လူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် (Nervous system) ဟာ တူညီတဲ့ လှုံ့ဆော်မှု (stimulus) ကို ကြိမ်ဖန်များစွာရရင် လှုံ့ဆော်မှုကို မတုန့်ပြန်တော့ပါဘူး။ အလွယ်ပြောရရင်တော့ အကျွမ်းတဝင်ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ပျင်းရိလာတဲ့သဘောမျိုးပါ။
စိုးရိမ်လွန်ခြင်း (anxiety) လိုမျိုး စိတ်ရောဂါတွေမှာ ဒီအချက်ကို အခြေခံတဲ့ exposure therapy (ထိတွေ့ရင်ဆိုင်စေခြင်းကုထုံး) ကို အသုံးပြုပါတယ်။
အစိုးရိမ်လွန်တယ်ဆိုတာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို လိုအပ်တာထက် လှုံ့ဆော်နေလို့်ပါ။ ဒီလိုမျိုး လွန်ကဲတဲ့ လှုံ့ဆော်မှုမရှိရင် အစိုးရိမ်လွန်စိတ်ဆိုတာလည်းဖြစ်မှာမဟုတ်ပါဘူး။ ခက်တာကလူတွေက ဒီလိုအစိုးရိမ်လွန်ခြင်းကို ဖြစ်စေတဲ့ အခြေအနေတွေကို တည့်တည့်ရင်ဆိုင်မယ့်အစား ရှောင်ပြေးနေကြတာပါပဲ။ ဥပမာ ပြောရရင် အမြင့်ကိုကြောက်တတ်တဲ့သူက ဒီကြောက်စိတ်ကို ရင်ဆိုင်မယ့်အစား အမြင့်နေရာတွေကို မသွားတော့ဘူး။ ဒီလို ရှောင်ပြေးတာဟာ အပေါ်မှာပြောထားတဲ့ အကျင့်ဖြစ်ခြင်း၊ ကျင့်သားရစေခြင်း(Habituation) ဖြစ်တော့မှာမဟုတ်ဘူး။ ဒီစိုးရိမ်စိတ်၊ ကြောက်စိတ်ဟာ ပိုဆိုးလာဖို့ဘဲရှိပါတယ်။ အမြင့်ကို ကြောက်တဲ့သူဟာ ပထမတော့ ပြုတ်ကျရင်သေစေနိုင်တဲ့ အမြင့်နေရာတွေကိုပဲကြောက်တယ်၊ တောင်ပေါ်မတက်ရဲတာ၊ အထပ်မြင့်တွေမှာဆို ဝရန်တာပေါ်ကမကြည့်ရဲတာ၊ အဲဒီလိုမျိုးကနေတဆင့် ဘယ်လိုအမြင့်နေရာမျိုးကိုမှ ရင်မဆိုင်နိုင်တော့တာအထိ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးတွေမှာ စိုးရိမ်စိတ်ကို အံတုပြီးရင်ဆိုင်လိုက်မယ်ဆိုရင် အကြိမ်ရေများလာရင် ဦးနှောက်က အဲဒီကြောက်စိတ်ကို တုန့်ပြန်မှုအားလျော့လာမှာဖြစ်တယ်။
စိတ်ရောဂါရဲ့ ကုထုံးသဘာဝကိုက လူနာရဲ့ စိတ်ကဘဲ ဖြစ်သင့်တယ်၊ တခြားဆေးတွေ၊ ကုထုံးတွေဟာ ရောဂါပိုမဆိုးနိုင်အောင်ပဲ ကူညီပေးလို့ရတယ်။
ရုပ်ရှင်ထဲက ဝတ်မှုံလိုမျိုး သူ့ကြောက်နေတဲ့ စိတ်ဒဏ်ရာ အဖြစ်အပျက်ကို မရင်ဆိုင်ဘဲ တစ်ဘဝလုံး ရှောင်ပြေးလာခဲ့တယ်၊ ရှောင်ပြေးပြီး ကျန်တဲ့ဆေးတွေ၊ တခြားလူတွေကို မှီခိုပြီ နေလာတော့ ရောဂါက အရှင်းမပျောက်ဘူး၊ နောက်ဆုံး ကြောက်စိတ်ကို အပြီးအပိုင် ရင်ဆိုင်လိုက်မှပဲ တကယ်ကောင်းသွားတယ်။
ဒါဆို ဝတ်မှုံလို လူတိုင်းဘာလို့ မလုပ်နိုင်ကြတာလဲ။
ကြောက်စိတ်ကို ရင်ဆိုင်တယ်ဆိုတာ ခက်တယ်၊ ရင်ဆိုင်ရမှာကိုလည်း ကြောက်စရာကြီးဆိုပြီးမြင်တယ်။ ဦးနှောက်ကလည်း ကြောက်စရာကောင်းတဲ့အရာဆို မလုပ်နဲ့ဆိုပြီး အချက်ပြတယ်။ ဒါပေမဲ့ ကြောက်စရာကောင်းတယ်ဆိုတိုင်း မကောင်းတဲ့အရာတွေမှမဟုတ်တာ။ ရိုလာကိုစတာစီးတာတို့၊ သရဲအိမ်ဝင်တာတို့လိုမျိုး ကြောက်စရာကောင်းတာမျိုးတွေကို ပျော်စရာကောင်းတဲ့ ကစားနည်းတွေအနေနဲ့ လူတွေလုပ်နေကြတာပဲ။ ရိုလာကိုစတာစီးဖို့ဆိုရင်လည်း အမြင့်ကြောက်စိတ်၊ အမြင့်ပေါ်ကနေ ရုတ်တရက် ပြုတ်ကျသွားရင်ဖြစ်မယ့် ကြောက်လန့်စိတ်တွေကို ကျော်လွှားပြီးစီးရတာပဲ။ စီးတဲ့အကြိမ်ရေများလာရင် ရင်လည်းတုန်တော့မှာမဟုတ်သလို ကြောက်လည်းကြောက်တော့မှာမဟုတ်ဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။