backup og meta

သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

    အမျိုးသားတွေက လိင်တံကြီးချင်ကြသလို အမျိုးသမီးတွေကလည်း မိမိ ရင်သားအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်တော့ ရင်သားကြီး ခြင်း၊ သေးခြင်းဆိုတာက ကျန်းမာရေး အရတော့ ဘာမှ မထူးခြားလှပါဘူး။ တချို့လေ့လာချက်တွေမှာ ရင်သားကြီးလွန်းရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိတယ်တောင် ဆိုကြပါတယ်။

    ဒါပေမယ့် လူဆိုတာမျိုးကတော့ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ရင်သား အပါအဝင် မိမိရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို သေးအောင်၊ ကြီးအောင် အမျိုးမျိုး ပြုပြင်ကြပါတယ်။ ခုပြောပြမှာကတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မသုံးဘဲ မိမိရင်သားကို ကြီးထွားအောင် လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။

    ရင်သားအရွယ်အစားကို ဘာတွေက ထိန်းချုပ်ထားတာလဲ။

    လူတစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား မတူရတာက

    • မျိုးရိုးဗီဇ
    • အသက်အရွယ်
    • ကိုယ်အလေးချိန်
    • ဟော်မုန်း
    • ကိုယ်ဝန်ရှိ မရှိ စတာတွေနဲ့ ဆိုင်ပါတယ်။

    ရင်သားက အဆီတစ်ရှူးဖြစ်တဲ့အတွက် ဝလာရင် ရင်သားလည်း အလိုလို ကြီးလာပါတယ်။ တချို့ လူကောင်သေးပြီး ရင်သားကြီးတဲ့သူတွေလည်း အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် ရင်သားကြီးအောင်ဆိုပြီး ဝလာအောင်တော့ မလုပ်သင့်ပါဘူး။ အဝလွန်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။

    သဘာဝအတိုင်း ရင်သားကြီး စေမယ့် နည်းလမ်းများ

    • ရင်ဘတ်လေ့ကျင့်ခန်း လုပ်ပါ။

    ရင်သားက အဆီတွေ၊ ထောက်ပို့တစ်ရှူးတွေပဲ ရှိတာာပါ။ လေ့ကျင့်ခန်း လုပ်ရုံနဲ့တော့ ဒီအဆီတွေက တိုးမလာပါဘူး။ လေ့ကျင့်ခန်း လုပ်ခိုင်းရတာက ရင်သားအောက်က ရင်အုပ်ကြွက်သား ကြီးလာစေချင်လို့ပါ။ အမျိုးသားတွေမှာ ရင်အုပ်ကြွက်သားကြီးလာရင် ရင်ဘတ်ကြီးလာသလိုပဲ အမျိုးသမီးတွေမှာလည်း ရင်သားကို ပင့်တင်ပေးသလိုဖြစ်ပြီး ကြီးလာနိုင်ပါတယ်။

    အင်တာနက်မှာ chest exercises for breastဆိုပြီး ရှာကြည့်ရင် အများကြီး ထွက်လာမှာပါ။ Plank ထောက်တာတွေ၊ Push-ups လုပ်တာတွေကတော့ မပါမဖြစ်ပါပဲ။ လေ့ကျင့်ခန်းတို့ရဲ့ ထုံးစံအတိုင်း တစ်ပတ်လောက်နဲ့တော့ ထူးလာမှာ မဟုတ်ပါဘူး။ ရေရှည်ကျင့်ဖို့ လိုပါတယ်။

    သီဟိုဠ်စေ့၊ ဆန်လုံးညို၊ နှမ်းစေ့၊ မုန်လာဥ၊ အုတ်ဂျုံ၊ သခွားသီး၊ လက်ဖက်စိမ်း စတာတွေက phytoestrogen လို့ခေါ်တဲ့ အီစထရိုဂျင်ကြွယ်ဝပါတယ်။ အီစထရိုဂျင်က ရင်သားကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။

    ဒါပေမယ့် ဒါက ကန့်သတ်ချက်ရှိတယ်လို့လည်း ဆိုကြပါတယ်။ အီစထရိုဂျင်ကြွယ်ဝတဲ့ အစားအစာတွေကို စားတာက ပျိုဖော်ဝင်စ၊ ရင်သားဖွံ့ဖြိုးတဲ့ အရွယ်မှာ ပိုပြီး အာနိသင် ရတယ်လို့ ဆိုကြပါတယ်။ နောက်ပြီး ဒါက ရေရှည်ကြီးတာမျိုး မဖြစ်စေဘူးလို့ပဲ ဆိုကြပါတယ်။

    ဘာပဲဖြစ်ဖြစ် ဒါတွေက အီစထရိုဂျင်အပြင် တခြား အာဟာရတွေလည်း ပါနေတာကြောင့် စားကြည့်တာလည်း အကျိုးမယုတ်ပါဘူး။ အလွန်အကျွံမစားရင် အန္တရာယ်ကင်းပါတယ်။

    နောက်ပြီး ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။  ဗီတာမင်စီက ကော်လဂျင် ထုတ်လုပ်မှုကို အားပေးတာကြောင့် ရင်သားတစ်ရှူးတွေကို ကျန်းမာစေပြီး ရင်သားကို ပင့်တင်ပေးနိုင်ပါတယ်။

    • ရင်သားကို နှိပ်နယ်ပါ။

    သံလွင်ဆီ၊ ဗီတာမင်အီး ကြွယ်ဝတဲ့အဆီတွေ ဒါမှမဟုတ် ဆေးဝါးထောက်ခံချက်ရထားတဲ့ breast creamတွေကို လိမ်းပြီး နှိပ်နယ်ပေးနိုင်ပါတယ်။ အဆီ ဒါမှမဟုတ် creamကို လိမ်းပြီး စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ အပြင်ကနေ အတွင်းကို နှိပ်ပေးပါ။ တစ်ရက်ကို ၁၅မိနစ်လောက် ပုံမှန်နှိပ်ပေးနိုင်ပါတယ်။

    ဘရာတွေက ရင်သားတွေကို ကြီးအောင် မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ရင်သားကို ပုံကျအောင်တော့ လုပ်ပေးနိုင်ပါတယ်။ ကျပ်လွန်း၊ ချောင်လွန်းတဲ့ ဘရာမျိုး မဟုတ်ဘဲ မိမိနဲ့ သင့်တော်ပြီး သက်သောင့်သက်သာရှိတဲ့ ဘရာတွေက ရင်သားကို ပုံကျလှပစေပါတယ်။ ရံဖန်ရံခါ push-up ဘရာမျိုးတွေလည်း ဝတ်ပေးနိုင်ပါတယ်။

    သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

    • ကိုယ်နေဟန်ထား မှန်ပါစေ။

    လမ်းလျှောက်တာ၊ ထိုင်တာ စတာတွေမှာ ခါးမတ်မတ်ထား၊ ရင်ကို ဖွင့်ထားပါ။ ဒီလိုနေတာက ရင်သားကို ကြီးသယောင်ယောင် ဖြစ်စေပါတယ်။ လက်ပြင်ကုန်းတာ၊ ကုန်းကုန်းကြီး လျှောက်တာက ရင်သားကို ပုံကျစေမှာ မဟုတ်ပါဘူး။

    ရင်သားကြီး စေမယ့် တခြားနည်းလမ်းများ

    ဒီထက်ပိုမြန်မြန် ကြီးအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဥပမာ ရင်သားကြီးအောင် ခွဲစိတ်တဲ့ breast augmentation surgeryတွေ၊ ဆီလီကွန်ထည့်တာတွေ၊ အဆီထည့်တာတွေ ရှိပါတယ်။ ဒါတွေက စျေးအနည်းငယ် များသလို၊ တတ်ကျွမ်းတဲ့သူနဲ့ ခွဲမှပဲ အဆင်ပြေမှာပါ။

    နောက်ပြီး breast pump ဆိုတာလည်း ရှိပါတယ်။ ရင်သားကို ညှစ်ပေးတာပါ။ ရင်သားတစ်ရှူးတွေထဲကို သွေးရောက်လာတဲ့အခါ ရင်သားက ကြီးလာတယ်လို့ ထင်ရပါတယ်။ ဒါကလည်း အခန့်မသင့်ရင် ရင်သားနာတာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်လို့ မလုပ်သင့်ပါဘူး။

    ဒါကြောင့် လူတိုင်းလုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးတာပါ။ ဒီနည်းလမ်းတွေက ချက်ချင်း မသိသာဘူး။ အချိန်တစ်ခုကြာတာ မှန်ပေမယ့် အန္တရာယ်ကင်းကပြီး လုပ်ရလွယ်ပါတယ်။

    ရင်သား အရွယ်အစားက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ဒါက အလှအပရေးရာသက်သက်ဖြစ်ပြီး ကျန်းမာရေးအရ သိပ်တော့ အရေးမကြီးလှပါဘူး။ မိမိရင်သားကြီးတာ သေးတာထက် ကျန်းမာပြီး ရောဂါကင်းတဲ့ ရင်သားရှိဖို့ကသာ အဓိကပါ။ ရင်သားကြီးအောင်ဆိုပြီး ဆေးတွေသောက်တာ၊ စိတ်မချရတဲ့ ဆေးတွေထိုးတာ၊ စိတ်မချရတဲ့ ခွဲစိတ်မှုတွေ လုပ်တာမျိုး ရှောင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement