးပြောပြီး အားပေးခဲ့သူ တွေကြောင့် စိတ်ဓာတ်မကျခဲ့တာ စတဲ့ အခိုက်အတန့်လေးတွေကို အသိအမှတ်ပြု၊ မှတ်သားထားသင့်ပါတယ်။

ကိုယ့်မှာ အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေ ဖြစ်လာတဲ့အခါ ဒီလိုပျော်စရာတွေကို ပြန်တွေးလိုက်ပါ။ အမှတ်တရကောင်းတွေသာ သိမ်းဆည်းထားပါ။ အချိန်မရွေး စိတ်ချမ်းသာရပါလိမ့်မယ်။

(၅) ကျေးဇူးတင်တတ်ပါစေ

ကျေးဇူးတင်တတ်တဲ့ အမူအကျင့်လေးကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းစေတယ်၊ အခက်အခဲ ဖြစ်နေချိန်မှာတောင် ‌ဖြေသာတယ်၊ အကောင်းမြင်တတ်စေတယ်။ ကိုယ့်အတွက် သက်သာရာရစေတဲ့၊ ပျော်ရွှင်မှု ဖြစ်စေခဲ့တဲ့အရာ သို့မဟုတ် လူပုဂ္ဂိုလ်တွေ၊ အချိန်အခါ တွေကို ပြန်တွေးပါ။ အသေးအဖွဲလေးပဲ ဖြစ်ပါစေ ကျေးဇူးတင်စိတ်လေး ဖြစ်လာတာနဲ့ အဆိုးမြင်စိတ် ဖြစ်လာနိုင်ခြေကို တားဆီးနိုင်ပါတယ်။

(၆) ကိုယ့်ရဲ့ အားသာချက်ကို ရှာဖွေပါ

ဘယ်ဘက်မှာ ကိုယ်က ဖန်တီးနိုင်စွမ်း ပိုကောင်းလဲမသိသေးဘူး၊ ဘယ်အလုပ်မှာအားသန်သလဲ သတိမထားမိသေးဘူးဆိုရင် ရှာဖွေပါ။ လက်မှုပညာလား၊ နည်းပညာမှာလား၊ အရေးအသားပိုင်းလား၊ ပန်းချီလား။ ကိုယ့်ဝါသနာနဲ့ အားသန်ရာကို အချိန်ပေးပါ။ အတွေးတွေ များနေမယ့်အစား ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ထပ်ပြီး အရောင်တင်လိုက်ပါ။

(၇) အကောင်းမြင်တတ်တဲ့သူတွေ အနားမှာ နေပါ

လူဆိုတာက ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကို လွန်ဆန်ဖို့ ခက်ပါတယ်။ ကိုယ့်အနားကလူတွေက အဆိုးမြင်တတ်၊ ပူလောင်တတ်တဲ့ စိတ်တွေပိုင်ဆိုင်ထားရင် ကိုယ့်ကိုလည်းတစ်ချိန်ချိန်ကူးစက် လာမှာမလွဲပါဘူး။ ဒါ့ကြောင့် အကောင်းမြင်တတ်၊ စိတ်ပေါ့ပါးတတ်တဲ့သူတွေနားမှာနေပါ။

တိုးတက်မှုအတွက် ရှာဖွေရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်မို့ သိပ်တော်၊ သိပ်တတ်၊ ပြိုင်ဆိုင်တတ်တဲ့သူတွေနဲ့ နေဖို့ချည်း စဉ်းစားမနေပါနဲ့။ စိတ်အေးချမ်းချင်ရင်ပေါ့။

(၈) အဓိပ္ပာယ်ရှိတဲ့ ရည်မှန်းချက်တွေ ချမှတ်ပါ

ဘဝမှာ ဘာဖြစ်ချင်လဲ ဆိုတဲ့ ရည်မှန်းချက် အကြီးတွေထက် ကိုယ့်အတွက် မြန်မြန်ဖြစ်မြောက်လာနိုင်တဲ့ ခပ်သေးသေးအောင်မြင်မှုတွေကို ရည်မှန်းပါ။ ခုနက ကိုယ့်ရည်မှန်းချက်အကြီးအတွက် လှေကားထစ်တွေ ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ တစ်ဆင့်ချင်းစီကို ကျော်လွန်နိုင်ခဲ့တိုင်း အောင်မြင်မှုကို အကြိမ်ကြိမ် ခံစားနိုင်တာမို့ ခြေလှမ်းတိုင်းက အားအင်အပြည့်နဲ့ ပျော်စရာကောင်းနေပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.success.com/7-practical-tips-to-achieve-a-positive-mindset/

https://www.verywellmind.com/think-positive-2794771

https://www.healthline.com/health/how-to-think-positive#side-effects-of-negativity

https://www.wikihow.com/Think-Positively

https://www.psychologytoday.com/us/blog/click-here-happiness/201803/think-positive-11-ways-boost-positive-thinking

ယခုပုံစံ

28/10/2021

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဦးနှောက် လေး အငွေ့ပျံမသွားခင် ဘယ်လို ပြန်ချော့ကြမလဲ

နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်



Yun Sandi Nan Mon မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement