backup og meta

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အကြောင်း ဘာတွေများ သိထားသလဲ။ မျှဝေကြရအောင်လေ။

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။

ရောဂါပိုးမွှားများကို ပြင်ပကနေ ခန္ဓာကိုယ်ထဲ အလွယ်တကူဝင်မလာနိုင်အောင် ထိန်းချုပ်ပေးနိုင်တဲ့၊ ကိုယ်ခန္ဓာထဲမှာ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ဖို့နှင့် ရောဂါပိုးများ မျိုးပွားခြင်းကို နှေးကွေးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းသည် အလွန်အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို ဘာတွေက မြှင့်တင်ပေးနိုင်လဲ။

  • တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို စုံလင်စွာရရှိခြင်း
  • အိပ်ချိန်ပြည့်ဝခြင်း
  • လေ့ကျင့်ခန်းလုပ်ခြင်း
  • ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်များကို ရှောင်ရှားခြင်း စတဲ့အချက်များဖြင့် ကိုယ်ခံအားကောင်းအောင် မြှင့်တင်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ က  ဘာများဖြစ်မလဲ။

၁။ အားဆေးတွေ များများသောက်ရင် ကိုယ်ခံအားပိုကောင်းနိုင်တယ်။

အရာရာတိုင်းမှာ တန်ဆေး၊ လွန်ဘေးဆိုတဲ့ စကားက သက်ရောက်မှုရှိပါတယ်။ ကိုယ်ခံအားကောင်းဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပြည့်ဝဖို့လိုတယ်ဆိုပေမယ့် လိုတာထက်ပိုသွားရင်တော့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် အစာအာဟာရကို ပြည့်ဝစုံလင်စွာ စားပေးခြင်းက အသင့်လျော်ဆုံးနဲ့ အကောင်းဆုံးသော ကိုယ်ခံအားမြှင့်တင်ခြင်းနည်းလမ်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ခု ကိုဗစ်ကာလမှာ လူတွေရောဂါဖြစ်မှာ ကြောက်တဲ့စိတ်နဲ့ရော၊ မဟုတ်မမှန်တဲ့ ကျန်းမာရေးသတင်းတွေကို ဖတ်ရှုနားထောင်ပြီး ဗီတာမင်စီ၊ ဒီ အားဆေးတွေကို အလွန်အကျွံသောက်လာကြတယ်။ ဒါက သင့်ကို ကိုယ်ခံအားတက်စေမှာမဟုတ်ဘဲ ပိုပြီး ဒုက္ခရောက်စေမှာပါနော်။

၂။ လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခံအားကို ကျစေတယ်။

ဒီယုံတမ်းစကားက ဘယ်ကလာတာလဲဆိုတော့ လေ့ကျင့်ခန်းလုပ်ပြီး မောပန်းသွားတဲ့အခါ ခန္ဓာကိုယ်က ချွေးအလွန်အကျွံထွက်ပြီး အားအင်ကုန်ခမ်းရာကနေ စပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ အားအင်ကုန်သွားတာကို ကိုယ်ခံအားကျတယ်လို့ ထင်ပြီး လူတွေက လေ့ကျင့်ခန်းလုပ်ရမှာကို ကြောက်လန့်လာကြတာပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးလည်ပတ်မှုကောင်းစေသလို သွေးတွင်း အောက်စီဂျင်ပမာဏကိုလည်း မြင့်တက်စေလို့ နှလုံးနဲ့ အဆုတ်ကို အားကောင်းစေတယ်။ ကိုယ်ခံအားစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ စိတ်ဖိစီးမှုဟော်မုန်း (ကော်တီစော်ဟော်မုန်း) ထုတ်လုပ်နိုင်မှုပမာဏကိုလည်း လျော့နည်းစေလို့ ကိုယ်ခံအားကိုကောင်းစေမှာပါ။

အလွန်အကျွံမဟုတ်တဲ့ လေ့ကျင့်ခန်းက သင့်ကိုယ်ခံအားကို တက်စေပါတယ်။

၃။ မွေးကတည်းက ကိုယ်ခံအားကောင်းတဲ့သူက လုံးဝမဖျားနိုင်တော့ဘူး။

တချို့လူတွေ မွေးကတည်းက သူများထက်ပိုပြီး ကိုယ်ခံအားကောင်းတဲ့အတွက် တော်ရုံမဖျားတာ၊ ကြံ့ခိုင်သန်စွမ်းပြီး ရောဂါဘယကင်းရှင်းတာမျိုး ရှိပါတယ်။ ဒါပေမယ့် လူ့သဘာဝ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်နှုန်း ကျဆင်းလာသလိုပဲ ကိုယ်ခံအားစနစ်ဟာလည်း ဆုတ်ယုတ်လာပါတယ်။ ဒါကြောင့် ငယ်တုန်းမှာ ဘယ်လိုနေနေ မဖျားရင်တောင် အသက်ကြီးလာရင်တော့ ရောဂါဘယထူပြောလာမှာပါ။

၄။ ကာကွယ်ဆေးထိုးထားရင် ဘာရောဂါမှ မရနိုင်တော့ဘူး။

ဒါကတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတဲ့ အခြေခံလူတန်းစားတွေမှာ အပြောများတဲ့ ကိစ္စတစ်ခုပါ။ ရပ်ကွက်ဆေးပေးခန်းကနေ ကာကွယ်ဆေးထိုးရမယ်ဆိုလို့ သွားသာထိုးလိုက်တယ်၊ ဘာရောဂါကို ကာကွယ်ပေးနိုင်တဲ့ဆေးမှန်းလည်း မသိဘူး၊ ဘာဆေးထိုးမှန်းမသိတော့ ဆရာဝန်မေးရင်လည်း တိကျသေချာတဲ့ အဖြေတစ်ခုကို မပြောနိုင်ဘဲ ကာကွယ်ဆေးထိုးထားတယ်လေ ဆိုတာလောက်ပဲ ပြန်ဖြေပေးနိုင်တယ်။

တကယ်တော့ ရောဂါတွေကို ၁၀၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးဆိုတာ မရှိပါဘူး။ ဒီတော့ ကာကွယ်ဆေးထိုးထားလို့ ကိုယ်ခံအားက လုံးဝကောင်းသွားပြီ၊ ဘယ်တော့မှ မဖျားနိုင်ဘူးဆိုတာ မရှိပါဘူးနော်။

၅။ ဖျားနေရင်၊ ရောဂါတစ်ခုဖြစ်နေရင် တခြားရောဂါတွေ ထပ်မဖြစ်နိုင်ဘူး။

ကျန်းမာရေးအကြောင်းနဲ့ ပတ်သက်ပြီး လူတွေအလွယ်တကူ နားလည်အောင် ပြောပြ၊ ရှင်းပြတဲ့အခါ ရောဂါပိုးရဲ့ အမည်နာမ၊ မူရင်းဇစ်မြစ်တွေကို ချန်ထားပြီး ရောဂါပိုး သို့မဟုတ် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားဆိုပြီးတော့သာ သုံးတာပါ။ တကယ်တမ်းက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုရောဂါပိုးပေါင်း များစွာရှိပြီး ဒီပိုးတစ်မျိုးချင်းစီက ရောဂါတွေအများကြီးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာထဲမှာ ရောဂါပိုးတစ်မျိုးရှိလို့ ဖျားနာနေတယ်ဆိုရင်လည်း နောက်ထပ်ရောဂါအသစ်တွေ ဖြစ်နိုင်ပါတယ်။ ဖျားနာနေချိန်မှာ ကိုယ်ခံအားက နဂို ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ဖို့ အားအင်တွေ အသုံးပြုရတဲ့အတွက် နောက်ထပ်ဝင်လာမယ့် ရောဂါပိုးတွေကို နှိမ်နင်းနိုင်ခြင်း၊ ကာကွယ်ပေးနိုင်ခြင်းလည်း နည်းသွားပါတယ်။

ခုလို ကပ်ဘေးကာလမှာ ပြည်သူအားလုံးလည်း ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကို ကောင်းနိုင်သလောက် ကောင်းအောင် ကျန်းမာရေးနဲ့ စားသောက်နေထိုင်မှုပုံစံကို သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.health.harvard.edu/staying-healthy/how-to-boost-your-immune-system

ယခုပုံစံ

16/11/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ

ဂျင်ဆင်း (သို့မဟုတ်) ကိုယ်ခံအားသို့ သွားရာလမ်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement