backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ချွေးထွက်ခြင်း ဆိုတာ ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက် တာ ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဒါပေမယ့် တစ်ခါတရံမှာ ချွေးထွက်ခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် လူကြားထဲရောက်ချိန် အင်္ကျီမှာ ချွေးအကွက်လိုက်ကြီး ထင်းနေတာမျိုး ဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးကို တတ်နိုင်သလောက် ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်။

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ယခုဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ အကြောင်းပဲ ဖြစ်ပါတယ်။

ချွေးတိတ်ဆေးများသုံးခြင်း

ချွေးထွက် နည်းစေတဲ့ (antiperspirant) ဆေးများဟာ ချွေးထွက်ပြွန်များကို ပိတ်ဆို့လိုက်တာကြောင့် ချွေးများဟာ အရေပြားပေါ် မရောက်နိုင်တော့ပါဘူး။ ချွေးဂလင်းက ထုတ်လုပ်လိုက်ပေမယ့် အရေပြားပေါ်ကို ထွက်မလာနိုင်တာ ဖြစ်ပါတယ်။

ချွေးနံ့ပျောက်ဆေးများ (deodorant) ကတော့ ချွေးထွက်လာခြင်းကို မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ချွေးထွက်ချိန်မှာ ဘက်တီးရီးယားများနဲ့ ဓာတ်ပြုပြီးထွက်လာတဲ့ အနံ့ကို ပျောက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ ချွေးထွက်နည်းတဲ့ဆေးတွေမှာ ချွေးနံ့ပျောက်ဆေးလည်း ပါတတ်ပါတယ်။ ချွေးထွက်နည်းတဲ့ဆေးတွေကိုတော့ ဆေးနဲ့ အလှကုန်စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

ချွေးထွက်နည်းတဲ့ဆေးတွေသုံးမယ်ဆိုရင် ချိုင်းနဲ့ လက်မောင်းအောက်ပိုင်းတွေကို ခြောက်သွေ့သန့်ရှင်းအောင် လုပ်ပြီး ညအိပ်ရာဝင်ခါနီးမှာ သုံးစွဲတာ အကောင်းဆုံးပါပဲ။ အကြောင်းကတော့ ဆေးမှပါဝင်တဲ့ ပစ္စည်းတွေဟာ ချွေးထွက်ပြွန်တွေကို ပိတ်ဆို့ဖို့ အချိန်လိုအပ်တာကြောင့် ဖြစ်ပါတယ်။ ချက်ချင်းအစွမ်းမပြပေမယ့် ရက်အနည်းငယ်ကြာလာရင် အာနိသင်ပြလာမှာ ဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ အဝတ်များ ဝတ်ဆင်ခြင်း

ချွေးထွက် နည်းစေတဲ့ နည်းလမ်းတစ်ခုကတော့ ပေါ့ပါးချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အရောင်ဖျော့ဖျော့အဝတ်များဟာ နေရဲ့ အပူကို သိပ်ပြီး မစုပ်ယူပါဘူး။ ဒါကြောင့် အဖြူရောင်ကို ဝတ်ဆင်ခြင်းဟာ အေးပြီး ချွေးထွက်သက်သာစေပါတယ်။

အစားအစာတချို့ကို ရှောင်ကြဉ်ခြင်း

လူကြားသူကြားထဲရောက်မှ အင်္ကျီပေါ် ချွေးအကွက်လိုက်ကြီးထွက်မနေစေချင်ရင် အစားအစာတချို့ကို ရှောင်ရပါမယ်။ အထူးသဖြင့် အပူအစပ်တွေ ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဟာ အပူအစပ် အစားအစာတွေကို တခြားအပူတွေကို တုံ့ပြန်သလိုပဲ တုံ့ပြန်ပါတယ်။ ဒါကြောင့် အပူချိန်ကို ပြန်လည်ကျဆင်းအောင်လုပ်တဲ့အနေနဲ့ ချွေးထွက် လာပါတယ်။

ကဖိန်းဟာလည်း အဒရီနယ်ဂလင်းတွေကို လှုံ့ဆော်နိုင်တာကြောင့် ချွေးကို ပိုထွက်စေတတ်ပါတယ်။

အေးမြအောင် နေခြင်း

ချွေးထွက်ခြင်း ဟာ အပူချိန်လျော့နည်းအောင် ခန္ဓာကိုယ်က သဘာဝအလျောက် ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် အေးမြအောင်နေခြင်းဟာ ချွေးထွက် သက်သာစေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပူပြင်းတဲ့နေရောင်ကို အခန်းထဲမရောက်အောင် လိုက်ကာထူထူကာခြင်း၊ လေအေးပေးစက် ဖွင့်ထားခြင်း၊ ပန်ကာရှေ့တွင် ရေခဲတုံးများ၊ အဝတ်စိုများထားပြီး ပန်ကာဖွင့်ခြင်း၊ အပြင်ထွက်ရင်လည်း တတ်နိုင်သမျှ အရိပ်အောက်တွင် သွားလာနေထိုင်ခြင်း စတာတွေဟာ ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ပူအိုက်ချိန်မှာ အစားကို နည်းနည်းပဲစားခြင်းဟာလည်း အထောက်အကူပြုပါတယ်။ အစားများများစားရင် ဇီဝဖြစ်ပျက်မှုကြောင့် ကိုယ်ခန္ဓာအပူချိန် တက်လာနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝနေအောင် အရည်၀၀ သောက်ထားခြင်းကလည်း ကိုယ်ခန္ဓာအပူချိန်ကို ကျစေပါတယ်။

ဆေးဝါးကုသမှု ခံယူခြင်း

ချွေးထွက် များလွန်းတဲ့ အခြေအနေကို hyperhidrosis လို့ ခေါ်ပါတယ်။ အဲဒီပြဿနာရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ချွေးထွက်နည်းစေတဲ့ လိမ်းဆေး၊ ဖြန်းဆေးများပေးခြင်း၊ သောက်ဆေးများပေးခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။ သောက်ဆေးမှာတော့ ဆီးအိမ်ပြဿနာဖြစ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အမြင်ဝါးခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်ပါတယ်။

မိုက်ခရိုဝေ့ဗ်ဖြင့် ကုသခြင်း၊ ချွေးဂလင်းများ ဖယ်ထုတ်ခြင်း၊ အာရုံကြောခွဲစိတ်ခြင်း စတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ အလွန်ဆိုးရွားတဲ့ အခြေအနေရောက်မှသာ ဒီကုသနည်းတွေကို ရွေးချယ်ပါတယ်။

ကဲ …… ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ ကို လက်တွေ့ အသုံးချကြည့်လိုက်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement