backup og meta

Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား

    Gym ဆော့တဲ့သူတွေဟာ တခြားသူတွေထက် ဝက်ခြံပိုပေါက်တယ်ဆိုတဲ့ စကားသံတွေ ခဏခဏ ကြားနေရဆဲပါပဲ။ တကယ်တော့ ဒါဟာ ၁၀၀ ရာခိုင်နှုန်း အလွဲသက်သက်ပဲတော့ မဟုတ်ပါဘူးခင်ဗျ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူတွေထင်ထားကြတာက Gym ဆော့ရင် ကိုယ်ခန္ဓာက ဟော်မုန်းအပြောင်းအလဲဖြစ်တယ်၊ ဒါကြောင့်ပဲ ဝက်ခြံက ပိုထွက်လွယ်တယ်ဆိုတာပါပဲ။ တကယ်တမ်းမှာက Gym ဆော့နေတဲ့ သူတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုပေါ်ကိုပဲ မူတည်နေတာပါ။ အကြောင်းအရင်း အပြည့်အစုံကို ဒီဆောင်းပါးမှာ သေချာရှင်းပြပေးချင်ပါတယ်။

    Gym ဆော့တဲ့အခါ အရေပြားမှာ ဘယ်လိုပြောင်းလဲမှုဖြစ်လဲ။

    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နေရတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်နှုန်းကောင်းစေတယ်။ သွေးထဲက အောက်စီဂျင်တွေကို ခန္ဓာကိုယ်နေရာအနှံ့ သယ်ယူပို့ဆောင်ပေးနိုင်တယ်။ ချွေးထွက်တာကြောင့် အသားအရေကို ကြည်လင်စေတယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်တယ်။

    အဲ့မှာ ပြဿနာက ချွေးထွက်များတာပါပဲ။ ခန္ဓာကိုယ်ထဲက ရေဓာတ်က အပူရှိန်ကြောင့် အပြင်ဘက်ကို ချွေးအဖြစ်နဲ့ ပြန်ထွက်လာတဲ့အခါ အရေပြားပေါ်က ချွေးပေါက်တွေက ပိုကျယ်လာတာပါပဲ။ ချွေးပေါက်က ကျယ်လေလေ အရေပြားပြဿနာဖြစ်ဖို့ ပိုလွယ်ကူလေဖြစ်တာကြောင့် အသားအရေထိန်းသိမ်းဖို့ အမြဲဂရုစိုက်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့သူတွေမှာ ဒီအချက်ကြောင့်ပဲ ဝက်ခြံပေါက်ရတာပါ။ Gym ကစားလို့ ဝက်ခြံပေါက်တယ်လို့တော့ တိုက်ရိုက်ပြောလို့ မရပါဘူး။

    မိတ်ကပ်လိမ်းပြီး Gym ကစားခြင်း

    အရမ်းကို လှချင်တဲ့မိန်းကလေးတချို့ Gym သွားရင်တောင် မိတ်ကပ်ကို မဖျက်ဘဲ သို့မဟုတ် တမင်တကာကို မိတ်ကပ်လိမ်းပြီး အလှသွားပြတတ်ကြပါတယ်။ ဒါကတော့ ဝက်ခြံဖြစ်စေဖို့ လုံးဝဖိတ်ခေါ်လိုက်တာပါပဲ။ အထက်မှာ ပြောခဲ့သလိုပဲ လေ့ကျင့်ခန်းလုပ်ပြီးလို့ ချွေးထွက်တဲ့အခါ ဒီလိမ်းထားတဲ့ မိတ်ကပ်တွေနဲ့ ရောပြီး အညစ်အကြေးဖြစ်သွားရာကနေ ကျယ်နေတဲ့ ချွေးပေါက်ထဲကို သွားပိတ်မိပါတယ်။ အဲ့မှာ ဖုန်မှုန့်တွေပါဝင်၊ ဘက်တီးရီးယားတွေ ပွား၊ ကြာလာရင် ဝက်ခြံက မလွဲမသွေကို ပေါက်ရတော့တာပါပဲ။

    ဆံပင်ရှည်ထားခြင်း

    Gym ကစားသူတိုင်း ဆံပင်ရှည်ထားတာ ပြဿနာမဟုတ်ပေမဲ့ ဒီဆံပင်ရှည်က အနောက်မှာ သေချာချည်ထားဖို့ အရေးကြီးပါတယ်။ အဓိက ဆံပင်သည် မျက်နှာအရေပြားနဲ့ ထိကပ်မနေဖို့ပါပဲ။ မမေ့ဖို့က အရေပြားလိုပဲ ဆံပင်မှာလည်း ပြင်ပက ဖုန်မှုန့်တွေ ကပ်ငြိနေတဲ့အတွက် ချွေးပေါက်ထဲသို့ လျင်မြန်စွာ ဝင်သွားနိုင်ပါတယ်။

    Gym ကစားရင်း မျက်နှာကို ကိုင်တွယ်ခြင်း

    လေ့ကျင့်ခန်းလုပ်ပြီဆိုမှတော့ ချွေးထွက်တာ သဘာဝပဲမလား။ အဲ့ထွက်လာတဲ့ချွေးကို မျက်နှာသုတ်ပဝါနဲ့ သေချာမသုတ်ဘဲ လက်နဲ့ သုတ်ပစ်တာမျိုး လုပ်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့။ အလေးတုံးတွေ၊ ထိုင်ခုံတန်းတွေ၊ Plank ထောက်တဲ့ ခုံ စတဲ့ Gym ပစ္စည်းတွေဟာ လူပေါင်းစုံကိုင်ပြီး ရောဂါပိုးပေါင်းစုံရှိနေတတ်ပါတယ်။ ဒီပစ္စည်းတွေကိုင်ထားတဲ့ မသန့်ရှင်းတဲ့ လက်နဲ့ ကိုယ့်မျက်နှာကို ပြန်ပွတ်ချလိုက်တဲ့ အကျိုးဆက်ဟာ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်ပြောစရာ အားလုံးသဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

    အရမ်းကျပ်ထုပ်နေတဲ့ အဝတ်အစားများ ဝတ်ခြင်း

    ယောက်ျားလေးဆိုရင်လည်း ရင်အုပ်ကားကားနဲ့ဆိုတော့ စွပ်ကျယ်အကျပ်တွေဝတ်ပြီး ကြွက်သားအလှပြချင်ကြတယ်၊ မိန်းကလေးတွေဆိုရင်လည်း အသားကပ် အကျီၤတွေ၊ ဘောင်းဘီတွေ ဝတ်ပြီး ကိုယ်ခန္ဓာကောက်ကြောင်းအလှ ပြချင်ကြတယ်။ ဒါက အဆန်းတော့ မဟုတ်ပါဘူး။ သတိထားရမှာက အသားနဲ့ အရမ်းကျပ်တဲ့ အဝတ်အစားတွေက ဝတ်လိုက်တဲ့အခါ ကိုယ်ကနေထွက်လာတဲ့ချွေးတွေက အထဲမှာ သွားပြီး အောင်းနေတတ်ပါတယ်။ အဲ့လိုအောင်းနေရာကနေ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး မကောင်းတဲ့ အနံ့အသက်တွေ၊ အရေပြားပြဿနာတွေ ဖြစ်ဖို့ လွယ်ပါတယ်။

    ရေမချိုးခြင်း

    Gym ကစားပြီးတိုင်း မဖြစ်မနေလုပ်ပေးရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးထဲမှာ ရေချိုးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ချွေးတွေနဲ့ နံနေတဲ့ အဝတ်အစားတွေ အကုန်ချွတ်ပစ်ပြီး အိတ်တစ်လုံးထဲကို ထည့်ရမယ်။ ပြီးရင် ချွေးအောင်းနေနိုင်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ခြေချောင်းကြားတွေကို ရေပန်းအောက်မှာ ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောရမယ်။ ပြီးတာနဲ့ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ပြီးမှ အိမ်ပြန်ရပါမယ်။ ရေမချိုးဘဲ အိမ်တန်းပြန်သွားတာ၊ အိမ်ပြန်ရောက်တော့လဲ ရေမချိုးဘဲ အချိန်ဖြုန်းနေတာ၊ သို့မဟုတ် ရေလုံးဝမချိုးတာမျိုးက ကိုယ်ခန္ဓာအနံ့ဆိုးကို ဖြစ်စေသလို ဝက်ခြံနဲ့ တခြားသော အရေပြားပြဿနာတွေကို ဖိတ်ခေါ်နေတယ်ဆိုတာ သတိထားပေးပါ။

    ဒါဆိုရင် Gym ကစားတဲ့သူတွေလည်း တစ်ကိုယ်ရေသန့်ရှင်းမှုက ဘယ်လောက်အရေးပါလဲ၊ ဘယ်လိုအချက်တွေကို ဆောင်ရ၊ ရှောင်ရမလဲဆိုတာ သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်။ Gym ကစားခြင်းဟာ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာအလှအပအတွက် အရေးကြီးတာကြောင့် သေချာလည်း ကစားပါ။ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း လျစ်လျူမရှုထားဖို့ ထပ်မံမှာကြားချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement