
ရာသီဥတုဓာတ်၊ တစ်နေကုန် သွားလာလည်ပတ်ထားတဲ့ ဒဏ်တွေကြောင့် ကိုယ်လက်ကိုက်ခဲတာ၊ အဖျားဝင်တာ စတာတွေလည်း ဖြစ်တတ်ပါသေးတယ်။
ပျော်ရွှင်စရာ Campingဖြစ်စေဖို့
သွားတာမှ နေ့ချင်းပြန်၊ တစ်ညအိပ်လောက်ဆိုတော့ တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ အန္တရာယ်ကင်းကင်း လည်ပတ်ဖို့ လိုပါတယ်။ ဒါမှ အမှတ်တရကောင်းလေးတွေ ကျန်ခဲ့မှာပေါ့။ ဒါကြောင့် အပေါ်က ပြဿနာတွေ ကင်းစေဖို့
သောက်နေကြဆေးတွေ၊ ဆောင်ထားနေကြဆေးတွေ အကုန်ပါအောင် ထည့်သွားပါ။ ဒါ့ပြင် ထိခိုက်ဒဏ်ရာအတွက် ပလာစတာ၊ အရက်ပြန်၊ မတော်တဆ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရင် သောက်နိုင်အောင် ဓာတ်ဆားထုပ်၊ ပရိုဘိုင်အိုတစ်၊ ကိုက်တာခဲတာ သက်သာအောင် အကိုက်အခဲပျောက်ဆေး စသဖြင့် စုံလင်အောင် ထည့်ထားပါ။
နေမကောင်းတဲ့ ဒဏ်ရော၊ ခရီးပန်းတဲ့ ဒဏ်ရောဆို ခံနိုင်မှာ မဟုတ်ပါဘူး။ ဟိုကျတော့လည်း ဟိုဟိုဒီဒီ လျှောက်သွားချင်သေးတယ်။ ရေမြင်ရင် ဆင်းဆော့ချင်သေးတယ်။ ဒါတွေကြောင့် ခုခံအား ပိုကျသွားတဲ့အခါ နေပြန်ကောင်းဖို့ အချိန်ပိုကြာပါလိမ့်မယ်။ ဒါကြောင့် နေကောင်းမှ အင်နဲ့ အားနဲ့ လည်ပတ်ပါ။
- သန့်ရှင်းရေးကို ဂရုစိုက်ပါ။
ဘယ်နေရာပဲ ရောက်ရောက် မကြာခဏ လက်ဆေးပါ။ လက်သန့်ဆေးရည်တွေ ဆောင်ထားပါ။ ရေကို ကျိုချက်ပြီးမှ သောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။ အစားအသောက်တွေကိုလည်း ပူပူနွေးနွေး စားပါ။
- ထိခိုက်ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။
ဘယ်ပဲ သွားသွား ကိုယ့်အန္တရာယ်ကို သတိပြုပါ။ အထူးသဖြင့် ခြေထောက်တွေကို ဂရုစိုက်ပါ။ ခြေဗလာနဲ့ မနေပါနဲ့။ အကောင်ပလောင်တွေ ကိုက်တာ ခံရနိုင်သလို၊ မတော်မဆ သစ်ငုတ်တွေ၊ ဆူးတွေလည်း ဆူးတတ်ပါတယ်။ ရေကူးတဲ့အခါမှာလည်း ရေနက်ပိုင်းကို မသွားဖို့၊ လူမရှိတဲ့နေရာမှာ မကူးမိဖို့ သတိထားပါ။

- အသစ်အဆန်းတွေကို စားမကြည့်ပါနဲ့။
နေရာသစ်ရောက်တဲ့အခါ ပုံမှန်စားနေကြမဟုတ်တဲ့ အသားတွေ၊ သစ်ဥသစ်ဖုတွေကို တတ်နိုင်သလောက် မစားပါနဲ့။ မတော်တဆ ဓာတ်မတည့်တဲ့အခါ ပြဿနာများပါတယ်။ သာမန်အပိမ့်ထွက်ရုံ၊ ယားရုံလောက်ဆို ပြဿနာ မရှိပေမယ့် ပြင်းထန်ဓာတ်မတည့် ဖြစ်လို့ အသက်ရှူတွေကျပ်လာတယ်၊ သွေးပေါင်ကျလာတယ်ဆိုရင် ဖြေဆေးထိုးမှ ရမှာပါ။ အသက်အန္တရာယ်များတာမို့လို့ ဆေးရုံ၊ ဆေးခန်းသွားဖို့ မလွယ်တဲ့နေရာမှာ ကိုယ်မစားဖူးတာတွေ လျှောက်မစားပါနဲ့။
နေ့ချင်းပြန်ပဲသွားသွား၊ တစ်ညအိပ်ပဲ နေနေ အဝတ်အစား အပို ၁စုံလောက် ထည့်သွားပါ။ ရေမြင်လို့ ကူးချင်တာရှိမယ်၊ သူငယ်ချင်းတွေနဲ့ ဆော့ပြီး ချွေးတွေရွှဲနေတာရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်လာပြီဆို အဝတ်အစားလဲလိုက်တာ အကောင်းဆုံးပါပဲ။ ရေတွေ ချွေးတွေ ရွှဲနေတာက အရေပြားပြဿနာကို ဖြစ်စေတယ်လေ။
- အကောင်ပလောင်တွေ မကိုက်မခံရအောင် နေပါ။
အထူးသဖြင့်တော့ ခြင်တို့၊ မွှားတို့၊ ကမျဉ်းနီကောင်တို့ပါ။ Tentလေးတွေ ထိုးတဲ့အခါ တတ်နိုင်သမျှ လုံနေအောင် ထိုးပါ။ ဒါ့ပြင် အထဲမှာ ရှင်းနေအောင်ထားပါ။ စောင်ပုံတွေ၊ ခေါင်းအုံးတွေ အများကြီး ယူမထားပါနဲ့။ ကင်း၊ ခူယား၊ မြွေ စတာတွေ အောင်းတတ်ပါတယ်။ မအိပ်ခင်မှာ အိပ်ရာကို စစ်ဆေးပါ။
ခြင်တွေ၊ မွှားတွေ မကပ်အောင် DEET ဖြန်းဆေး သုံးပါ။ အင်္ကျီရှည်၊ ဘောင်းဘီရှည် ဝတ်ပါ။ တောထဲ တောင်ထဲ သွားလာပြီး ဝတ်ပြီးသားအင်္ကျီတွေကို ထပ်ခါထပ်ခါ ပြန်မဝတ်ပါနဲ့။ ပိုးကောင်လေးတွေ အောင်းနေနိုင်ပါတယ်။ အဝတ်အစားလဲတဲ့အခါ အင်္ကျီတွေကို သေချာခါပါ။
အကောင်ကိုက်ခံရတယ်လို့ ယူဆရင် တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် ရှာပါ။ နားရွက်နောက်၊ ဆံပင်ကြား သေချာရှာပါ။ တွေ့ရင် ဇာဂနာနဲ့ ဆွဲနှုတ်ပါ။ ဇာဂနာ မရှိရင် တစ်ရှူးလေးခံပြီး လက်နဲ့ ဆွဲဖယ်ပါ။ အကောင်ကို တိုက်ရိုက်မထိဖို့၊ လိမ်ပြီး မဖယ်လိုက်ဖို့ သတိထားပါ။ အစွယ်လေးတွေ အသားမှာ စိုက်ကျန်တတ်လို့ပါ။
ဖယ်ပြီးရင် ဖြစ်တဲ့နေရာကို ရေနဲ့ ဆပ်ပြာနဲ့ စင်အောင်ဆေး၊ Povidone iodineလေး လိမ်းထားလို့ ရပါတယ်။
ဒီအချက်လေးတွေကိုသာ သတိထားမယ်ဆိုရင် ပျော်စရာကောင်းတဲ့ Camping လေး ဖြစ်လာမှာ အသေချာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။