သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ

စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ

စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ

စိတ်အတက်အကျရောဂါကို စိတ်ကြွစိတ်ကျခြင်း လို့လည်းခေါ်ပြီး စိတ်အစွန်းနှစ်ဘက်ကို ပြောင်းလဲစေနိုင်တဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။ အလွန်အမင်းပျော်ရွှင်နေရာက ချက်ချင်း ဝမ်းနည်းတဲ့စိတ်ကို ပြောင်းသွားတာမျိုး ဖြစ်ပါတယ်။ ပုံမှန်စိတ်လည်း မကြာခဏ ပြန်ရောက်သွားပါတယ်။

စိတ်ဓါတ်ကျနေချိန်မှာ မျှော်လင့်ချက်မဲ့သလို ခံစားနေရပြီး နေ့စဉ်အလုပ်တွေကို စိတ်မဝင်စားဘဲ နေတတ်ပါတယ်။ စိတ်ဓါတ်တက်ကြွလာချိန်မှာဆိုရင် ပျော်ရွှင်တက်ကြွပြီး ခွန်အားအပြည့် ဖြစ်နေတတ်ပါတယ်။ ဒီလိုစိတ်အတက်အကျဟာ တနှစ်မှာ အကြိမ်အနည်းငယ်ဖြစ်တတ်ပြီး ပိုဆိုးတဲ့ ကေ့စ်တွေမှာ တပတ်ကို အကြိမ်အနည်းငယ် ဖြစ်ပါတယ်။

ဒီရောဂါကြောင့် မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးပျက်စီးတာ၊ လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာ စွမ်းဆောင်ရည်ကျတာတွေ ဖြစ်တတ်ပြီး မိမိကိုယ်ကို သေကြောင်းကြံတာမျိုးထိ ဖြစ်နိုင်ပါတယ်။ စိတ်အပြောင်းအလဲကို ထိန်းချုပ်နိုင်အောင် ဆေးကုသမှု ခံယူသင့်ပါတယ်။

စိတ်အတက်အကျရောဂါဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ

ဒီပြသနာဟာ ဆက်ကျော်သက်အရွယ်နှောင်းပိုင်း၊ အရွယ်ရောက်ခါစ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးတွေန့ လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကေ့စ်အားလုံးရဲ့ တဝက်လောက်ဟာ ၂၅နှစ်မတိုင်ခင်မှာ စတင်ဖြစ်တတ်ပြီး တသက်လုံးဖြစ်သွားနိုင်ပါတယ်။ အချက်အလက် ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

စိတ်အတက်အကျရောဂါရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ

ဒီပြသနာရှိနေပြီဆိုရင် ပြင်းထန်တဲ့ စိတ်ခံစားမှု အခြေအနေဟာ သူ့အချိန်အလိုက် ဖြစ်လာတတ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ပုံမှန်စိတ် အခြေအနေ၊ အမူအကျင့်ကနေ သိသိသာသာ ပြောင်းသွားတတ်ပါတယ်။ အလွန်အမင်းပျော်ရွှင်တာကို စိတ်တက်တဲ့အခြေအနေလို့ သတ်မှတ်ပြီး အလွန်အမင်း ဝမ်းနည်းနေတာကိုတော့ စိတ်ကျတဲ့ အခြေအနေလို့ သတ်မှတ်ပါတယ်။

တခါတရံမှာ ဒီ၂မျိုးလုံး ပြိုင်တူ ခံစားရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါကို ရောထွေးအခြေအနေလို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ ပေါက်ကွဲလွန်၊ ဒေါသထွက် လွယ်ပါတယ်။ စွမ်းအား၊ လှုပ်ရှားမှု၊ အပြုအမူ စတာတွေဟာ အရမ်းပြောင်းလဲ သွားတတ်ပါတယ်။

စိတ်တက်တဲ့အချိန်မှာ အောက်ပါကိစ္စတွေ ဖြစ်နိုင်ပါတယ်။

– အလွန်အမင်းပျော်ရွှင် စိတ်လှုပ်ရှားခြင်း

– အနှောက်အယှက်ဖြစ်လွယ်ခြင်း

– အစားပိုစားခြင်း

– အချိန်နည်းနည်းသာ အိပ်ခြင်း

– မရပ်မနားလုပ်ကိုင်ဆောင်ရွက်နေတတ်ပြီး အန္တရာယ်များသော၊ ကျေနပ်သော အပြုအမူများ ပြုမူနေတတ်ခြင်း

– စကားပြောမြန်ပြီး အကြောင်းအရာတခုမှတခု အပြောင်းအလဲမြန်ခြင်း

– ဆုံးဖြတ်ရခက်တတ်ပြီး ဆုံးဖြတ်ရန် ရှုပ်ထွေးနေတတ်ခြင်း

– ထူးဆန်းသောအသံများ၊ အာရုံတွင် ထင်ယောင်ထင်မှားခြင်းများ ဖြစ်နေတတ်ခြင်း

စိတ်ကျနေတဲ့ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်တတ်ပါတယ်။

– အလွန်အမင်းဝမ်းနည်းကာ အချိန်အတော်ကြာ မျှော်လင့်ချက်မဲ့နေသလို ခံစားနေရခြင်း

– နေ့စဉ်လှုပ်ရှားမှုများကို စိတ်ဝင်စားမှုမရှိခြင်း

– အစားနည်းခြင်း

– အိပ်ငိုက်နေတတ်ခြင်း

– မိမိ၏အကြောင်းသာတွေးနေတတ်ခြင်း သိခြင်း

– အာရုံစိုက်ရခက်ခြင်း

– မိမိကိုယ်ကိုသေကြောင်းကြံရန် အတွေးများဝင်ခြင်း

ဒီလိုစိတ်အခြေအနေဟာ တနှစ်မှာ အကြိမ်အနည်းငယ် ဒါမှမဟုတ် အပတ်တိုင်း ဖြစ်တတ်ပါတယ်။ သင်ခင်မင်ရင်းနှီးသူတယောက်ယောက် ဒီလက္ခဏာတွေပြနေရင် ဆရာဝန်ပြသင့်ပါတယ်။

ဆရာဝန်ဘယ်အချိန် ပြသင့်လဲ

အောက်ပါအခြေအနေမှာ ပြသင့်ပါတယ်။

– အချိန်အတော်ကြာအောင် စိတ်အခြေအနေရဲ့ လက္ခဏာများ ပြနေတတ်ခြင်း

– သေကြောင်းကြံစည်သည့် အတွေးများ ဝင်နေတတ်ခြင်း

– ရန်လိုစိတ်များ ဖြစ်နေတတ်ခြင်း

– ရက်အတော်ကြာ အိပ်မပျော်ခြင်း

ဘယ်အရာတွေက စိတ်အတက်အကျရောဂါကို ဖြစ်စေသလဲ

ပြသနာရင်းမြစ်ကို အတိအကျတော့ မသိရပါဘူး။ ဒါပေမယ့် ဆက်စပ်နေတဲ့ အကြောင်းအရာမျိုးစုံ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

ဦးနှောက်ရဲ့ဓါတ်ဖွဲ့စည်းပုံ။ ဦးနှောက်မှာ သူ့ရဲ့ ဓါတုပစ္စည်းတွေ (နာဗ်ကြောလျှပ်ကူးပစ္စည်းများ) ကို ပြောင်းလဲစေမယ့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိပါတယ်။ ဒီလျှပ်ကူးပစ္စည်းများဟာ စိတ်အခြေအနေနဲ့ ဆက်စပ်နေပါတယ်။

မျိုးရိုးလိုက်ခြင်း။ မိဘနဲ့ မိသားစုဝင်တွေဆီမှာ ရှိရင်လည်း ဖြစ်တတ်ပါတယ်။

လူမှုဝန်းကျင်၏ သက်ရောက်မှု။ လှုမှုကိစ္စ တော်တော်များများဟာ စိတ်အတက်အကျ ရောဂါကို ဖြစ်စေပါတယ်။ ကလေးဘဝမှာ စိတ်ဖိစီးစရာ ဖြစ်ရပ်ကြုံရခြင်း၊ မိမိကိုယ်ကို လေးစားမှုမရှိခြင်း၊ ဝမ်းနည်းဖွယ် ဆုံးရှုံးမှု ကြုံခဲ့ရခြင်း စတာတွေဖြစ်ပါတယ်။

စိတ်အတက်အကျရောဂါကို ဘယ်အရာက ဖြစ်နိုင်ခြေ ပိုဆိုးစေလဲ

ဖြစ်နိုင်ခြေများတဲ့ အရာတွေကတော့

စိတ်ဖိစီးမှုများသော အချိန်များ

– မူးယစ်ဆေးဝါးများနှင့်အရက်

– မိသားစုဝင်ထဲတွင် စိတ်အတက်အကျရောဂါ သို့ အခြားစိတ်ကျန်းမာရေး အခြေအနေ တခုခုရှိနေခြင်း

– စိတ်ထိခိုက်ဖွယ်ရာ အပြောင်းအလဲကြုံရခြင်း

ကုသခြင်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။

စိတ်အတက်အကျရောဂါအတွက် ပြုလုပ်မှုအများဆုံး စစ်ဆေးခြင်းတွေက ဘာတွေလဲ

သင့်တော်တဲ့ ရောဂါရှာဖွေခြင်းကို စိတ်ကျန်းမာရေး ဆရာဝန်များက အောက်ပါစမ်းသပ်ချက်များ လုပ်ပေးပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း။ လက္ခဏာများရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း။ ခံစားမှု၊ စိတ်အခြေအနေ၊ အပြုအမူပုံစံ စတာတွေကို ဆရာဝန်က မေးပါလိမ့်မယ်။

စိတ်အားမှတ်တမ်းတင်ခြင်း။ ဆရာဝန်ဟာ ရောဂါအမည်တပ်နိုင်အောင် သင့်ရဲ့ အိပ်စက်ပုံ၊ စိတ်အခြေအနေနဲ့ အပြုအမူတွေကို မှတ်တမ်းရေးခိုင်းပါလိမ့်မယ်။

စိတ်အတက်အကျရောဂါကို ကုသနည်းတွေဟာ ဘာတွေလဲ

စိတ်အတက်အကျရောဂါကို ကုသမှုများဟာ ကုသပေးရုံသာမက စိတ်အခြေအနေကိုလည်း တည်ငြိမ်စေပါတယ်။

ကုသမှုပုံစံကို စိတ်ကျန်းမာရေး ဆရာဝန်တွေကဆုံးဖြတ်ပါလိမ့်မယ်။ အခြေအနေပေါ် မူတည်ပြီး အောက်ပါအချက်တွေ ပါဝင်ပါတယ်။

ဆေးပေးခြင်း။ စိတ်အခြေအနေတည်ငြိမ်အောင် ဆရာဝန်က ဆေးညွှန်ပါလိမ့်မယ်။ စိတ်ဓါတ်ကျခြင်းနဲ့ သေကြာင်းကြံလိုစိတ်တွေ ကာကွယ်နိုင်အောင် ဒီညွှန်တဲ့ဆေးတွေကို အချိန်ကြာကြာ သောက်သွားဖို့လိုပါတယ်။ ဆေးတွေမှာ စိတ်ကျရောဂါကုဆေး၊ စိတ်ငြိမ်ဆေး၊အတက်ပျောက်ဆေး စိုးရိမ်မှုကို လျော့ပါးစေတဲ့ဆေး စတာတွေပါဝင်ပါတယ်။

ဆွေးနွေးနှစ်သိမ့်ခြင်း။ မိမိအခြေအနေတွေကို သေချာစွာရှင်းပြပြိး စိတ်အခြေအနေကို ဘယ်လိုထိန်းချုပ်မလဲ တိုင်ပင်သင့်ပါတယ်။ အချင်းချင်း အားပေးကူညီတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။

ဆေးစွဲခြင်းအားကုသခြင်း။ ပစ္စည်းတခုခုကို အရမ်းစွဲလန်းခြင်း ဖြစ်နေရင် ဒီစွဲလန်းခြင်းကို ကုဖို့လိုပါတယ်။ ဒီလိုစွဲလန်းခြင်းဟာ ရောဂါကို ပိုဆိုးစေပါတယ်။

ဆေးရုံတက်ခြင်း။ ပုံမှန်စောင့်ကြည့် စစ်ဆေးနိုင်အောင် ဆေးရုံမှာနေဖို့လိုပါတယ်။ သေကြောင်းကြံစည်တဲ့ အတွေးများ ဖြစ်လာရင် မိမိကိုယ်ကိုနဲ့ သူတပါးကို အန္တရာယ် ဖြစ်စေနိုင်တာမို့ ဆေးရုံပြသင့်ပါတယ်။

တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ အကောင်းဆုံးကို ရွေးချယ်နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

စိတ်အတက်အကျရောဂါအတွက် နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ

အောက်ပါ အချက်တွေက ကူညီပါလိမ့်မယ်။

– မိမိမှာ သေကြောင်းကြံစည်လိုစိတ်များ ပေါ်လာရင် ဆရာဝန် ဒါမှမဟုတ် ယုံကြည်ရသူတဦးဦးကို ချက်ချင်း ပြောသင့်ပါတယ်။

– ပုံမှန်အိပ်ချိန် လုပ်ထားပြီး အိပ်ရေးဝအောင် အိပ်ပါ။

– ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

– ကျန်းမာရေးနဲ့မညီညွတ်သော ပုံစံများ ရှောင်ကြဉ်ပါ။

– အရက်ဖြတ်ပါ။ မူးယစ်ဆေး မသုံးပါနှင့်။

သိလိုတဲ့အချက်တွေရှိရင် ပိုပြီးသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download edition.
Porter, Robert. Kaplan Justin. Homeier Barbara. The Merck manual home health handbook. New Jersey: John Wiley & Sons, Inc, 2009. Print edition. Page 870.
Depression. http://www.nimh.nih.gov/health/publications/depression/index.shtml. Accessed July 23, 2016.
Bipolar disorder in children and adolescents. http://www.nimh.nih.gov/health/publications/bipolar-disorder-in-children-and-adolescents/index.shtml. Accessed July 23, 2016.
Symbyax (prescribing information). http://www.accessdata.fda.gov/drugsatfda_docs/label/2014/021520s041lbl.pdf. Accessed July 23, 2016.

စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 03/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။