backup og meta

ဆယ်ကျော်သက်များတွင် အတွေ့ရများတဲ့ အရေပြားပြဿနာ များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များတွင် အတွေ့ရများတဲ့ အရေပြားပြဿနာ များ

    ဆယ်ကျော်သက်အရွယ်ဆိုတာ လှချင်ပချင် အရွယ်ပါ။ ဒီအရွယ်မှာ အရေပြားပြဿနာ တွေများ ကြုံလာခဲ့ရင် သူတို့လေးတွေ အနေနဲ့ သိပ်ကို စိတ်ညစ်စရာပေါ့။ ဒီအရွယ်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ဖြစ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေး မနိုင်နင်းလို့ပဲ ဖြစ်ဖြစ်၊ အလှပြင်ပစ္စည်းတွေကို စမ်းသုံးကြည့်လို့ပဲ ဖြစ်ဖြစ် အရေပြားပြဿနာတွေ ကြုံရတတ်ပါတယ်။ သူတို့လေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲဆိုတာ ကြည့်ကြရအောင်။

    ဆယ်ကျော်သက်အရွယ် အရေပြားပြဿနာ များ

    • ဝက်ခြံ

    ဝက်ခြံဆိုတာ ဆယ်ကျော်သက်တွေရဲ့ ပြယုဂ်ပါ။ ဟော်မုန်း အပြောင်းအလဲကြောင့်ရော၊ စိတ်ဖိစီးမှုကြောင့်ရော ထွက်တတ်ပါတယ်။ မိန်းကလေးတွေ ဆိုရင် ရာသီလာခါနီးပြီဆိုရင် ထွက်လာကြပြီ။ ဝက်ခြံအပြင် အဆီဖုတွေ၊ ဆားဝက်ခြံတွေလည်း ထွက်တတ်ပါသေးတယ်။ တချို့ ဝက်ခြံသိပ်များလွန်းတဲ့ ကလေးတွေဆိုရင် သူငယ်ချင်းတွေနဲ့ မတွေ့ချင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာတွေပါ ဖြစ်တတ်ပါသေးတယ်။

    ဒါတွေကို ပြေလည်ဖို့ ဆိုရင် ဆေးဆိုင်မှာ အလွယ်ဝယ်လို့ရတဲ့ benozyl peroxide ပါတဲ့ ဝက်ခြံလိမ်းဆေးတွေ သုံးလို့ရပါတယ်။ ရေနွေးဝတ်လေးကို ဝက်ခြံပေါ်မှာတင်၊ နည်းနည်းလေး ပျော့လာရင် ဆေးလိမ်းပေးတာက ပိုပြီး စုပ်ယူမှု ကောင်းစေပါတယ်။ ဒါနဲ့ မသက်သာဘူး။ ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြဿပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရမှာပါ။ ပြီးတော့ အထူးသတိထားရမှာ ဝက်ခြံတွေကို မိတ်ကပ်တွေနဲ့ အချိန်အကြာကြီး ဖုံးကွယ်ထားတာ၊ ကုတ်တာ၊ ညှစ်တာ မလုပ်ဖို့ပါပဲ။

    ဆယ်ကျော်သက်လေးတွေရဲ့ နောက်ထပ်ပြဿနာကတော့ ခြေဖဝါး၊ လက်ဖဝါးတွေ ချွေးစိုတာ၊ ချိုင်းချွေးထွက်လွန်းတာ၊ ချွေးထွက်သန်လွန်းတာ စတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကလည်း လူကြား သူကြားထဲ သွားခဲ့အခါ စိတ်ကသိကအောက် ဖြစ်စရာ အခြေအနေ တစ်ခုပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် antiperspirantလို့ ခေါ်တဲ့  ချွေးတိတ်ဆေး လိမ်းပေးလို့ရပါတယ်။ ဒါနဲ့မှ မပျောက်ဘူး။ ဆရာဝန်တွေပြောတဲ့ hyperhidrosis လို့ ခေါ်တဲ့ ချွေးထွက်လွန်ရောဂါ ရှိနေပြီဆိုရင်တော့ သေချာပြသပြီး ကုရမှာပါ။

    ကိုယ့်ကိုယ်ကို သတိထားရမှာကတော့ ချည်ထည်လိုမျိုး ချွေးစုပ်နိုင်တဲ့ အဝတ်တွေ၊ ပွပွချောင်ချောင် အဝတ်တွေ ဝတ်ဖို့ရယ်၊ ဖိနပ်ကိုလည်း လေဝင်လေထွက်ကေင်းတာတွေ ဝတ်ဖို့ရယ်၊ ချွေးထွက်များစေတဲ့ ပူပူစပ်စပ် စားစရာတွေ၊ အရည်တွေ ရှောင်ဖို့ရယ်ပဲ ဖြစ်ပါတယ်။

    • ကြွက်နို့

    ကြွက်နို့ကလည်း လူငယ်တွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာ တစ်ခုပါပဲ။ ခြေချောင်း၊ လက်ချောင်းလေးတွေ၊ လက်ဖမိုးတွေ၊ ခြေဖဝါးတွေမှာ အတွေ့ရများပါတယ်။ ကြွက်နို့က ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သူ့ချည်းသက်သက်ကတော့ လူကို ဒုက္ခမပေးနိုင်ပါဘူး။ နည်းနည်း ကြည့်ရဆိုးတာက လွဲလို့ပေါ့လေ။

    ကြွက်နို့က ဒီတိုင်းထားရင်တော့ ၂နှစ်လောက်ကြာရင် သူ့အလိုလို ပျောက်သွားပါတယ်။ ဒီလိုမှ မဟုတ်ဘူး။ ကုမယ်ဆိုရင်လည်း ဆရာဝန်ဆီမှာ သွားကုလို့ရသလို အိမ်တွင်းနည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ ကြွက်နို့ မဖြစ်ချင်ဘူးဆိုရင်တော့ အရေပြားကို ထိခိုက်အနာတရ မဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဥပမာ လက်သည်းကိုက်တာ၊ အရေပြားကို မကြာခဏ ခိုက်မိတာမျိုးပေါ့။ ထိခိုက်ထားတဲ့ အရေပြားဟာ ကြွက်နို့ဗိုင်းရပ်စ် ဝင်လွယ်ပါတယ်။

    • နှင်းခူ

    ကလေးတွေမှာ အဖြစ်များပေမယ့် ဆယ်ကျော်သက်အရွယ်အထိ တွေ့နေရတာမျိုးလည်း ရှိပါတယ်။ ကလေးဘဝတုန်းတည်းက ရှိခဲ့တဲ့ နှင်းခူရောဂါက အရွယ်လေးရောက်လာလို့ အားကစားတွေ လုပ်တဲ့အခါ ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ်၊ ဒူးစွပ်တွေ၊ ခြေကျင်းဝတ်တွေ စွပ်ပြီး ပွန်းပဲ့လို့ပဲ ဖြစ်ဖြစ် ပြန်ပြီး ကြွလာတတ်ပါတယ်။

    ဒီပြဿနာကို ပြေလည်ဖို့ဆိုရင် အစိုဓာတ်ထိန်းကရင်မ်ကို လိမ်းပေးဖို့ လိုပါမယ်။ အထူးသဖြင့် ရေချိုးပြီးတဲ့အခါ၊ ရေကူးပြီးတဲ့အခါမှာပေါ့။ ဒါနဲ့မှ မသက်သာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှု ခံယူသင့်ပါတယ်။

  • နေလောင်ဒဏ်
  • ဆယ်ကျော်သက်အရွယ်လေးတွေဆိုတော့ သွားသွားလာလာရှိတဲ့အတွက် နေလောင်ဒဏ်ကို အနည်းနဲ့အများတော့ ခံရပါတယ်။ အထူးသဖြင့် ထီးဆောင်းပျင်းတဲ့သူတွေ၊ နေလောင်ကာခရင်မ် မလိမ်းတဲ့ သူတွေ ဆိုရင်ပေါ့။ ယောကျာ်းလေးတွေဆို ပိုဆိုးပါတယ်။ ထီးဆောင်းတာ၊ sun creamလိမ်းတာဆိုတာ သူတို့နဲ့ မဆိုင်သလိုပါပဲ။ ဒါကြောင့် နေလောင်ပြီး အသားအရေတွေ ပျက်စီးကုန်တာပေါ့။

    ဒါကြောင့် နေလောင်တဲ့နေရာကို soothing gel တစ်မျိုးမျိုး (ဥပမာ ရှားစောင်းလက်ပပ်) လိမ်းပေးပါ။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ အပြင်သွားတိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသဖြင့် တစ်ခုခု ဆောင်သွားပါ။ နေလောင်ကာခရမ်င်လိမ်းဖို့ကိုလည်း မမေ့ပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement