ထမင်းစားပြီး ရေမချိုးနဲ့နော် ရေဖျဉ်း စွဲလိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့သတိပေးစကား။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။
တကယ်တော့ရေဖျဉ်းဆိုတာ အပြင်ကရေတွေဗိုက်ထဲဝင်သွားတာမဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းကအမြှေးပါးနှစ်လွှာကြားမှာ အရည်တွေစုလာတာဖြစ်ပါတယ်။ အရည်ပမာဏအနည်းငယ်ပဲဆို ပုံမှန်ဖြစ်ပေမယ့် အသည်းကပုံမှန်အလုပ်မလုပ်တဲ့အခါ အရည်တွေစုလာတတ်ပါတယ်။
ဘာကြောင့် ရေဖျဉ်း စွဲသလဲ
အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ အသည်းအရွတ် ဖြစ်တဲ့အခါ အသည်းရဲ့ သွေးကြောတွေ အတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေ စုပုံစေတာ ဖြစ်ပါတယ်။ ရေဖျဉ်း ဖြစ်စေတဲ့ အသည်းထိခိုက်မှုတွေထဲမှာ အသည်းခြောက်ခြင်း၊ အသည်းရောင် ဘီ နဲ့ စီရောဂါတွေနဲ့ အရက်သောက်ခြင်းတို့ အဓိကပါဝင်ပါတယ်။
ရေဖျဉ်းဖြစ်နိုင်ခြေ များစေတဲ့ တခြားအကြောင်းရင်းတွေကတော့ –
- သားဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ကင်ဆာ
- နှလုံး သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်း
- ပန်ကရိယ ရောင်ခြင်း
- တီဘီရောဂါ
- သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ တို့ဖြစ်ပါတယ်။
ရေဖျဉ်းလက္ခဏာ
ဖြစ်လာစေတဲ့ အကြောင်းရင်းကို မူတည်ပြီး ရေဖျဉ်း လက္ခဏာတွေက ရုတ်တရက်လည်း ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်းလည်းပေါ်လာနိုင်ပါတယ်။ လက္ခဏာတွေက အမြဲတော့ အရေးပေါ်အခြေအနေ မဖြစ်နေပေမယ့် အောက်ပါအချက်တွေ ဖြစ်လာရင် ဆရာဝန်ချက်ချင်း ပြသင့်ပါတယ် –
- ရုတ်တရက် ဝိတ် အရမ်းတက်လာတာ
- ဗိုက်ဖောင်းလာတာ(ဖောရောင်သလို)
- လှဲအိပ်နေရင် အသက်ရှူရခက်တာ
- အစာစားချင်စိတ် လျော့နည်းလာတာ
- ဗိုက်အောင့်တာ
- လေပွတာ
- မအီမသာ၊ ပျို့အန်တာ
- ရင်ပူတာတွေ ဖြစ်လာရင် စစ်ဆေးကုသမှု ခံယူပါ။
အမှန်က အစားစားပြီး ရေချိုးလိုက်တဲ့အခါ အစာကို ချေဖျက်ဖို့ လုပ်ဆောင်ချက်မှာနှေးသွားစေပါတယ်။ အစာမကြေမှာ စိုးတဲ့အတွက်ရှေးလူကြီးတွေက ရေဖျဉ်း ကို ဆွဲထည့်ပြီး ဖြဲခြောက်လိုက်ပုံ ရပါတယ်။ အစားစားပြီး ရေချိုးလိုက်ရင်ပဲ ဗိုက်ကြီးပွပြီး ရေဖျဉ်းဖြစ်လာတော့မလို ကြောက်စိတ်ကြောင့် ချက်ချင်း ရေမချိုးတော့ပါဘူး။ အစာမကြေစေတာတော့ အမှန် ဖြစ်တာကြောင့် စွန့်စားပြီး ရေချိုးချလိုက်တဲ့သူတွေမှာ ဗိုက်ပွခြင်းကို ခံစားရနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။