မတော်တဆထိခိုက်မိပြီး ခြေသည်း လက်သည်းကျိုးတာ ၊ လက်သည်းခြေသည်း ကျွတ်ထွက်သွားတာတွေက ပတ်ဝန်းကျင်မှာ လူတွေပြောနေကျ ဖြစ်နေကျဖြစ်တဲ့ အရာတစ်ခုပါ။ ခြေသည်းကျိုးသွားတာက တော်ပါသေးတယ်။ ကျွတ်ထွက်သွားပြီဆိုရင်တော့ ပေါ့ပေါ့ဆဆနေလို့ မရတော့ပါဘူး။ သွေးတွေလည်း ထွက်၊ နာလည်းနာ၊ ကြည့်ရတာလည်း ရုပ်ဆိုးသွားပါတယ်။ ဘယ်သူမှတော့ မဖြစ်ချင်ကြပေမယ့် ဖြစ်လာပြီဆိုရင် ပိုပြီးဆိုးမသွားအောင် ကုသဖို့၊ ဂရုစိုက်ဖို့တော့ လိုတယ်လေ။ ဒါကြောင့် ခြေသည်း လက်သည်း ကျိုးပြီ ပြုတ်ထွက်သွားပြီဆို ဖြစ်ဖြစ်ချင်း လုပ်ဆောင်ရမယ့် နည်းများကို ပြောပြချင်ပါတယ်။ ကဲ …. ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ဆိုတာ ကြည့်လိုက်ရအောင်နော်။
ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။
ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ဆိုတော့
အနာကို သန့်စင်အောင် ရေနဲ့ဆေးပါ။ ။
ခြေသည်းလက်သည်းဆိုတာ ဒီအတိုင်းတော့ မပြုတ်ထွက်ဘူးလေ။ အရင်ကောင်းနေတာကနေ ထိမိခိုက်မိတဲ့ ဒဏ်ရာတစ်ခုခုကြောင့်ပဲ ပြုတ်ထွက်သွားတတ်လို့ သွေးကတော့ စတင် ထွက်လာပါလိမ့်မယ်။ ထိခိုက်မိလို့ သွေးစတင်ထွက်လာပြီဆို အနာဖြစ်သွားပြီလို့ပြောလို့ရပါပြီ။ ဒါကြောင့် ထိခိုက်မိတာဖြစ်ပြီးပြီးချင်း အနာကို ရေဆေးပါ။ ဒါမှသာ ကပ်နေတဲ့ ဖုန်တွေ၊ သဲတွေ၊ သွေးတွေ ရောဂါပိုးတွေ အားလုံး သန့်စင်သွားမှာဖြစ်ပါတယ်။
ပိုးသတ်ဆေး တစ်ခုခုထည့်ပါ။
ရေဆေးပြီးပြီဆို ပိုးသတ်ရပါတော့မယ်။ ထိခိုက် ဒဏ်ရာ အနာတစ်ခုခုဖြစ်တယ်ဆို အနာမရင်းအောင်၊ ပိုးသေအောင် အရက်ပြန်ထည့်လေ့ရှိကြပါတယ်။ အရက်ပြန်က ဘေးကတစ်ရှူးနုနုလေးတွေကို ပျက်စီးစေတာကြောင့် မထည့်လည်း ရပါတယ်။ အရက်ပြန်အစား သုံးလို့ရတဲ့ တင်ချာဆေး အနီတွေ လည်းရှိပါတယ်။ ဘာမှမထည့်ချင်ဘူးဆိုရင်တောင် အနာကို ရေနိုင်နိုင်ဆေးပြီး သန့်သန့်လေး ထားပေးပါ။
ပတ်တီး သန့်သန့်စည်းထားပေးပါ။
ပတ်ဝန်းကျင်မှာ မမြင်ရတဲ့ ပိုးမွှားတွေ၊ ဖုန်တွေ ရှိနေနိုင်ပါတယ်။ အမြဲတမ်းသွားလာလှုပ်ရှားနေရတဲ့ လူတစ်ယောက်အနေနဲ့ ထိခိုက်တာ တစ်ခုခုဖြစ်ပြီဆို ထိုပိုးမွှားတွေကနေ ကာကွယ်ဖို့အတွက် အနာနဲ့ ပတ်ဝန်းကျင်ကြားမှာ အတားအဆီး တစ်ခုထားဖို့ လိုပါလိမ့်မယ်။။ ဒါကြောင့် အနာပိုးဝင်ခြင်းကို ကာကွယ်ဖို့ အတွက် အနာကို ပတ်တီးစည်းပေးတာမျိုး လုပ်သင့်ပါတယ်။ ခပ်ကျပ်ကျပ်စည်းတာကိုတော့ ရှောင်သင့်ပါတယ်။
ပတ်တီးများကို တစ်နေ့တစ်ခါ လဲပါ။
ပတ်တီးများကို ၂၄ နာရီ လုံးလုံး အနာပေါ်တွင် ကပ်ထားခြင်းမျိုးကို မလုပ်သင့်ပါ။ တစ်ချိန်လုံးကပ်ထားမယ်ဆို အနာနဲ့ အောက်စီဂျင် မထိတွေ့နိုင်တော့ဘဲ အောက်စီဂျင် မရှိရင် အသက်ရှင်နိုင်တဲ့ ပိုးမွှားတွေ ထကြွသောင်းကျန်းလာနိုင်လို့ဖြစ်ပါတယ်။ ဒါကြောင့် အပြင်သွားရင် အနာကို ကာကွယ်ဖို့ ပတ်တီးစည်းသင့်ပြီး အိမ်မှာနေတဲ့အချိန်၊ အိပ်တဲ့ အချိန်တွေမှာ အနာနဲ့ အောက်ဆီဂျင် ထိအောင်လို့ ခွာထားသင့်ပါတယ်။ အနည်းဆုံး တစ်နေ့ တစ်ခါလောက်တော့ ပတ်တီး အသစ်လဲသင့်ပါတယ်။ အထူးသဖြင့် ရေစိုသွားရင်၊ ညစ်ပတ်သွားရင် လဲဖြစ်အောင်လဲပါ။
မေးခိုင်ကာကွယ်ဆေးထိုးပါ။
ထိခိုက်ဒဏ်ရာ တစ်ခုခုဖြစ်ပြီဆို မေးခိုင်ပိုးဝင်ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးက မေးခိုင်ရောဂါပိုး ကာကွယ်ဆေး ထိုးခြင်းဖြစ်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်လို့ မပေါ့ဆသင့်ပါ။ ဒဏ်ရာရပြီးပြီးချင်း မေးခိုင်ရောဂါပိုးကာကွယ်ဆေးထိုးသင့်ပါတယ်။
လိုအပ်ရင် ဆေးသောက်ပါ။
အနာကြောင့် ကိုယ်ပူလာတာ၊ အနာရောင်လာတာနဲ့ နာကျင်ကိုက်ခဲတာတွေဖြစ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်ရင် ဆေးတွေသောက်သင့်ပါတယ်။
တကယ်လို့ ခြေသည်းက တန်းလန်းကြီး လန်နေမယ်၊ အစလေးတွေ ကျန်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရှင်းထုတ်သင့်ပါတယ်။ ကိုယ့်ဘာသာ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ဆီးချိုရောဂါရှိရင် ပိုပြီးသတိထားသင့်ပါတယ်။
ဒါတွေကတော့ လက်သည်းခြေသည်း ကျိုးပြီ၊ ကျွတ်ထွက်သွားပြီဆို ဖြစ်ဖြစ်ချင်း လုပ်သင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။ လက်သည်းခြေသည်း ဖြစ်တာသေးသေးလေးပဲဆိုပြီး ပေါ့ဆမနေဘဲ အနာကိုသန့်ရှင်းအောင်ထားမယ် သေချာဂရုစိုက်ပေးမယ်ဆို နောက်ဆက်တွဲ ဖြစ်လာမယ့် ပိုးဝင်တာတွေ၊ အနာရင်းတာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။ ခြေသည်းလက်သည်း အသစ်တွေ မြန်မြန်ထွက်လာအောင်၊ ထွက်လာတဲ့ ခြေသည်းအသစ်လေးတွေကို သန်မာအောင်လို့ သင့်တော်တဲ့ အစားအစာတွေကိုလည်း ရွေးချယ်စားသောက်ဖို့ လိုလိမ့်မယ်နော်။ ။
ရေးသားသူ− Dr Thin Yadanar@ Frances
[embed-health-tool-bmi]