backup og meta

ဦးနှောက် လေး အငွေ့ပျံမသွားခင် ဘယ်လို ပြန်ချော့ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက် လေး အငွေ့ပျံမသွားခင် ဘယ်လို ပြန်ချော့ကြမလဲ

    ခေါင်းတွေ ပူလိုက်တာနော် ၊ လုပ်စရာတွေများပြီး ဖိစီးနေတာ အငွေ့ပျံတော့မတတ်ပဲ လို့ ညည်းရဖူးလား။ တကယ်လည်း စိတ်ဖိစီးစရာ၊ ပူပန်စရာတွေ ၊ အလုပ်တွေ အများကြီးရှိနေပြီဆို ဒီခံစားချက်ကို နားလည်မှာပါ။

    ဒီအချိန်မှာ ဦးနှောက် ကို ထပ်ပြီး အတင်း ဖိအား မပေးမိဖို့ လိုပါတယ်။ သူလည်း နားချိန် လိုအပ်တယ်လေ။ ဒါ့ကြောင့် အခုပြောပြမယ့် အချက်လေးတွေ သတိထားပေးနော် …

    အိပ်မပျော် ရင် အတင်း မအိပ်ပါနဲ့

    ညတိုင်း အချိန်မှန်အိပ်သင့်တယ် ဆိုပေမယ့် ကိုယ့်ဦးနှောက်က ပြေးနေတာ အရှိန်မကုန်သေးဘဲ အိပ်ဖို့အသင့်မဖြစ်သေးတဲ့ အချိန်တွေ ရှိတယ်။ ဒီလိုဖြစ်လာရင် အတင်းကြီး လှိမ့်အိပ်မနေပါနဲ့။ အိပ်မပျော်တဲ့ အတွေးပေါင်းသောင်းခြောက်ထောင်က ဖိစီးလာလိမ့်မယ်။

    အဲ့တော့ သင့်ခန္ဓာကိုယ် ကို ပင်ပန်းလာ ၊ ပျင်းရိလာစေတဲ့အထိ မပင်ပန်းတဲ့ အလုပ် တစ်ခု ထလုပ်ပါ။

    ဥပမာ ပျင်းစရာကောင်းတဲ့ စာအုပ်(ကိုယ်နှစ်သက်လေ့မရှိတဲ့အမျိုးအစား) ဖတ်တာမျိုး၊ ရေနွေးနဲ့ ရေထချိုးတာ မျိုး၊ ကိုယ်တခြမ်း မှီပြီး သီချင်းအေးအေးလေး နားထောင်နေတာမျိုး။ အိပ်ရာထဲလှိမ့်ရင်း မျက်စိကြောင်နေတာထက် အပြင်မှာ ခဏအချိန်ဖြုန်းပြီး အိပ်ငိုက်လာတာနဲ့ ချက်ချင်းဝင်အိပ်ပါ။

    အတွေးစတွေ အရင်ရှင်းပါ

    အလုပ်ကိစ္စ သို့မဟုတ် ငွေရေးကြေးရေးကိစ္စ တို့လို စိတ်ဖိစီးစေနိုင်တဲ့ အကြောင်းအရာတွေကြောင့် အတွေးတွေများနေတတ်ပါတယ်။ အိပ်ချိန်နီးတဲ့အခါ ဒီအတွေးတွေကို ဖျောက်သင့်တယ်၊ စိတ်လှုပ်ရှားရတဲ့ ရုပ်ရှင်တွေလည်း ပိတ်ပါ၊ အွန်လိုင်းလည်း မတက်ပါနဲ့။ ဒါတွေအသုံးပြုချိန်ကို အနည်းဆုံး တစ်နာရီတော့ အိပ်ချိန်နဲ့ ခွာထားပါ။

    လုပ်ရမယ့် အရာတွေ စာရင်း ရေးချထားပါ

    မပြီးသေးတဲ့ အလုပ်တွေက ခေါင်းထဲ ကျန်နေမှာဆိုတော့ ဦးနှောက် က အနားယူမှာ မဟုတ်ပါဘူး။ အိပ်ရာမဝင်ခင် ကိုယ်ခေါင်းထဲရှိသလောက် အလုပ်ကြွေးတွေကို ချရေးထားပါ။ ခေါင်းထဲ ရှိသမျှကို စာရွက်ထဲ အကုန်သာ လွှတ်ပေတော့။ ပြီးရင် အားလုံးမေ့လိုက်ပြီး ခေါင်းအေးအေးနဲ့ အိပ်စက်ပါ။

    အကြောလျှော့ပါ

    တစ်ကိုယ်လုံးကို ဖြေလျှော့ချပြီး သက်တောင့်သက်သာ နေလိုက်တာက စိတ်ဖိစီးတာကိုပါ သက်သာစေနိုင်ပါတယ်။ ကြမ်းပြင်မှာ လှဲချပြီးခြေပစ်လက်ပစ် အိပ်ပါ။ အသက်ကို ရှိုက်ပြီး ရှူသွင်း၊ ရှူထုတ်ပါ။ တစ်ကိုယ်လုံး တစ်ပိုင်းချင်း တင်းထားပြီးမှ ပြန်ဖြေလျှော့ပါ။ ဥပမာခြေချောင်းတွေကို တင်းထား၊ ပြန်လျှော့၊ ဖနောင့်ကြော၊ ပြီးရင် ပေါင်၊ ဗိုက် စသည်ဖြင့်ပေါ့။ နဖူးကြောကို နောက်ဆုံးမှ လျှော့ပါ။ အကြောပြေလျော့သွားမှ စိတ်ချလက်ချအိပ်ပါ။

    အသက်ကို ဖြည်းဖြည်းရှူပါ

    ဝင်လေထွက်လေမှတ်တဲ့ သဘောပါပဲ။ လူကိုဖြေလျော့ပြီး အတွေးတွေကို နှေးစေဖို့ပါ။ ပက်လက်အိပ်နေတဲ့အခါ လက်ကို ရင်ဘတ်မှာထားပြီး နှလုံးခုန်သံကို ခံစားကြည့်ပါ။ အသက်တစ်ခါရှူရင် ၄ စက္ကန့်လောက်ကြာအောင် ရှိုက်ရှူပြီး ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။

    အိပ်ရာမှာ ဘာဒစ်ဂျစ်တယ်မှ မသုံးနဲ့

    ဖုန်း၊ တက်ဘလက်တို့လို ဒစ်ဂျစ်တယ်ပစ္စည်းတွေက အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့ဆီက ထွက်တဲ့ အပြာရောင်အလင်းကြောင့် ခန္ဓာကိုယ်မှာ အိပ်ချင်စိတ်ကို ထိန်းချုပ်တဲ့ melatonin ဟော်မုန်းထွက်ရှိမှုကို ရပ်တန့်စေပါတယ်။

    ပြီးတော့ ဦးနှောက်ကို အနားမယူဖို့ လှုံ့ဆော်ပေးပါတယ်။ အိပ်ရာထဲ ဖုန်းပွတ်တတ်တဲ့သူတွေ ညဉ့်နက်ကြတာ လည်း မဆန်းပါဘူး။ အိပ်မပျော်လို့ အွန်လိုင်းတက်တာ ဆိုတဲ့ ဆင်ခြေနဲ့ပဲ အိပ်ရေးပျက်နေကြမှာပဲ။

    ပူပန်မှုတွေ အတွက် အချိန်ခွဲပေးလိုက်ပါ

    အတွေးတွေ ထဲမှာ နစ်နေပြီး ပူပင်မှုတွေ ကနေ ရုန်းမထွက်နိုင်မယ့်တူတူ ကိုယ့်ပူပင်စရာ ၊ ဖိစီးစရာ ၊ လုပ်စရာတွေကို အဖြေရှာဖို့ အချိန်တစ်ခုသတ်မှတ်ပါ။ တိတ်တိတ်ဆိတ်ဆိတ်လေး ထိုင်တွေးနေဖို့၊ ဆုံးဖြတ်ချက်ချနိုင်ဖို့ အချိန် ခဏလောက် ပေးလိုက်ပါ။ ဒါတွေ တွေးပြီးရင် စိတ်ထဲ နည်းနည်းတော့ ပေါ့သွားပြီး အိပ်ပျော်လာပါလိမ့်မယ်။

    အိပ်ခါနီး ယောဂ ကစားပါ

    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် ယောဂကစားကွက်လေးတွေ ဆို နည်းလမ်း နှစ်မျိုး ရှိတယ်နော်။ တစ်မျိုးက ကြမ်းပြင်ပေါ် ဒူးတုပ် ထိုင်ပါ၊ ခြေမလေးတွေထောက်ထားမှာပေါ့။

    ပြီးရင် ဒူးနှစ်ဖက်ကို နည်းနည်းလေး ခွဲလိုက်ပါ၊ လက်နှစ်ဘက်ကို အပေါ် ဆန့်တန်းပြီး ဖြည်းဖြည်းချင်း ရှေ့ကို မှောက်ချပါ။ ရင်ဘတ်က ပေါင်နဲ့ထိမယ်၊ နဖူးက ကြမ်းပြင်နဲ့ထိမယ်၊ ဖြည်းဖြည်းနော်။

    ဒူးနာတတ်တယ် ဆိုရင် ဒုတိယနည်းက ပက်လက်အိပ်ပါ၊ ခြေကားယား လက်ကားယား အိပ်ပစ်လိုက်ပါ။ ဘေးဘက်ကို အကြောပြေသလောက် ဖြန့်ကားအိပ်ပါ။

    အသက်ကို အားရပါးရ ရှူပြီး ၃/၄/၅ မိနစ်လောက် ဒီအတိုင်းနေပါ။ အကြောတွေပြေပြီး အိပ်လို့ကောင်းမှာ သေချာပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement