ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ

    ၂၀၂၀ နှစ်သစ်စချိန်ကစပြီး ယနေ့ထိတိုင်အောင် trending ဖြစ်နေခဲ့၊ ဖြစ်နေဆဲ hot topic ဟာ COVID-19 ပါပဲ။ ကြောက်စရာ ဒီရောဂါပိုးကြီးကို ဘယ်သူကမှ ကူးစက်မခံချင်ကြပါဘူး။ အဲဒီတော့ ကျွန်မတို့တွေဟာ လက်ကိုခဏခဏဆေးခြင်းနှာခေါင်းစည်းတပ်ခြင်းတို့နဲ့ စနစ်တကျ ကာကွယ်ကြဖို့ အရေးကြီးသလို တစ်ဖက်မှာလည်း အကယ်၍ ကိုယ်သတိမထားမိလိုက်ချိန်မှာ မတော်တဆကူးစက်ခံရနိုင်တဲ့ အခြေအနေမျိုးအတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ယနေ့ထိ ကမ္ဘာမှာ COVID-19 ရောဂါပိုးကို သေအောင်သတ်နိုင်တဲ့ဆေးရော၊ ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ဆေးပါ မပေါ်သေးပါဘူး။ တီထွင်စမ်းသပ်နေကြဆဲပါ။ အဲ့ဒီအတွက် ယခုလက်ရှိမှာ ကျွန်မတို့ အားကိုးရမှာက ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်ကိုပဲ ဖြစ်ပါတယ်။

    လူတိုင်းလူတိုင်းမှာ (immune system) ကိုယ်ခံအားစနစ်ဆိုတာ ရှိပါတယ်။ ပြင်ပက ရောဂါပိုးတစ်ခုခု ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က အဆိုပါပိုးကို တိုက်ထုတ်ဖို့ antibodies တုံ့ပြန်ပဋိပစ္စည်းတွေထုတ်လုပ်ပြီး ရောဂါပိုးကို တိုက်ထုတ်ပေးပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ရန်သူတော်အသစ်စက်စက် COVID-19 ကို တွန်းလှန်ဖို့အတွက် ကိုယ်ခံအားကောင်းဖို့က အလွန်အရေးကြီးပါတယ်။

    ကိုယ်ခံအားကောင်းအောင် ဘာတွေလုပ်ရမလဲ

    အခုအချိန်မှာ ဆရာဝန်တစ်ယောက်အနေနဲ့ အမေးအခံရဆုံးမေးခွန်းပါပဲ။

    ၁. အိပ်ရေးဝအောင် အိပ်ရပါမယ်။

    အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်စက်ချိန်တွေ မတူညီကြပါ။

    ဥပမာ- အသက် ၆၅နှစ်အထက် လူကြီးများ- ၇-၈နာရီ၊ လူရွယ် လူလတ်ပိုင်းများ- ၇-၉နာရီ၊ ဆယ်ကျော်သက်အရွယ်- ၈-၁၀နာရီ၊ တစ်နှစ်မှ ၉နှစ်အတွင်း – ၁၀နာရီအထက်၊ တစ်နှစ်အောက် ကလေးငယ်များ – ၁၂နာရီနှင့်အထက် တို့ပဲဖြစ်ပါတယ်။

    ၂. အာဟာရပြည့်ဝစွာ စားသုံးပါ။

    အစာအာဟာရအုပ်စု ၃မျိုးလုံး ပါဝင်အောင် စားပေးရပါမယ်။ ပိုပြီးများများစားပေးရမှာကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါ။ အထူးသဖြင့် ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့ ချဉ်သောအသီးအနှံများ၊ စတော်ဘယ်ရီသီး၊ ငရုတ်ပွသီး၊ ပန်းဂေါ်ဖီစိမ်းတို့ပါပဲ။ဒါ့အပြင် အသားဓာတ်ကိုလည်း မဖြစ်မနေ ပါဝင်အောင် စားပေးဖို့ လိုပါတယ်။

    ၃. သင့်တော်တဲ့ ကိုယ်အလေးချိန်ရအောင်ထိန်းထားပါ။

    မိမိရဲ့ အသက်အရွယ်၊ အရပ်တို့အပေါ်မူတည်ပြီး ရှိသင့်တဲ့ BMI အတိုင်းအတာထဲမှာ ရှိနေရဲ့လားဆိုတာ မိမိကိုယ်ကို အမြဲဆန်းစစ်နေဖို့လိုပါတယ်။ ဝလွန်းခြင်း၊ ပိန်လွန်းခြင်းတို့ မဖြစ်စေဘဲ ပုံမှန် BMI အတိုင်းအတာထဲမှာ ရှိနေအောင် ထိန်းထားဖို့လိုပါတယ်။

    ၄. ဆေးလိပ်မသောက်ပါနဲ့။

    ၅. အရက်အလွန်အကျွံမသောက်ပါနဲ့။

    ၆. ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။

    သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းစေခြင်း၊ သွေးပေါင်မတက်အောင် ထိန်းပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်ခြင်းတို့အပြင် ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ကိုပါ အထောက်အကူပြုပေးပါတယ်။

    ၇. စိတ်ဖိစီးမှုကို တတ်နိုင်သလောက် နည်း‌နိုင်သမျှနည်းအောင်နေပါ။

    ကိုယ့်ကို စိတ်ဖိစီးမှုပေးနိုင်တဲ့ လူ၊ ပတ်ဝန်းကျင်၊ အလုပ် စတာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာနေပါ။ အကောင်းမြင်စိတ်မွေးပါ။

    ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ကြရင်း ကပ်ရောဂါဘေးမှ အားလုံးကင်းဝေးကြပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

    ရေးသားသူ – Dr.Saint

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement