backup og meta

ထမင်းစားရင်း ဖုန်းသုံး ရင် ဘာဖြစ်တတ်သလဲ။

ထမင်းစားရင်း ဖုန်းသုံး ရင် ဘာဖြစ်တတ်သလဲ။

ဒီနေ့ခေတ်မှာ ဖုန်းက အသုံးဝင်လွန်း‌တော့ လက်က မချနိုင်ဖြစ်တာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထမင်းစားလည်း ဖုန်း၊ အိမ်သာတက်လည်း ဖုန်း ဖြစ်နေရင်တော့ ရေရှည်မှာ သတိထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းစားရင်း ဖုန်းသုံး တာက ဘာဖြစ်တတ်သလဲ ဆိုတာကို ပြောပြသွားမှာပါ။

ထမင်းစားရင်း ဖုန်းသုံး ရင် ဒါတွေ ဖြစ်တတ်ပါတယ်။

အရင်တုန်းကတော့  TVကြည့်ရင်း ထမင်းစားတဲ့ အလေ့အကျင့်တွေ ခေတ်စားခဲ့ပါတယ်။ အခုတော့ ဖုန်းကြည့်ရင်း ထမင်းစားတဲ့ခေတ် ရောက်လာပြီပေါ့။ အထူးသဖြင့်တော့ ဒီခေတ်မှာ ကိုယ်စီ အလုပ်ရှုပ်ကြတော့ အရင်လို ဝိုင်းဖွဲ့ပြီး ထမင်းမစားဖြစ်တော့ဘဲ တစ်ယောက်တည်း စားဖြစ်ကြတာ များပါတယ်။ ဒီလိုနဲ့ ပျင်းပြီး လုပ်စရာမရှိတော့ ထမင်းစားရင်း ဖုန်းသုံးမိကြတာပေါ့။

ထမင်းရင်း ဖုန်းသုံး တဲ့အခါ မပြီးသေးတဲ့ မက်ဆေ့လေး တစ်ကြောင်းလောက် ပို့လိုက်တာ၊ ဖုန်းလာလို့ ခဏထဖြေလိုက်တာက ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ဆိုရှယ်မီဒီယာတွေ အသုံးပြုမိတာပါ။ ဥပမာ ဖေ့ဘွတ်ပွတ်မယ် ဒါမှမဟုတ် ကြည့်လက်စ ရုပ်ရှင်လေးကို ထမင်းစားရင်း ဆက်ကြည့်မယ်ဆိုရင် အချိန်ကုန်လို့ ကုန်မှန်း မသိဘဲ ကြာသွားမှာပါ။ ဒီလိုမျိုး ဖုန်းသုံးရင်း ထမင်းစားပွဲမှာ အချိန်ကြာကြာ ထိုင်နေမိတာက ပြဿနာ ရှိပါတယ်။

ထမင်းစားရင်း ဖုန်းသုံးတဲ့အခါ

  • ပိုစားမိတတ်ပါတယ်။

အာရုံက ဖုန်းမှာ ရောက်နေတာကြောင့် စားကောင်းလား မကောင်းလားလည်း မသိ။ ဗိုက်ပြည့်လား မပြည့်လားကိုလည်း မခံစားမိတာကြောင့် စားနေကျထက် ပိုစားမိပါတယ်။

  • အဝလွန်နိုင်ပါတယ်။

စားနေကျထက် ပိုစားမိတော့ ကယ်လိုရီပိုတက်ပြီး ကြာလာရင် အဝလွန်လာနိုင်ပါတယ်။ တချို့ဆို ထမင်းက စားလို့ ပြီးသွားပေမဲ့ ရုပ်ရှင်ကြည့်တာ၊ ဖုန်းသုံးတာ မပြီးသေးတာကြောင့် အပျင်းပြေ နောက်ထပ် တစ်မျိုးမျိုးကို တစ်ထိုင်တည်း ထပ်စားမိတတ်ပါတယ်။

  • အစားအစာပေါ်ကို အာရုံမရောက်တော့ပါဘူး။

ပုံမှန်ဆိုရင် ဒီဟင်းက အဆီများတယ်၊ လျှော့စားရမယ်။ ဒီနေ့ အရွက်ဟင်းကို များများစားရမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးပြီး ကျန်းမာရေးနဲ့ ညီအောင်  စားမိမှာပါ။ ဒါပေမဲ့ ထမင်းစာရင်း ဖုန်းသုံး ရင်တော့ အစားအစာပေါ်ကို အာရုံမရှိတာကြောင့် လက်လှမ်းမီတာ ဟင်း‌တွေကို အဆင်ပြေသလို စားမိတတ်ပါတယ်။

ဟင်းရဲ့ အရသာပေါ်မှာလည်း အာရုံ မရှိတော့ပါဘူး။ တချို့ဆို ထမင်းစားပြီးပြန်လာပေမဲ့ ဘာဟင်းနဲ့ စားခဲ့လဲဆိုတာကို သိပ်ပြီး မမှတ်မိချင်ပါဘူး။

  • အစာမကြေ ဖြစ်တတ်ပါတယ်။

ဖုန်းသုံးရင်း အစာစားတဲ့အခါ အစာကို ကြေညက်အောင် ဝါးဖို့ သတိမရဘဲ ထမင်းလုတ်ကြီးကြီး စားမိတာ၊ သေချာ မဝါးဘဲ မျိုချမိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို သူကိုယ်တိုင်လည်း သတိမထားမိပါဘူး။ စားပြီးမှသာ ဘာကြောင့် ရင်ပြည့်နေပါလိမ့်ဆိုပြီး တွေးကြတာပါ။

ကလေးတွေကိုလည်း ဖုန်းပြပြီး ထမင်းမကျွေးပါနဲ့

ထမင်းစားရင်း ဖုန်းသုံး ရင် လူကြီးတွေပဲ ကျန်းမာရေး ထိခိုက်တာ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဒါက ကောင်းတဲ့ အကျင့် မဟုတ်ပါဘူး။

မိဘတွေကို ကလေးတွေ ထမင်းစားရင် ငြိမ်အောင် ဖုန်းတွေ၊ TVတွေ ပြလေ့ရှိပါတယ်။ ဒါက ရေရှည်အတွက် မကောင်းပါဘူး။ ဖုန်းကြည့်ရင်၊ TVကြည့်ရင် ကလေးက အဲ့ဒီကို အာရုံရောက်နေတာကြောင့် ဒီဘက်က ဘာကျွေးကျွေး ပါးစပ်လေး ဟပေးပေမယ့် ဒါက ရေတိုအတွက်ပဲ အဆင်ပြေတာပါ။ ရေရှည်မှာတော့

  • အဝလွန်လာနိုင်ပါတယ်။

ကလေးတွေလည်း လူကြီးတွေလိုပဲ ကာတွန်းကားကြည့် မပြီးသေးတာကြောင့် ထပ်စားရင်း၊ အမေတွေကလည်း ကလေးထပ်စားတော့ ထပ်ကျွေးရင်း ကြာလာရင် အဝလွန်လာနိုင်ပါတယ်။

  • အစာမကြေ ဖြစ်နိုင်ပါတယ်။

ကာတွန်းကား ကြည့်ရင်း ထမင်းကို ငုံထား၊ အမေက မကုန်သေးဘူးလားဆိုမှ အတင်းမျိုချရင်း သူတို့လေးတွေလည်း အစာမကြေဖြစ်နိုင်ပါတယ်။

ကလေးအရွယ်မှာ အရေးကြီးဆုံးက interactionလို့ခေါ်တဲ့ အပြန်အလှန် ဆက်သွယ်တာပါ။ ကလေးကို TV ဒါမှမဟုတ် ဖုန်းပေးပြီး ထမင်းပန်းကန်နဲ့ လွှတ်ထားရင် နောက်အခါ သူများနဲ့ ပြောဆို ဆက်ဆံဖို့ ခက်ခဲပါလိမ့်မယ်။

ထမင်းစားရင်း ဖုန်းသုံး တာကို ဘယ်လိုလျှော့ချမလဲ။

အလွယ်ဆုံးနည်းလမ်းကတော့ Mindful eatingလို့ခေါ်တဲ့ စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အစာစားတာပါပဲ။ စစချင်းမှာ ဖုန်းမသုံးဘဲ ထမင်းစားဖို့ ခက်မှာပါ။ ဒါပေမဲ့လည်း ဖြည်းဖြည်းချင်းဆီ ကျင့်ကြတာပေါ့။

  • ထမင်းစားပွဲကို ဖုန်းမယူသွားပါနဲ့။
  • စစချင်း တစ်ယောက်တည်း ထမင်းစားတဲ့အခါ ဖုန်းမရှိဘူးဆို မနေတတ် ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ယောက်နဲ့ အတူတူ ထမင်းစားပါ။ အဲ့တစ်ယောက်ကလည်း ထမင်းစားနေတုန်း ဖုန်း မသုံးဖို့ လိုတာပေါ့။
  • စလေ့ကျင့်တဲ့အခါ တစ်ရက်မှာ တစ်နပ်လောက်နဲ့ စကြည့်ပါ။ နောက်ပိုင်း အကျင့်ဖြစ်သွားရင် တိုးသွားပါ။
  • ထမင်းစားတဲ့အခါ ဟင်းတွေကို စိတ်ဝင်စားပါ။ ဘာဟင်းလဲ၊ ဘယ်လိုချက်ထားတာလဲ စသဖြင့် ခေါင်းကို အလုပ်ပေးထားပါ။
  • အစာစားတဲ့အခါ အရသာ ခံစားပါ။ ချိုသလား၊ ငန်သလား စသဖြင့် အရသာကို အာရုံစိုက်လိုက်ပါ။
  • အကြိမ်ရေတွက်ပြီး ထမင်းဝါးပါ။ ထမင်းလုတ်ကို ပါးစပ်ထဲထည့်ပြီးရင် အကြိမ် ၂၀-၃၀ စသဖြင့် ရေတွက်နေပါ။ ဒါက အစာကြေဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ဖြည်းဖြည်းချင်းစားဖြစ်လို့ ဗိုက်ပြည့်လွယ်ပြီး အဝမလွန်အောင် ထိန်းပေးနိုင်ပါတယ်။

ဒါက လူကြီးတွေအတွက်ပေါ့။ ကလေးတွေကို ဆိုရင်လည်း အစတည်းက ဖုန်းပြပြီး ထမင်းကျွေးတာကို အကျင့်မလုပ်ပါနဲ့။ ထမင်းစားတဲ့အခါ မိသားစုနဲ့ အတူစားတာ ဒါမှမဟုတ် ထမင်းစားချိန်မှာ သူနဲ့ အဖော်လုပ်ပြီး စကားပြောပေးပါ။ ဖုန်းပြပြီး ထမင်းကျွေးတာက ရေရှည်အတွက် နည်းလမ်းကောင်း မဟုတ်လို့ပါ။

ထမင်းစားရင်း ဖုန်းမသုံးမိစေဖို့

ထမင်းစားရင်း ဖုန်းသုံး တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ခုကစပြီး ကြိုးစားဖြတ်ကြည့်ပါ။ ဒါက အာရုံလွင့်ပျံ့စေလို့ မကောင်းပါဘူး။ စစချင်းမှာ နေရခက်နိုင်တယ်ဆိုပေမဲ့ နောက်ပိုင်း ကျင့်သားရသွားရင် ဖုန်းမသုံးဘဲ ထမင်းစားရတာပိုပြီး အရသာ ရှိလာမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Using Smartphones When Eating Increases Caloric Intake in Young People: An Overview of the Literature https://www.ncbi.nlm.nih.gov/pmc/articles/PMC7744612/ Accessed date Aug 4, 2023

Meal-time Smartphone Use in an Obesogenic Environment: Two Longitudinal Observational Studies https://www.ncbi.nlm.nih.gov/pmc/articles/PMC8138713/ Accessed date Aug 4, 2023

Phones at the dinner table: U-M study explores attitudes https://news.umich.edu/phones-at-the-dinner-table-u-m-study-explores-attitudes/ Accessed date Aug 4, 2023

Is it OK to let kids use a phone or screen at dinner? https://www.understood.org/en/articles/child-use-phone-at-the-dinner-table Accessed date Aug 4, 2023

Mindful Eating https://www.hsph.harvard.edu/nutritionsource/mindful-eating/ Accessed date Aug 4, 2023

ယခုပုံစံ

27/02/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

မိုဘိုင်းလ်ဖုန်းကို လက်ကမချနိုင်ဖြစ်နေတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement