backup og meta

အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

    အမျိုးသားတွေရော အမျိုးသမီးတွေမှာရော ကလေးတွေပါ မကျန် ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်မျိုးရှိပါတယ်။ ဒါကတော့ ဝက်ခြံပါ။  ဝက်ခြံက အသက်အရွယ် မရွေး ဖြစ်နိုင်သလို အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လေဒီလေးတွေမှာမဟုတ်ဘဲ ဘရိုတို့မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေး ပါရစေနော်။

    အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ ဒီလိုသက်သာအောင်လုပ်ပါ

    ဝက်ခြံပေါက်နေလို့ဖြစ်ဖြစ် ဝက်ခြံ မဖြစ်အောင် ကာကွယ်ချင်လို့ဖြစ်ဖြစ် ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ကဲ ဘယ်လိုများလဲ တူတူကြည့်လိုက်ရအောင်လား။

    အရေပြားကို သန့်ရှင်းအောင်ထားပါ

    မျက်နှာကို ပုံမှန် သန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင် ပါတယ်။ အလုပ် အရမ်းများ နေရင်တောင် မျက်နှာကို တစ်နေ့ ၂ ကြိမ်တော့ သန့်စင်ပေးပါ။ ဆပ်ပြာ မသုံးချင်ရင်တောင် အနည်းဆုံး ရေအေးအေးလေးနဲ့ သန့်စင်ပေးပါ။

    အပြင်ထွက်နေရတဲ့သူ အနေနဲ့ အရေပြားပေါ်က ချွေးပေါက်ထဲမှာ ဖုန်မှုန့်တွေ ပိတ်ဆို့နေနိုင်ခြေက ပုံမှန်ထက် များပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်စေနိုင်တဲ့ အခွင့်အလမ်းက များနေမယ်ဆိုတာ ပြောနေစရာ မလိုအောင်ပါ။ ဒါကြောင့် မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ။

    အလွယ်ကူဆုံးမျက်နှာသန့်ဆေးပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပါ။ ပြီးရင် ဂွမ်းစလေးနဲ့ယူပြီး မျက်နှာကို အပေါ်ဘက်ကို ဆွဲတင်တဲ့နည်းနဲ့ သန့်စင်ပေးပါ။

    ဆဲလ်သေတွေဖယ်ရှားပါ

    မျက်နှာ အသားအရေမှာ ဝက်ခြံ ကင်းဖို့ဆိုရင် ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက် ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးဖို့ လိုပါမယ်။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ဆဲလ်သေတွေ ဖယ်ရှားပေးပါ ။

    ဒီလိုလုပ်ပေးတာက ဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေလို့ အသားအရေကို ကျန်းမာလာစေမှာပါ။ ဆဲလ်သေတွေ ဖယ်ရှားတဲ့အခါ အပြင်းစား ဓာတုပစ္စည်းတွေ ပါဝင်နေတာမျိုးကိုတော့ မသုံးဖို့ ပြောပါရစေ။

    အဆင်ပြေဆုံး ဆဲလ်သေဖယ်ရှားမှုနည်းလမ်း– baking soda လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့နဲ့ရောပါ။ ပြီးရင် လက်ချောင်းလေးတွေ သုံးလို့ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံလေး နှိပ်ပေးရင်းလူးပေးပါ။ ၂ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ခြောက်အောင် သုတ်ပေးပါ။

    အဆီပြန်မှုကိုထိန်းသိမ်းပါ

    လေဒီတွေမှာမှ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း အဆီပြန်နိုင် ပါတယ်။ အဆီပြန်တာက ဝက်ခြံတွေ ဖြစ်စေဖို့ အားပေးနိုင်တာကြောင့် အဆီပြန်တာကို သက်သာအောင် လုပ်ဖို့ ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် မျက်နှာ အဆီပြန်တာကို သက်သာစေတဲ့ ရွှံ့စေးနဲ့ ပေါင်းတင်တာမျိုး လုပ်ပေးပါ။

    နေလောင်ကာခရင်မ်သုံးပါ

    နေရောင်ခြည်က ကျန်းမာရေး အတွက် ထိတွေ့ ပေးသင့်တယ် ဆိုပေမယ့် ခရမ်းလွန်ရောင်ခြည်ကတော့ အသားအရေကို ထိခိုက်ပျက်စီး စေသလို ဝက်ခြံတွေကိုဖြစ်စေနိုင် ပါတယ်။

    ဒါကြောင့် ဝက်ခြံ မဖြစ်ချင်ဘူးဆိုရင် အသားအရေကို နေရောင်ခြည်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် နေရောင်ထဲ မထွက်ခင် နာရီဝက် အလိုမှာ နေလောင်ကာခရင်မ်ကို လူးပေးဖို့ မမေ့ပါနဲ့။

    မုတ်ဆိတ်ရိတ်တဲ့အခါ သတိထားပါ

    မုတ်ဆိတ်ရိတ် တဲ့အခါ ထိရှတာမျိုး မဖြစ်စေဖို့အတွက် သေချာလေး သတိထား စေချင်ပါတယ်။ အကြောင်းကတော့ မုတ်ဆိတ်ရိတ်တဲ့အခါ ထိရှိမိတာက အရေပြားကို ရောင်ရမ်းစေနိုင်သလို အသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် မုတ်ဆိတ်ရိတ်တဲ့အခါ သေချာလေးဂရုစိုက် ဖို့ပြောပါရစေ။

    ခေါင်းမလျှော်တာကြောင့် ဝက်ခြံ ဖြစ်စေနိုင်လား ဆိုတော့ ဖြစ်စေနိုင်ပါတယ်။ ဆံပင်မှာ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။

    ဒီလိုနဲ့ ဆံသားတွေက မျက်နှာ အရေပြားကို ထိမိမယ်၊ ခေါင်းကဗောက်တွေက မျက်နှာ အသားအရေမှာ လာကပ်မယ် ဆိုရင် ဝက်ခြံ ဖြစ်လာမှာပါ။ ဒါကြောင့် ဝက်ခြံ သက်သာချင်ရင် ခေါင်းကို ပုံမှန် လျှော်ပေးပါ။

    ဝက်ခြံကို မဆိတ်ဆွပါနဲ့

    ဝက်ခြံတွေက သူတို့ကို သွားဆွရင် ပြန်ပေးတဲ့ သင်ခန်းစာက နည်းနည်း ကြမ်းတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဝက်ခြံတွေကို သွားမဆွပါနဲ့။ ဝက်ခြံကို မြန်မြန်လည်း ပျောက်စေချင်တယ်၊ အမာရွတ်လည်း မကျန်စေချင်ဘူး ဆိုရင် ဝက်ခြံ ဖြစ်လာတဲ့အခါ သူ့အတိုင်းပဲ ထားလိုက်ပါ။ ကုတ်ဖဲ့တာ၊ ဆိတ်ဆွတာတွေ မလုပ်ပါနဲ့။

    ဒီ နည်းလေးတွေ အသုံးပြုတာက အရေပြားပေါ်က ဝက်ခြံတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement