အရင်လိုမျိုး အချိန်တွေ ဘယ်တော့များမှ ပြန်ရပါ့မလဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြော စားသောက်ကြရတာတွေ၊ အလုပ်တွေလုပ်ရတာ၊ သင်တန်းတွေ ကျောင်းတွေတက်ရတာ၊ ခရီးတွေ သွားရတာလိုမျိုး ပေါ့ပါးလွတ်လပ်မှုတွေကို ဘယ်တော့မှများ ပြန်ရပါ့မလဲဆိုတဲ့ အတွေးတွေက အခုလို ကာလမှာ လူတိုင်း လိုလိုရဲ့ ခေါင်းထဲမှာ တွေးမိနေမယ့် အရာပါ။
ဘဝရဲ့ အဆင်မပြေမှုတွေကြောင့် စိတ်ညစ်နေရသူတွေ၊ ကူရာကယ်ရာမဲ့တဲ့ ခံစားချက်တွေနဲ့အတူ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားရပြီလို့ ခံစားနေရသူတွေကလည်း အများသားပါ။ ဒီလို ဆုံးရှုံးမှုတွေနဲ့အတူ စိတ်ထဲမှာ ခံစားလာရတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ Apathyလို့ ခေါ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်ဝင်စားနိုင်စွမ်း၊ လုပ်ဆောင်လိုစိတ်တွေ ကင်းမဲ့လာတာပါ။
ဒီတစ်ခေါက်တော့ လူတော်တော်များများမှာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ရပ် Apathyအကြောင်းလေး ပြောပြပေးချင်ပါတယ်။
Apathy ဆိုတာ
Apathyဆိုတာ နေ့စဉ် လုပ်ဆောင်နေကျ လုပ်ငန်းစဉ်တွေအပေါ်မှာ စိတ်ဝင်စားမှု မရှိတာကို ဆိုလိုတာပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံဖို့လည်း စိတ်မပါတဲ့ အခြေအနေမျိုးပါ။ ဒီလို ဖြစ်နေတာက လုပ်ငန်းခွင်မှာ လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေနိုင်သလို ဆက်ဆံရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဘဝ ပျော်ရွှင်မှုကိုပါ ပျောက်ဆုံးစေတာပါ။
နားလည်လွယ်အောင် ပြောပြရရင် နေ့စဉ်ဘဝမှာ အကောင်းဆုံး နေထိုင်မယ်ဆိုတဲ့ စိတ်အားထက်သန်မှု (motivation) ပျောက်ဆုံးနေတာပါ။ လူတိုင်းလိုလိုက ဘဝမှာ ဒီအခြေအနေမှာ တစ်ကြိမ်လောက်တော့ မလွဲမသွေ ကြုံရနိုင်ပါတယ်။ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေပြီး နေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ စိတ်ဝင်စားမှုတွေ မရှိတော့တာပါ။ ဒါက apathyရဲ့ ပုံမှန် အခြေအနေ တစ်ရပ်ပါ။
Apathyက အာရုံကြော နဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ လက္ခဏာ တစ်ရပ်ပါ။ ရောဂါလက္ခဏာ တစ်ရပ်လို့ ဆိုလို့ရပါတယ်။ နာတာရှည် ရောဂါ တစ်ရပ်ရပ်ကို ခံစားနေရမယ်ဆိုရင် ပိုပြီးပြင်းထန်နိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်လည်း ပိုဆိုးလာနိုင်ပါတယ်။
Apathy ဖြစ်စေတဲ့ အကြောင်းအရင်း
Apathy ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
- Alzheimer’s ရောဂါ
- စိုးရိမ်ပူပန်မှု
- စိတ်ဓာတ်ကျတာ
- Fronto-temporal dementia
- ပါကင်ဆန် ရောဂါ
- Schizophrenia စိတ်ကစဉ့်ကလျားရောဂါ
- လေဖြတ်တာ
- နာတာရှည် အပျော့စား စိတ်ကျရောဂါ ခံစားနေရတာတွေပါ။
Apathyအမျိုးအစားများ
Apathy စိတ်ကျန်းမာရေး အခြေအနေမှာ အခုလို အမျိုးအစားတွေ ကွာခြားပါသေးတယ်။
Emotional apathy – အပြုသဘောဆောင်တဲ့ ခံစားမှုရော အပျက်သဘောဆောင်တဲ့ ခံစားမှုပါ မရှိတာ
Behavioral apathy – ကိုယ့်ကိုယ်ကို ကျေနပ်မှုတွေ ပျောက်ဆုံးနေတာ
General apathy- စိတ်အားထက်သန်မှု မရှိတာ၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု အားနည်းလာတာ၊ လူမှုဆက်ဆံရေး နည်းပါးလာတာ
Compassion fatigue – စိတ် တအားပင်ပန်းပြီး အခြားသူတွေအပေါ် သည်းခံနိုင်စွမ်း နည်းသွားတာတွေဆိုပြီး အမျိုးအစားတွေ ကွာခြားနိုင်ပါတယ်။
လက္ခဏာများ
Apathyရဲ့ လက္ခဏာတွေအနေနဲ့
- နေ့စဉ် လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ ခက်နေမယ်
- မတူညီဘဲ ကွာခြားမှုတွေ ရှိနေတယ်လို့ ခံစားရမယ်
- ခံစားမှုတွေ ကင်းမဲ့နေမယ်
- နေ့စဉ် လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့အတွက် စိတ်ဝင်စားမှု မရှိဖြစ်နေမယ်
- လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်မှု ကင်းမဲ့နေမယ်
- ကိုယ်ထဲမှာ အားမရှိသလို ခံစားရမယ်
- လုပ်ငန်းဆောင်တာတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စိတ်ဝင်စားမှု မရှိဖြစ်နေမယ်
- ကောင်းတဲ့ ကိစ္စမှာရော မကောင်းတဲ့ ကိစ္စတွေမှာပါ ပါဝင်ဆောင်ရွက်ဖို့အတွက် စိတ်မပါဘဲ ဖြစ်နေမယ်။
အခုပြောခဲ့တဲ့ လက္ခဏာတွေက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနိုင်ပေမယ့် စိတ်ဓာတ်ကျတာက နေ့စဉ် လုပ်ငန်းဆောင်တာတွေရဲ့ အသွားအလာကို နားလည်ပေမယ့် Apathy ခံစားနေရပြီဆိုရင်တော့ လုပ်ဆောင်နေကျ အလုပ်တွေကို လုပ်ဆောင်ဖို့တောင် စိတ်ဝင်စားမှု မရှိတာမျိုး ခံစားရနိုင်ပါတယ်။
[embed-health-tool-bmi]