ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMI ပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။ မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။
မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။
အကြောင်းရင်းက ကိုယ့်ရဲ့ အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကို ကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးက အစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။
မြန်မြန်စား တတ်တဲ့ အကျင့်ကို ဘယ်လိုဖြေရှင်းရမလဲ
- ကိုယ့်ရဲ့ ဘက်မသန်တဲ့ လက်တစ်ဖက်နဲ့ အစားစားတာ ကလည်း အမြန် မစားမိအောင် ကြိုးစားရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်၊၊ ဥပမာ ကိုယ်က ညာသန်ဆို ဘယ်လက်နဲ့ ဇွန်းကိုင်စားတာမျိုး။
- အကောင်းဆုံး နည်းကတော့ ဇွန်းခက်ရင်းနဲ့ စမတ် ကျကျ စားကြည့်ပါ။ တစ်လုတ်ထည့် ဇွန်းခရင်းကို ပန်းကန်ထဲမှာချ၊ ပြီးမှထပ်စား ဒီလိုမျိုး အချိန်ခိုးကြည့်ပါ၊၊ ဖြည်းဖြည်းနဲ့ မှန်မှန် ဝါးစားမယ်ဆို ကိုယ်အလေးချိန် ထိန်းဖို့အတွက်တင် မကဘဲ အစာခြေစနစ် အတွက်ပါ အကျိုးရှိ ပါတယ်။
- ပန်းကန် အကြီးကြီးတွေ မသုံးဘဲ အရွယ်အစား နည်းနည်း ပိုသေးတဲ့ ပန်းကန်မှာ ထည့်စားတာက ကိုယ်စားနေတဲ့ပမာဏကို များတယ်ထင်ပြီး ဗိုက်ပြည့်လွယ်စေဖို့ လှည့်စားမှု တစ်ခုပါ။ ပန်းကန် ကြီးကြီးနဲ့သာဆို ငါ့ပန်းကန်ထဲမှာ နည်းနည်းလေးပဲလို့ ထင်မိစရာ ရှိပါတယ်။ ဒါဆို ပို စားမိပါလေရော။
- အစားစားတဲ့ အချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ စတာတွေကို အာရုံစိုက် မနေပါနဲ့။ ပြောရရင် တီဗီရှေ့ ထမင်း မစားပါနဲ့၊ စားနေရင်း ဖုန်းမသုံးပါနဲ့၊ စာမဖတ်ပါနဲ့။ အစားအသောက်ကိုပဲ အာရုံ ထားပြီး ဖြည်းဖြည်း ကြေညက်အောင် ဝါးစားပါ။
သုတေသနလေ့လာမှု
ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသူ သက်လတ်ပိုင်းအရွယ် ၁၀၈၃ ဦးကို ငါးနှစ်ကြာ လေ့လာခဲ့ပါတယ်။
လေ့လာမှုအရ အစားမြန်မြန်စားလေ့ရှိသူတွေက ကိုယ်အလေးချိန် ပိုများလာတာ၊ သွေးတွင်းသကြားဓာတ် မြင့်နေတာ၊ ခါးနဲ့ ဗိုက်အဆီပိုများတာတွေ ဖြစ်လာတာတွေ့ရပါတယ်။
မြန်မြန် စားမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေ အများကြီး စားမိတာကို ဦးနှောက်က သတိ မပြုမိဘဲ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ ဒီလိုနဲ့ စားမိတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကောင်းကောင်း မသုံးပစ်နိုင်ဘူးဆိုရင် ပိုတာတွေကို အဆီ အဖြစ် သိုလှောင်ထားရှိ လိုက်တဲ့အခါ အဝလွန်လာပြီး သွေးကြောတွေ နဲ့ နှလုံး ကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။ အမြန် စားခြင်းက အင်ဆူလင် လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီး ဖြစ်စေလို့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
[embed-health-tool-bmi]