backup og meta

အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

    မိန်းကလေးတွေထဲမှာ မလှချင်တဲ့သူဆိုတာ တော်တော်ကိုရှားမယ်ထင်ပါတယ်နော်။ မိန်းကလေးတွေရဲ့ လှချင်တဲ့ စိတ်ကို အခွင့်ကောင်းယူပြီး အသားအရေတင်းရင်းမယ်၊ ဖြူဖွေးမယ်၊ ချက်ချင်းကြီးကိုကြည်လင်လာမယ်၊ အရေးအကြောင်းတွေကိုသက်သာစေမယ် စသဖြင့် မဟုတ်မမှန်တဲ့ အကျိုးရလဒ်တွေကိုပြောပြီး အလှကုန်တွေ အသားအရေ လိမ်းဆေးတွေကို ရောင်းချလာကြတာကိုလည်း အများကြီးတွေ့နေရပါတယ်။ ဒါကြောင့် ပျိုမေတို့ အရွေးမမှားစေဖို့ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းနေတဲ့ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ မိတ်ကပ်လိမ်းထားရင် နေရောင်ကာကွယ်ဆေးလိမ်းစရာမလိုပါ။ (မှား)

    အများအားဖြင့် ကြော်ငြာတွေဟာ ဒီမိတ်ကပ်ကိုလိမ်းပြီးရင် အောက်ကနေဘယ်လိုခရင်မ်မှ လိမ်းစရာမလိုတော့ဘူးလို့ ကြော်ငြာတတ်ကြပါတယ်။ တချို့မိတ်ကပ်တွေဟာ နေရောင်ကာပါတယ်လို့ပြောထားပေမယ့် တကယ်မှာတော့ နေရောင်ကာကွယ်ဆေးလောက် အကျိုးသက်ရောက်မှုမရှိနိုင်ပါတဲ့အတွက် နေအရမ်းပူပြင်းတဲ့နေရာတွေသွားမယ့်ချိန်မှာ မိတ်ကပ်ထက် နေရောင်ကာဆေးက သာ အသုံးပြုသင့်ပါတယ်။

    ၂။ မျက်နှာအဆီပြန်ရင် အရေးအကြောင်းတွေ အလွယ်တကူမဖြစ်ဘူး။ (မှား)

    ဒါကလည်း အများထင်နေကြတဲ့ မှားယွင်းတဲ့အယူအဆပါ။ အရေးအကြောင်းတွေဖြစ်လာတာဟာ အသားအရေအမျိုးအစားနဲ့လုံးဝမသက်ဆိုင်ပါဘူး။ အိုမင်းခြင်းလက္ခဏာတွေကို နေရောင်ကာဆေးမလိမ်းဘဲ နေရောင်အထိများတာ၊ ဆေးလိပ်သောက်တာနဲ့ ကိုယ်နေတဲ့နေရာမှာ လေထုညစ်ညမ်းတာ စသဖြင့် အကြောင်းတွေကြောင့်သာ ပိုဆိုးစေပါတယ်။

    အယူအဆမှားရတဲ့အကြောင်းရင်းကလည်း အဆီပြန်တဲ့အသားအရေဟာ စိုစိုပြေပြေနဲ့ မျက်နှာဟာ ပိုငယ်တယ်လို့ထင်ရတာကြောင့်ဖြစ်နိုင်ပါတယ်။

    ၃။ မျက်နှာဆိုတာ အရမ်းသန့်အောင်ထားရမယ့်အရာဖြစ်တယ်။ (မှန်၊မှား)

    ဒါကတော့ မျက်နှာသစ်ဆေးကြော်ငြာတွေမှာ မြင်နေကြပါ။ ဒီမျက်နှာသစ်ဆေးကို သုံးရင် အသားအရေ ဘယ်လိုသန့်ရှင်းသွားမယ်၊ ကြည်လင်သွားမယ်ဆိုပြီးပေါ့နော်။ ဒါပေမဲ့ တချို့ မျက်နှာသစ်ဆေး၊ မျက်နှာကြေးချွတ်ဆေးတွေဟာ မျက်နှာမှာရှိသင့်ရှိထိုက်တဲ့ အစိုဓာတ်ကိုပါ စုပ်ယူသွားနိုင်တဲ့အတွက် အသားခြောက်တာတွေကိုဖြစ်စေပါတယ်။

    ဒါကြောင့် မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါ ဖုန်၊အဆီ၊ အညစ်အကြေးတွေကို ညင်ညင်သာသာဖယ်ပေးပြီး မျက်နှာသစ်ပြီးတဲ့အချိန်မှာ မျက်နှာကိုလည်း အစိုဓာတ်ကျန်နေစေတဲ့ အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။

    ၄။ ဈေးပေါတဲ့ အသားအရေထိန်းဆေး (skincare) တွေကမကောင်းဘူး။ (မှား)

    အကယ်၍သင်ဟာ အဆင့်မြင့်မြင့် ထုတ်ပိုးထားတဲ့ ပစ္စည်းတွေကို နှစ်သက်တယ်ဆိုရင်တော့ ဈေးကြီးတာတွေကို ကြိုက်တာအကြောင်းမဟုတ်ပေမဲ့ ဈေးကြီးတာတွေက ပိုကောင်းတယ်လို့ တွေးနေတယ်ဆိုရင် ဒီအယူအဆကြီးဟာ မှားယွင်းပါတယ်။ အလှကုန်ပစ္စည်း၊ အသားအရေထိန်းဆေးအကုန်လုံးမှာ ပါဝင်ပစ္စည်းကသာ အရေးကြီးတာဖြစ်ပြီး ဈေးကြီးတိုင်းလည်း ကိုယ့်အသားအရေနဲ့ မတည့်တာတွေလည်းဖြစ်နိုင်တဲ့အတွက် ဈေးကြီး ဈေးပေါတာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အမျိုးအစားကို သာရွေးချယ်သင့်ပါတယ်။

    ၅။ ချွေးပေါက်တွေဟာ သုံးစွဲတဲ့ရေအပူချိန်ကိုလိုက်ပြီးတော့ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တယ်။ (မှား)

    ချွေးပေါက် တွေဟာ ကျယ်ပြီးရင် ပြန်မကျဉ်းသလို ဖွင့်လိုက်ပိတ်လိုက်လဲမလုပ်ပါဘူး။

    ရေပူနဲ့ မျက်နှာသစ်တဲ့အခါ အရေပြားဟာ ပွတက်လာတဲ့အတွက် ချွေးပေါက်တွေကို ပိုမြင်ရတာဖြစ်ပါတယ်။ တကယ်ပွင့်သွားတာမျိုးမဟုတ်ပါဘူးနော်။ အလားတူ ရေခဲရေနဲ့ မျက်နှာသစ်တာဟာ ချွေးပေါက်တွေကို မကျဉ်းစေပါဘူး။

    မျက်နှာသစ်ဖို့ အသင့်တော်ဆုံး ရေအပူချိန်ကတော့ သာမန်ရေအပူချိန်ထက်ပိုတဲ့ ခပ်နွေးနွေးအနေအထားဖြစ်ပါတယ်။

    ၆။ ဒီပစ္စည်းကိုသုံးရင် ချက်ချင်း ရလဒ်တွေကို မြင်ရမယ်။ (မှား)

    ခရင်မ်တစ်ခုခုကို ညဘက်လိမ်းလိုက်ပြီးရင် မနက်ကျရင် မျက်နှာလေးက ကြည်လင်နေလို့ဆိုပြီး ဒီပစ္စည်းက ကိုယ်နဲ့တည့်တယ် ကောင်းတယ်ဆိုပြီးပြောလို့မရပါဘူး။ အဲ့ဒီလို အာနိသင်တွေဟာ ခဏပဲခံပြီး တကယ့်အသားအရေကလိုက်ကောင်းလာတာမဟုတ်ပါဘူး။ ပျှမ်းမျှအားဖြင့် အရေပြားပေါ်မှာရှိတဲ့ဆဲလ်တွေဟာ ၂၁ ရက်တစ်ခါမှပြောင်းလဲခြင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခုခုကောင်းမကောင်း သိချင်ရင် တစ်လလောက်အချိန်ယူပြီး စောင့်ကြည့်သင့်ပါတယ်။

    မိန်းကလေးတွေအတွက်က အသားအရေလှပဖို့အတွက်ဟာ အရေးအကြီးဆုံးပါ။ ကိုယ့်အသားအရေအကြောင်းကို ကိုယ်ကလွဲပြီး ဘယ်သူမှပိုမသိပါဘူး။ ဒါကြောင့် ကြော်ငြာထဲမှာပါတဲ့အာနိသင်တွေကလည်း လူတိုင်းအတွက်အဆင်မပြေနိုင်တဲ့အတွက် ကိုယ်အသားအရေနဲ့ သင့်တော်တဲ့ အလှကုန်၊ အသားအရေထိန်းပစ္စည်းလေးတွေကိုပဲ ရွေးချယ်အသုံးပြုပါလို့ အကြံပြုလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement