backup og meta

စိတ်ကြွစိတ်ကျဝေဒနာကို ထိန်းချုပ်နိုင်ရန်နည်းလမ်းများ

စိတ်ကြွစိတ်ကျဝေဒနာကို ထိန်းချုပ်နိုင်ရန်နည်းလမ်းများ

စိတ်ကြွစိတ်ကျဝေဒနာဆိုတာကတော့ စိတ်အခြေအနေဟာ နှစ်ဖက်စွန်းကို ရောက်လွယ်တတ်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်တက်ကြွတဲ့ အခြေအနေနဲ့ စိတ်ကျဆင်းတဲ့ အခြေအနေဟာ တစ်လှည့်စီ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး အစွန်းရောက်လွယ်တဲ့ စိတ်အခြေအနေနဲ့ ကိုယ်ခန္ဓာရဲ့ စွမ်းအင်များဟာ နေ့စဉ်ဘဝမှာ ဒုက္ခပေးလာတတ်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကုသခြင်းမပြုဘဲ လျစ်လျူရှုထားလိုက်ရင် တနေ့ထက်တနေ့ ပိုဆိုးလာနိုင်ပါတယ်။

ဒီလို တက်လွယ်ကျလွယ်တဲ့ စိတ်အခြေအနေကို တတ်နိုင်သလောက် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ယခုဖော်ပြသွားမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ။

၁။ ဆေးမှန်မှန်သောက်ပါ။

စိတ်ကြွစိတ်ကျဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပေမယ့် ဆရာဝန်ညွှန်ထားတဲ့ ဆေးတွေကို မှန်မှန်စွဲသောက်ပေးရင် စိတ်အတက်အကျဖြစ်ခြင်းနဲ့ တခြားစိတ်အခြေအနေတွေ သက်သာလာနိုင်ပါတယ်။ များသောအားဖြင့် စိတ်ငြိမ်ဆေးတွေ၊ စိတ်ကျကုသဆေးတွေ ပေးတတ်ပါတယ်။ ဒီဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ သောက်နေရင်းက ရပ်ပစ်လိုတဲ့ဆန္ဒတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရပ်ပစ်လိုက်ရင် ပိုဆိုးသွားနိုင်ပါတယ်။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ဘယ်လိုစီမံကိုင်တွယ်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးသောက်တဲ့ အစီအစဉ်ကို လွယ်လွယ်နဲ့ မရပ်လိုက်ပါနဲ့။

၂။ နေ့စဉ်ဘဝကို မှတ်တမ်းတင်ထားပါ။

စိတ်ကြွစိတ်ကျဝေဒနာနဲ့အတူ ရှင်သန်နေရတာဟာ မမျှော်မှန်းနိုင်တဲ့ ပြောင်းလဲခြင်းတွေနဲ့ ကြုံနိုင်ပါတယ်။ နေ့စဉ် စိတ်အခြေအနေ၊ အိပ်စက်ပုံ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုး စတာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ အဆိုပါ အချက်တွေနဲ့ ပတ်သက်ပြီး နေ့စဉ်မှတ်တမ်းတင်ထားခြင်းအားဖြင့် ဆရာဝန်ရော သင်ပါ ကုသရေးမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အပြောင်းအလဲရှိခဲ့ရင် ဆရာဝန်ကလည်း ဆေးအချိန်အဆကို ပြောင်းလဲမှာ ဖြစ်ပါတယ်။

၃။ စကားပြောကုထုံး

ဆေးဝါးများဟာ စိတ်ကြွစိတ်ကျဝေဒနာကို ကုသရာမှာ အရေးကြီးသလို စကားပြောကုထုံးဟာလည်း အရေးပါပါတယ်။ စကားပြောကုထုံးကတဆင့် ကျန်းမာရေး၊ ပညာပေး၊ လမ်းညွှန်မှုတွေလည်း ပေးနိုင်ပြီး ရောဂါလက္ခဏာတွေ ပြောင်းလဲမှုရှိမရှိ၊ ပြန်လည်ဆိုးလာနိုင်ခြေ ရှိမရှိ သိနိုင်ပါတယ်။

၄။ ပုံမှန်လှုပ်ရှားပါ

စိတ်ကြွစိတ်ကျအခြေအနေမှာ အိပ်စက်ပုံနဲ့ စားသောက်ပုံ ပြောင်းလဲနိုင်ပါတယ်။ နေ့စဉ် လုပ်ဆောင်မှုတွေကို ပုံမှန်အချိန်ဇယားနဲ့ လုပ်ဆောင်ပြီး စိတ်ကြွစိတ်ကျခြင်းအခြေအနေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။ အချိန်မှန်အိပ် အချိန်မှန်စားရပါမယ်။ အိပ်စက်ခြင်းနဲ့ စားသောက်ခြင်းမှာ ပြောင်းလဲခြင်းဟာ စိတ်ကြွစိတ်ကျဝေဒနာပြန်ဖြစ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အပြောင်းအလဲတစ်စုံတစ်ရာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

၅။ စိတ်ကြွခြင်းရဲ့ အန္တရာယ်များတဲ့ အမူအကျင့်တွေကို စောင့်ကြည့်ပါ။

ဒီလိုမကောင်းတဲ့ စိတ်အခြေအနေရဲ့ အန္တရာယ်တခုကတော့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်မိခြင်းပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး စိတ်ကြီးဝင်လာတတ်ပါတယ်။ ဒီလိုအခြေအနေမှာ အတွေးတွေ မရပ်မနားဖြစ်နေပြီး ထိန်းချုပ်ဖို့ ခက်ခဲတတ်ပါတယ်။ အာရုံတစ်ခုကနေတစ်ခုကို ပြောင်းလွယ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာမှာ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေပါတယ်။ မိမိကိုယ်ကို စိတ်ကြီးဝင်နေတာကို သတိပြုမိရင် နားလည်တတ်ကျွမ်းသူများနဲ့ ပြောဆိုသင့်ပါတယ်။

၆။ စိတ်ကျခြင်းရဲ့ အန္တရာယ်များတဲ့ အမူအကျင့်တွေကို စောင့်ကြည့်ပါ

စိတ်ကျနေချိန်မှာ အာရုံစူးစိုက်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်ဖို့ ခက်ခဲပါတယ်။ သေခြင်းတရားနဲ့ မိမိကိုယ်ကိုသေကြောင်းကြံစည်တဲ့အကြောင်း အတွေးတွေဝင်လာရင် မိမိကိုယ်ကို သတိပြုသင့်ပါတယ်။ စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ ၁၅ ရာခိုင်နှုန်းဟာ မိမိကိုယ်ကို သေကြောင်းကြံစည်တတ်ပါတယ်။ မကုသဘဲထားတဲ့သူတွေမှာ ဖြစ်နိုင်ခြေအန္တရာယ်များပြီး စိတ်ကျတဲ့ဘက်ကို ရောက်နေချိန်မှာ ပိုဆိုးတတ်ပါတယ်။ မိမိကိုယ်ကို အန္တရာယ်ပြုလိုစိတ်တွေဝင်လာရင် နားလည်တတ်ကျွမ်းသူများနဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။

၇။ အရက်နဲ့ မူးယစ်ဆေးရှောင်ပါ

အရက်နဲ့ မူးယစ်ဆေးသုံးစွဲခြင်းဟာ စိတ်ကြွစိတ်ကျဝေဒနာသည်များမှာ တွေ့ရများပါတယ်။ စိတ်ကျစိတ်ညစ်တဲ့အခါ အရက်သောက်ခြင်း ဒါမှမဟုတ် စိတ်ကြွနေချိန်မှာ ဆေးဝါးတစ်မျိုးမျိုးသုံးစွဲခြင်းအားဖြင့် မိမိကိုယ်ကို ကုစားလိုက်ကြပါတယ်။ တကယ်တော့ ဒါဟာ ပိုဆိုးစေပါတယ်။ နောက်ပိုင်းမှာ ပြန်ဖြစ်တတ်ပါတယ်။

၈။ အခြားကျန်းမာရေးပြဿနာများကို ဂရုစိုက်ပါ

စိတ်ကြွစိတ်ကျဝေဒနာသည်တွေမှာ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စတဲ့ရောဂါတွေလည်း တွေ့ရများပါတယ်။ သေချာမကုသဘဲထားရင် ပိုမိုဆိုးရွားသွားတတ်ပါတယ်။ ဒါ့အပြင် စိတ်ကြွစိတ်ကျခြင်းအတွက်ပေးတတ်တဲ့ Lithium ဟာ သိုင်းရွိုက်ဟော်မုန်းကို ကျဆင်းစေတတ်ပြီး သိုင်းရွိုက်အလုပ်လုပ် အားနည်းခြင်း ဖြစ်တတ်ပါတယ်။ အဲဒီအခါ ကိုယ်ခန္ဓာစွမ်းအင်ကုန်ခမ်းတတ်ပြီး စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။

၉။ နားလည်တတ်ကျွမ်းသူများစကားကို နားထောင်ပါ

မိသားစုဆရာဝန်ဖြစ်စေ၊ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်စေ စိတ်ကြွစိတ်ကျဝေဒနာသည်ကို အကောင်းဆုံး အကူအညီပေးနေသူများ ဖြစ်ကြပါတယ်။ စိတ်ကုထုံးပညာရှင်၊ လူမှုဝန်ထမ်းလုပ်ဆောင်ကူညီပေးသူများ၊ နှစ်သိမ့်ဆွေးနွေးပေးသူများဟာလည်း ကုသရာမှာ တတပ်တအားပါဝင်သူများ ဖြစ်ကြပါတယ်။ ဒီလူတွေအားလုံးရဲ့ ဝိုင်းဝန်းကူညီမှုကို ရယူရပါမယ်။ နားလည်တတ်ကျွမ်းသူများရဲ့ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthgrades.com/right-care/bipolar-disorder/9-ways-to-keep-bipolar-disorder-under-control?hid=nxtup Accessed Date 28 July 2020

ယခုပုံစံ

29/07/2020

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမှားလုပ်မိမှာ ကြောက်တဲ့စိတ်ကို ဘယ်လို အနိုင်ယူကြမလဲ

သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ



Dr. Thant Zin မှ ရေးသားသည်။ · 29/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement