home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Minimalism က စိတ်ကျန်းမာရေးကို ဘယ်လိုအထောက်အကူဖြစ်စေလဲ။

Minimalism က စိတ်ကျန်းမာရေးကို ဘယ်လိုအထောက်အကူဖြစ်စေလဲ။

ရုပ်ဝတ္ထုတွေ တိုးတက်လာပြီး တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းတွေ ပေါ်ထွက်လာတဲ့အချိန်မှာ ဒါတွေကို နောက်ကလိုက်ဝယ်နေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ ဒီလို ဝယ်ယူနေတာက ကိုယ့်ပျော်ရွှင်မှုအတွက်လား၊ သူများကို အထင်ကြီးစေချင်လို့လားဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ဒီလို လိုက်ဝယ်ရင်း လိုက်ဝယ်ရင်း ပျော်ရွှင်မှုထက် စိတ်ဖိစီးမှုတွေပဲ ရလာတဲ့အခါကျတော့ Minimalism ဆိုတဲ့ နေထိုင်မှု ပုံစံခေတ်စားလာပါတယ်။

Minimalism ဆိုတာ

Minimalism နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြပေမယ့် ဘုံတူညီနေတာကတော့ မလိုတာတွေကို မဝယ်ဘူး။ မဖြစ်မနေ လိုအပ်တဲ့ ပစ္စည်းနည်းနည်းနဲ့ပဲ နေထိုင်တာကို ဆိုလိုတာပါ။ ကပ်စီးနည်းတာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ကပ်စီးနည်းတာက ကိုယ်အသက်ရှင်ဖို့ လိုအပ်တဲ့ အရာတွေအပေါ်မှာတောင် ငွေမသုံးချင်တာပါ။ Minimalism ကတော့ ကပ်စီးနည်းတာနဲ့ အသုံးအဖြုန်းကြီးတာရဲ့ ကြားလို့ ပြောလို့ရပါတယ်။

Minimalismနဲ့ စိတ်ကျန်းမာရေး

Minimalism က ဘဝရဲ့ မရှိမဖြစ်လိုအပ်တဲ့ ရုပ်ဝတ္ထုတွေကလွဲရင် ကျန်တာတွေကို ဖယ်ထုတ်ထားတာ ဖြစ်တဲ့အတွက် သူ့အတွက်တော်တော် ဝန်ပေါ့သွားပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာမှာ အောက်ပါ အကျိုးကျေးဇူးတွေ ရရှိလာပါတယ်။

  • ကြွေးပူရတဲ့ ဒုက္ခကင်းပါတယ်။

မလိုတာတွေကို မဝယ်တော့တဲ့အတွက် ငွေကုန်ကြေးကျသက်သာလာပါတယ်။ တချို့က လူအထင်ကြီးအောင် ကိုယ်ရှာနိုင်တာထက် ပိုသုံးမိနေတဲ့အတွက် ကြာတဲ့အခါ အကြွေးတင်၊ ဒါကို ဆပ်ဖို့ စိတ်ဖိစီးလာပါတယ်။

မြင်မြင်သမျှ ကြော်ငြာသမျှကို ဝယ်ချင်စိတ်နည်းတာကလည်း သုခတစ်မျိုးပါပဲ။ လိုတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ Minimalistတွေက တစ်ခုခုဝယ်မယ်ဆို လိုသလားလို့ စစဉ်းစားတဲ့အတွက် မလိုဘူးဆိုရင် စျေးချထားလည်း လှည့်မကြည့်တော့ပါဘူး။

  • ထိန်းသိမ်းစောင့်ရှောက်ရသက်သာတယ်။

ပစ္စည်းတွေ များလေလေ သန့်ရှင်းရေး လုပ်ရတာ များလေလေ၊ ထိန်းသိမ်းစောင့်ရှောက်ရတာ များလေလေပါပဲ။ ကားရှိတဲ့ မရှိတဲ့သူနဲ့တောင် ကွာပါတယ်။ ကားရှိတဲ့သူက သွားတိုက်မိမလား၊ တိုက်ခံရမလား၊ အာမခံ၊ ပြုပြင်ထိန်းသိမ်းစရိတ် စတာတွေကို တွေးပူနေစရာ မလိုတော့ပါဘူး။

  • ပိုပြီး လွတ်လပ်လာတယ်။

မလိုတာတွေကို လျှော့လိုက်တဲ့အတွက် အားလုံးရှင်းထုတ်အပြီးမှာ စိတ်ကတော်တော် ပေါ့ပါးသွားပါတယ်။ အဲ့ဒီပေါ့ပါးမှုက ကိုယ်တိုင်ခံစားဖူးမှ သိနိုင်တာပါ။ ပစ္စည်းတွေ အများကြီးက နှစ်ပေါင်းများစွာ ကိုယ့်ကို ချုပ်နှောင်ထားတာကို အဲ့တော့မှ သတိထားမိပါတယ်။

ရုပ်ဝတ္ထုတွေကို အချိန်ပေးရ သက်သာလာတဲ့အတွက် ကိုယ့်ကိုယ်ကို၊ ကိုယ့်မိသားစုကို ပိုပြီး ဂရုစိုက်လာနိုင်ပါတယ်။ အရင်က လိုချင်တာတွေ ဝယ်ဖို့ ငွေရှာခဲ့ရတဲ့ အချိန်တွေကို ကိုယ့်ကျန်းမာရေးအတွက်၊ လူမှုဆက်ဆံရေးအတွက် ပိုပြီး အချိန်ပေးနိုင်လာာပါတယ်။

ပိုင်ဆိုင်တာတွေ နည်းလေလေ စိုးရိမ်ရတာတွေ နည်းလေလေ၊ လိုချင်တာတွေ နည်းလေလေ လောဘစိတ်တွေ နည်းလေလေပါပဲ။ ဒီလို စိတ်လက်ပေါ့ပါးမှုက ဘဝမှာ တစ်ခါမှ မခံစားဘူးတဲ့ ပျော်ရွှင်မှုကို ပေးနိုင်မှာပါ။ ကလေးဘဝ လွတ်လပ်မှုလိုပါပဲ။

  • လွှတ်ချလာနိုင်တယ်။

အိမ်ရှင်းဖို့ ကြိုးစားလိုက်တိုင်းမှာ ဒီပစ္စည်းလေးက ဘယ်တုန်းက ဘာအမှတ်တရတွေ ရှိတာ၊ ဒါဝယ်ဖို့ ငါဘယ်လောက်တောင် ကြိုးစားလိုက်ရတာဆိုပြီး တကယ်တမ်း ဘာကိုမှ မရှင်းမိပါဘူး။ ဒီလိုနဲ့ ရှေ့က ပစ္စည်းတွေလည်း မထွက်၊ နောက်ကလည်း အသစ်ထပ်ဝယ်နဲ့ ပိုပိုများလာတာပဲ ရှိပါတယ်။ တကယ်တော့ ဒါကလည်း အစွဲအလမ်းတွေပါပဲ။ အစွဲအလမ်းတွေကနေ လွတ်မြောက်ပြီး ဒီပစ္စည်းတွေကို ရှင်းထုတ်နိုင်ခြင်းက ကိုယ့်စိတ်ကို အောင်နိုင်တာပါပဲ။

ကိုယ့်မှာ မလိုတဲ့ ပစ္စည်းတွေကို လိုတဲ့သူတွေကို မျှပေးတာ၊ ရသွားတဲ့သူက လိုလိုချင်ချင် သုံးတာကို မြင်ရတဲ့အခါ အင်မတန် ကျေနပ်စရာ ကောင်းပါတယ်။ ကိုယ့်ဆီမှာ ရှိနေလည်း ချောင်ထိုးခံထားရမယ့် အတူတူ အသုံးဝင်တဲ့သူလက်ထဲကို ရောက်သွားတော့ ပိုကောင်းတာပေါ့။

  • ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်စိတ် နည်းသွားတယ်။

ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေက ကိုယ့်အတွက် တကယ်လိုလို့လား၊ ကြွားချင်စိတ်၊ လူအထင်ကြီးခံချင်စိတ်နဲ့ ဝယ်ထားတာလားဆိုရင် ဒုတိယတစ်ခုက ပိုများနေမှာပါ။ ကျွန်ုပ်တို့က သူများတွေရဲ့ အမြင်ကို သိပ်ပြီး ဂရုစိုက်လွန်းတဲ့အတွက် ကိုယ့်ရဲ့ ပုံစံအမှန် ပျောက်သွားပါတယ်။ လက်ထဲက ဖုန်းက သုံးလို့ရနေရဲ့သားရဲ့ “ဟာ ဘောစိ ဖုန်းအသစ်ဝယ်ပြန်ပြီလား’ ဆိုတဲ့အပေါ် သာယာပြီး ထွက်သမျှ အိုင်ဖုန်းကို လိုက်ဝယ်နေရတာလည်း ပြဿနာပါပဲ။

Minimalism သဘောတရား

Minimalism ရဲ့ သဘောတရားက ပစ္စည်းနည်းတာ များတာထက် ရှိနေတဲ့ ပစ္စည်းတွေက ကိုယ့်အတွက် တကယ် အသုံးဝင်ဖို့ လိုပါတယ်။ နည်းနည်းပဲ ရှိနေပေမယ့် သူများအထင်ကြီးအောင် ဝယ်ထားရတဲ့ ပစ္စည်းတွေဆိုရင်လည်း Minimalism မဟုတ်ပြန်ပါဘူး။

လိုအပ်တာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေမယ်လို့ ထင်တဲ့အရာတွေကို ဝယ်ပါ။ သူများအထင်ကြီးအောင်တော့ မဝယ်ပါနဲ့။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေက ရုပ်ဝတ္ထုအပေါ် အများကြီး မမှီခိုနေပါစေနဲ့။ မလိုတာတွေကို ရှင်းထုတ်ပြီး စိတ်လက်ပေါ့ပါးမှုကို ခံစားကြည့်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 24/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။