တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေးစားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးတယ်ဟုတ်။
ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်ခြောက်တွေကိုထောင်ပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။
ဒီမယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
ဆေးပေါင်းခစေဖို့ စားကြတဲ့ မယ်ဇလီဖူးသုပ်
ဆေးပေါင်းခစေတယ်လို့ သတင်းကြီးနေတဲ့ မယ်ဇလီဖူးလေးက
သွေးချို ကျစေတယ်။
မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချို ကာကွယ်ချင်သူတွေလည်း စားပေးလို့ရပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။
မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုရော အရေပြားကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးနိုင်တာပါ။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။
မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ဝမ်းမှန်စေတယ်။
မယ်ဇလီဖူးက သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။
မယ်ဇလီဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီး ဆင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
သွေးတွင်းကိုလက်စထရော ကျစေတယ်။
မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။
အရေပြား ကျန်းမာစေတယ်။
မယ်ဇလီဖူးက အရေပြားပေါ်က အမာရွတ်တွေ၊ အမဲစက်တွေကိလည်း သက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာ လိမ်းပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။
ကိုယ်နံ့ကင်းစေတယ်။
ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေတယ်ဆိုရင် သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။
ကဲ…ဘယ်လိုလဲ။ ဖွားဖွားအတင်းခွံတဲ့ မယ်ဇလီဖူးသုပ်ကို စားသင့်ရဲ့လား………… ကိုယ်တိုင် စဉ်းစားလိုက်တော့နော်…………..
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။