backup og meta

သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 22/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ

    ပုံမှန်အားဖြင့်ဆိုရင် ခန္ဓာကိုယ် ကျန်းမာဖို့၊ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်တွေအတွက် သစ်သီးဖျော်ရည်တွေ၊ Smoothies တွေကို သောက်သုံးကြလေ့ရှိပါတယ်။

    ဒါပေမယ့် ဒီလိုသစ်သီးဖျော်ရည်တွေကို သောက်သုံးရာမှာ နည်းမှန်လမ်းမှန်နဲ့ မသောက်သုံးဘူး၊ မဖျော်စပ်ဘူးဆိုရင်တော့ မျှော်မှန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာမဟုတ်ပါဘူး။ ဒါဟာ သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

    ကိုယ်အလေးချိန် လျှော့ချသူအများစုဟာ သစ်သီးဖျော်ရည်တွေကို မှီဝဲကြလေ့ရှိပေမယ့် တချို့က အလုပ်ဖြစ်ပြီး တချို့က အလုပ်မဖြစ်ကြတာဟာ ခုလို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်သောက်သုံးခြင်းမရှိလို့ဖြစ်ပါတယ်။ သစ်သီးဖျော်ရည်တွေကို အချိုဓာတ်လွန်ကဲအောင် ဖျော်စပ်သောက်သုံးတာမျိုး၊ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်ခြင်းမရှိတာမျိုးတွေကြောင့် ရသင့်တဲ့အာဟာရဓာတ်တွေကို ဆုံးရှုံးကြရတာဖြစ်ပါတယ်။

    သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးအပေါ် ကောင်းကျိုးပေးနိုင်စွမ်းကို ပျက်ယွင်းစေတဲ့ အချက်တွေ အများအပြားရှိပါတယ်။ သတိထားဆင်ချင်ဖို့နဲ့ အန္တရာယ်များတဲ့ နည်းလမ်းတွေကို ရှောင်လွှဲနိုင်စေဖို့ အောက်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

    သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ

    • ၁။ အလွန်အမင်း အအေးခံထားတဲ့ သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အာဟာရဓာတ်တိုင်းဟာ အအေးဓာတ်ကြောင့် တည်မြဲနိုင်တယ်လို့ ယူဆလို့မရပါဘူး။ တချို့သော အာဟာရဓာတ်တွေဟာ အပူချိန်၊ အအေးဓာတ် လွဲကဲမှုတွေကြောင့် ပျက်ပြယ်သွားတတ်ပါတယ်။ ဥပမာပေးရရင် ဗီတာမင် စီ တို့၊ ဗီတာမင် ဘီ-ကွန်ပလက်စ်တို့လို အာဟာရဓာတ်မျိုးတွေပေါ့။ ဒါကြောင့် သစ်သီးဖျော်ရည်တွေကို တတ်နိုင်သမျှ ခပ်မြန်မြန်သောက်သုံးတာက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်နိုင်ပါတယ်။ တချို့တွေက အေးစေဖို့ ဒါမှမဟုတ် အားလပ်ချိန်ကျမှ သောက်သုံးဖို့ ရေခဲသေတ္တာတွေထဲမှာ သိမ်းဆည်းထားတဲ့ အလေ့အထဟာ မှားယွင်းတဲ့ အလေ့အထဖြစ်ပါတယ်။
    • ၂။ သစ်သီးဖျော်တဲ့ Blenders တွေဟာ မှော်ဝင်ပစ္စည်းတွေ မဟုတ်ပါဘူး။ တချို့က Blender နဲ့ ကြိတ်လိုက်ရင်လည်း အာဟာရဓာတ်တွေ မူလအတိုင်း ရရှိလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီအချက်က မှားယွင်းတဲ့ ယုံကြည်မှုဖြစ်ပါတယ်။ Blender နဲ့ ကြိတ်ချေခံလိုက်ရတဲ့ သစ်သီးတွေဟာ မူလအာဟာရဓာတ်မျိုး အပြည့်အဝ ဘယ်တော့မှမရနိုင်တော့ပါဘူး။ Blender နဲ့ ကြိတ်ချေဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည်တွေမှာ မူလသစ်သီးရဲ့ အာဟာရဓာတ်တွေနဲ့ အချိုဓာတ်တွေ အပြည့်အဝ ပါရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် သစ်သီးဝလံတွေကို စားသုံးတဲ့ အကောင်းဆုံးနည်းလမ်းကတော့ သစ်သီးတွေကို ဒီအတိုင်း သန့်စင်အောင် ဆေးကြောပြီး စားသုံးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။
    • ၃။ လေဟာနယ်စနစ်နဲ့ ကြိတ်ချေတိုင်း အာဟာရဓာတ်ကို ထိမ်းသိမ်းထားနိုင်တယ်ဆိုတာ မှားပါတယ်။ နည်းပညာမြင့်မားတဲ့ Vacuum Blender တွေဟာ စက်ထဲမှာ လေဟာနယ်တစ်ခုထားရှိပြီး အာဟာရဓာတ်ကျန်ရှိအောင် ကြိတ်ချေပေးနိုင်တယ်လို့ နာမည်ကျော်လေ့ရှိပါတယ်။ Oxidization နည်းလမ်းနဲ့ အာဟာရဓာတ်ကို ထိမ်းသိမ်းပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ သီအိုရီပိုင်းအရ မှန်ကန်ပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ပြဿနာရှိပါတယ်။ ဥပမာ Enzymes ပါဝင်တဲ့ သစ်သီးတွေဖြစ်ကြတဲ့ ပန်းသီးတို့၊ ထောပတ်သီးတို့လို အသီးမျိုးတွေဟာ လေနဲ့ထိတာနဲ့ အာဟာရဓာတ်တွေ ပြယ်လွင့်သွားတတ်တဲ့ သဘောသဘာဝရှိတတ်ပါတယ်။ ပန်းသီးတွေကို ခွဲစိတ်ပြီးရင် မည်းသွားတာမျိုးကို သတိထားမိကြမယ်ထင်ပါတယ်။ ပုံမှန်အသုံးပြုနေကြ Ordinary Blender တစ်လုံးနဲ့ Vacuum Blender တစ်လုံး ယှဉ်ပြီး ကြိတ်ချေကြည့်ရင် Vacuum Blender က ပိုပြီး အရောင်အသွေး စိုစိုပြေပြေနဲ့ အရသာရှိအောင် စွမ်းဆောင်ပေးနိုင်ပေမယ့် ဒီအချက်ကြောင့်တော့ Vacuum Blender က အာဟာရဓာတ်တွေကို ပိုထိမ်းသိမ်းပေးနိုင်တယ်လို့ မယူဆထားဖို့ လိုအပ်ပါတယ်။
    • ၄။ သကြားဓာတ်ပိုအောင် လုပ်မိနေနိုင်ပါတယ်။ သစ်သီးဖျော်ရည်ဖျော်သောက်သူအများစုဟာ သစ်သီးချည်းသီးသန့် ကြိတ်ဖျော်သောက်သုံးတာမျိုး နည်းပါးလေ့ရှိပါတယ်။ သကြား၊ ဒိန်ချဉ်၊ artificial sweeteners ၊ အစေ့အဆံတွေနဲ့ နို့စတာတွေကို အရသာပိုကဲစေဖို့ ထည့်သွင်းဖျော်စပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ မူလ သစ်သီးရဲ့ အချိုဓာတ်ကို နောက်ထပ် အချိုအရသာတွေ ထပ်ပေါင်းပေးလိုက်သလိုမျိုးဖြစ်သွားလေ့ရှိပြီး သွေးတွင်းသကြားဓာတ် လွန်ကဲစေဖို့ တွန်းအားဖြစ်စေပါတယ်။ ဒါကိုမှ ရေခဲသေတ္တာလို အအေးခန်းမျိုးမှာ သိမ်းထားလိုက်မိမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အသီးအနှံတွေကို ဖျော်စပ်သောက်သုံးမယ်ဆိုရင် အပိုထပ်ဆောင်းအချိုဓာတ်တွေ ပါဝင်တဲ့ အမျိုးအမယ်တွေ ထပ်မထည့်မိဖို့ သတိထားရမှာဖြစ်ပြီး သဘာဝသစ်သီးအတိုင်းသာ ဖျော်စပ်သောက်သုံးသင့်ပါတယ်။
    • ၅။ သစ်သီးဖျော်ရည်သောက်တိုင်း ကျန်းမာတာမဟုတ်ဘူး။ သစ်သီးဖျော်ရည်တွေဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ အစာအိမ်အူလမ်းကြောင်း ကောင်းမွန်ဖို့အတွက် အထောက်အကူပြုနိုင်တာမှန်ပါတယ်။ ဒါပေမယ့် သွားကျန်းမာရေးကို ထိခိုက်စေနိုင်တာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ သစ်သီးဖျော်ရည်တွေကို အပိုအချိုဓာတ်ဖြည့်တင်း သောက်သုံးတာမျိုး၊ ဒါမှမဟုတ် နေ့စဉ် အလွန်အကျွံသောက်သုံးတာမျိုးတွေ ပြုလုပ်တာဟာ Coke လို အချိုအရည်မျိုးသောက်သုံးလို့ရလာမယ့် ဘေးထွက်ဆိုးကျိုးနဲ့ ရလဒ်ခြင်းအတူတူပါပဲ။ ဒီလို မမှန်ကန်တဲ့နည်းလမ်းမျိုးတွေနဲ့ ဆက်လက်သောက်သုံးနေမိမယ်ဆိုရင် ရေရှည်မှာ သင့်သွားတွေ ဒုက္ခရောက်နိုင်တာကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 22/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement