ဘာကြောင့်ဆေးပုံမှန်စစ်သင့်တာလဲ။ ဘာတွေစစ်ကြမလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသက်ကို ဉာဏ်စောင့်တယ်။ ဒီစကားလေးက ငယ်ငယ်ကတည်းက လူကြီးတွေပြောတာကို ကြားဖူးနေလောက်တဲ့စကားလေးတစ်ခွန်းပေါ့။ တကယ်ကိုလည်းမှန်ပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရပေးဖို့လိုသလို ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်းမေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အချို့သောရောဂါတွေက အစောပိုင်းအဆင့်တွေမှာ သိရှိကုသနိုင်မယ်ဆိုရင်ပျောက်ကင်းအောင်ကုသနိုင်တာမျိုးတွေရှိတာကိုး။ရောဂါတွေကိုစောစောသိရှိကုသကာကွယ်နိုင်မယ့်နည်းလမ်းလေးတစ်ခုကို ဒီဆောင်းပါးလေးမှာပြောပြပေးထားလို့ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေချင်သူလေးတွေ ဖတ်ကြည့်ကြဖို့ပြောပါရစေ။

ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေဖို့ ဘာလုပ်ရမလဲ……..

ဒီအဖြေလေးကတော့ ရှင်းပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုတဲ့ စကားကိုလိုက်နာတဲ့အနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေါ့။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာက အပိုငွေကုန်တာလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ ကိုယ့်အတွက်ကိုယ်ရင်းနှီးမြှုပ်နှံတာပါ။ ဒီတော့ Helloဆရာဝန်ပရိသတ်ကြီးကိုဖြစ်နိုင်ရင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်စေချင်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တဲ့ အကြောင်းအရင်း

ဆရာဝန်ဆီကိုပုံမှန်သွားပြီးလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တာကကောင်းတဲ့အချက်တစ်ခုပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့်

ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သိရှိနိုင်တယ် – တစ်နှစ်တစ်ခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တာကနောက်တစ်ချိန်မှာဖြစ်လာနိုင်တဲ့ရောဂါတွေရဲ့ အစပျိုးနေတဲ့ လက္ခဏာတွေကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရစေပါတယ်။

လက်ရှိကျန်းမာရေးအခြေအနေကို သိနိုင်တယ် –ကိုယ်မသိလိုက်ဘဲ လက်ရှိကာလမှာ ခံစားနေရတဲ့ရောဂါလက္ခဏာတွေကို သိရှိပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ခွင့်ရရှိစေနိုင်တယ်။

ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရနိုင်တယ် – သတိထားဆင်ခြင်ရမယ့် အချက်တွေကိုသိရှိပြီးနေ့စဉ်ဘဝမှာ ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရစေနိုင်တယ်။

လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေလုပ်နိုင်တယ် – ရာသီတုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင် အသားဝါ A ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးအပါအဝင်အခြားနှစ်စဉ်ထိုးနှံဖို့လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း မမေ့မလျော့ထိုးနှံမိစေမှာပါ။

ကျန်းမာရေးကုန်ကျစရိတ်သက်သာစေနိုင်တယ် – မဖြစ်ခင်က ကြိုတင်သိရှိကာကွယ်နိုင်မှုကြောင့်ရောဂါခံစားရတာ သက်သာသလိုဆေးကုသမှုကုန်ကျစရိတ်လည်း သက်သာစေမှာ အမှန်ပါ။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်သူတွေက ဘယ်သူတွေလဲ………

  • ရောဂါအခံရှိသူတွေ
  • သက်အရွယ်ကြီးရင့်နေတဲ့သူတွေ
  • သက်လတ်ပိုင်းတွေ
  • မိဘမျိုးရိုးမှာ နာတာရှည်ရောဂါတစ်ခုခုခံစားရမှုရှိသူတွေ
  • အဝလွန်နေသူတွေ
  • ရှိသင့်တဲ့ BMI (ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း) ထက်နည်းနေတဲ့သူတွေ
  • မွေးရာပါရောဂါတစ်ခုခုခံစားနေရတဲ့ ကလေးငယ်တွေကအခြားသူတွေထက်ပုံမှန်စစ်ဆေးမှုလုပ်သင့်ပါတယ်။

အသက်အရွယ်အလိုက်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုအကြိမ်ရေ

အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးမှုခံယူရမယ့် အကြိမ်ရေလည်း ကွာခြားနိုင်ပါတယ်။

  • အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အထိ ၂ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
  • အသက် ၂၂ နှစ်ကနေ ၆၄ နှစ်အထိ ၁ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
  • အသက် ၆၅ နှစ်အထက် တစ်နှစ်ကို တစ်ကြိမ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါဘာတွေပါသင့်လဲ…….

  • သွေးစစ်ရမယ် (ကူးစက်ရောဂါပိုးတွေရှိနေလား)
  • သွေးတွင်းကိုလက်စထရောပမာဏစစ်ဆေးခြင်း
  • ဆီးချိုသွေးချိုရှိ၊မရှိစစ်ဆေးခြင်း
  • သားအိမ်ခေါင်းကင်ဆာရှိ၊မရှိစစ်ဆေးခြင်း
  • သွေးတွင်းပရိုတင်း စစ်ဆေးခြင်း
  • အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း
  • ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
  • အမျိုးသမီးဟော်မုန်း စစ်ဆေးခြင်း
  • အမျိုးသားဟော်မုန်း စစ်ဆေးခြင်း
  • အသည်းပရိုတင်းပမာဏ စစ်ဆေးခြင်း
  • အသည်းရောင်အသားဝါရောဂါပိုး ကူစက်ခံထားရတာရှိ၊မရှိ စစ်ဆေးခြင်း
  • HIV ပိုးကူးစက်ခံထားရမှုရှိ၊မရှိ စစ်ဆေးခြင်း
  • ဆီးကျိတ်ကင်ဆာရှိ၊မရှိ စစ်ဆေးခြင်း
  • အစာအိမ်နဲ့အူလမ်းကြောင်းစစ်ဆေးခြင်း
  • မျက်လုံးစစ်ဆေးမှု
  • သွားနဲ့ခံတွင်းစစ်ဆေးမှု
  • ရင်သားဓါတ်မှန်ရိုက်ခြင်း
  • ရင်သားကင်ဆာစစ်ဆေးခြင်း
  • နှလုံးကျန်းမာရေးစစ်ဆေးခြင်း
  • ဂေါက်ရောဂါရှိ၊မရှိ ယူရစ်အက်ဆစ် စစ်ဆေးခြင်း
  • အရိုးသိပ်သည်းဆစစ်ဆေးခြင်း
  • ဆီးစစ်ခြင်း စတာတွေအပြင်သွေးတိုးရှိနေလားဆိုတဲ့ အခြေခံကျန်းမာရေးစစ်ဆေးမှုတွေကနေစလို့ အသက်အရွယ်အရလိုအပ်မယ့် ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ရောဂါအခြေအနေအရလိုအပ်မယ့် စစ်ဆေးမှုတွေကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။

ကဲ…ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ပျော်ပျော်ရွှင်ရွှင် အသက်ရှည်ရှည်နေနိုင်စေဖို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့စိတ်ဝင်စားလာပြီလား။ ဒါဆိုရင်တော့ မဖြစ်မနေစဉ်းစားရမှာတစ်ခုကကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးပေးနိုင်ပြီး စိတ်ချရတဲ့နေရာမှာ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူဖို့ပေါ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇွန် 28, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 26, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။