ဘရာစီယာဆိုတာက အမျိုးသမီးတွေအတွက် မရှိမကောင်း ရှိမကောင်းအရာပါ။ မဝတ်ထားပြန်ရင်လဲ စိတ်ထဲမလုံမခြုံဖြစ်စေသလို အချိန်အကြာကြီး ဝတ်ဆင်ထားမိရင်လဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
တချို့မိန်းကလေးတွေကျတော့လှည်း လှချင်တာမို့ မိန်းကလေးအတွင်းခံ ဘရာစီယာကို ခပ်ကျပ်ကျပ်ဝတ်ကြတယ်။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားလို့ရတာပေါ့။
ဒါပေမယ့် ဘရာစီယာကို အချိန်တိုင်းဝတ်နေပြန်ရင်လဲ ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ အပေါ်မှာဆိုခဲ့တယ်မဟုတ်လား။ ဟုတ်ပါတယ်။ ဘရာစီယာကို အမြဲဝတ်နေရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။
- ရင်သားကင်ဆာ – ဘရာစီယာကို တင်းတင်းကျပ်ကျပ်ဝတ်တဲ့အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ ကျပ်တည်းစွာဝတ်ဆင်ခြင်းကြောင့် ရင်သားမှာရှိတဲ့ တစ်ရှူးတွေဆီကို သွေးစီးဆင်းမှုနည်းပါးသွားပြီး အောက်စီဂျင်နဲ့ အာဟာရဓာတ်ပြတ်တောက်ကာ ရင်သားကင်ဆာအန္တရာယ်ပိုမြင့်မားစေတာဖြစ်ပါတယ်။
- ကျောရိုးနဲ့ ကြွက်သားပြဿနာများ – ဘရာစီယာအမြဲဝတ်ထားတဲ့အခါ ကျောကုန်းနဲ့ လည်ပင်းရိုးတွေကို ထိခိုက်လာပါတယ်။ ဒီအရိုးတွေက သင့်ရဲ့ရင်သားကို ပင့်တင်ထားတာဖြစ်တာကြောင့်ပါ။ ဒါကြောင့် အရိုးတွေနဲ့ ကြွက်သားတွေ ထိခိုက်နာကျဉ်လာနိုင်ပါတယ်။
- အသက်ရှူမဝခြင်း – ဘရာစီယာကျပ်ကျပ်ဝတ်ရင် အသက်ရှူကျပ်တာက သဘာဝပါပဲ။ အမျိုးသမီးတိုင်းခံစားဖူးတယ်။ တချို့သော အဆုတ်အားမကောင်းတဲ့ အမျိုးသမီးတွေမှာ ခေါင်းမူးဝေတာတွေဖြစ်လေ့ရှိပါတယ်။
- အစားအသောက်ပျက်ခြင်း – ဘရာစီယာက တင်းကျပ်နေတော့ အစားစားရာမှာ အခက်အခဲဖြစ်စေတာပေါ့။ ကြာလရင်တော့ အာဟာရလုံးလောက်စရာမရတာတွေ၊ အစာချေရခက်တာတွေ ဖြစ်လာမှာပါ။
- အရေပြားပြဿနာ – တင်းတင်းကျပ်ကျပ်ဝတ်ထားမိရင် အစင်းကြောင်းကြီးတွေ ထတတ်တာမျိုး၊ နီရဲယောင်ကိုင်းတာမျိုးတွေဖြစ်တတ်သလို တစ်သော အထိအရှလွယ်တဲ့ အသားအရေမျိုးပိုင်ဆိုင်ထားတဲ့ အမျိုးသမီးငယ်တချို့တွေမှာဆိုရင် အရေပြားထိခိုက်မှုတွေ ရှိတတ်ပါတယ်။
ဒီလိုကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တာကြောင့်လည်း ကျန်းမာရေးပညာရှင်တချို့က အမျိုးသမီးတွေအနေနဲ့ ဘရာစီယာဝတ်ဆင်ချိန်ကို လျှော့ချဖို့ တိုက်တွန်းပြောဆိုနေကြတာပါ။ ဒါပေမယ့် တချို့တွေအတွက်လည်း ဘရာစီယာမဝတ်ဆင်ထားချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်ပါးနေတတ်ပါတယ်။
ဒီပြဿနာကိုတော့ အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။
- ၁။ အိမ်မှာ ဘရာမဝတ်ပဲနေတဲ့အလေ့အကျင့်လုပ်ပါ
- ၂။ ဘရာစီယာအစား ပိုပြီး ပေါ့ပါးရှင်းလင်းတဲ့ ဘရာလက်တီ (Bralette) ပြောင်းဝတ်ပါ
- ၃။ ဘရာဝတ်မထားချိန်မှာ အဆင်ပြေပြေနေနိုင်မယ့် ပုံစံမျိုးတွေကို လေ့လာပါ
- ၄။ နို့ခေါင်းထိပ်ကို ဖုံးထားပေးတဲ့ Nipple pad ဒါမှမဟုတ် Pasties သုံးပါ
- ၅။ အထာကျတဲ့ Fashion Tape တွေလည်း သုံးနိုင်ပါတယ်
- ၆။ ဒီအကြောင်းကိုချည်းတွေးပြီး သောကမများနေပါနဲ့
- ၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေသေးရင် အတွင်းခံအနေနဲ့ Bodysuit တွေ ဝတ်ဆင်ပါ
- ၈။ အပေါ်အင်္ကျီထပ်ဝတ်ပါ
- ၉။ ဇစ်ဆွဲအင်္ကျီတွေ ထပ်ပြီး ဝတ်ဆင်ပါ
ဒီနည်းလမ်းတွေက ကျန်မာရေးအတွက် ရည်ရွယ်ပြီး ဘရာဝတ်ဆင်ချိန်ကို လျှော့ချနေထိုင်နေချိန်တွေမှာ စိတ်ပူပင်မှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။