backup og meta

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား


Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

    Detoxing ဆိုတာ ညစ်ညမ်းနေတဲ့ အရာတွေကို သန့်စင်သွားအောင် ဖယ်ရှားရှင်းလင်းတာ မဟုတ်လား။ ခန္ဓာကိုယ်ကြီးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water သောက်ကြတာလိုမျိုးပေါ့။ ခုလည်း ဆိုရှယ်မီဒီယာတွေ အသုံးပြုရခက်နေချိန်မှာ Digital Detox လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

    Digital Detox ဆိုတာက ခုနောက်ပိုင်းနှစ်တွေမှာ အတော်လေး ခေတ်စားလာနေတဲ့ စကားလုံးတစ်ခုပါ။ အချိန်ကာလတစ်ခု သတ်မှတ်ပြီး စမတ်ဖုန်း၊ ရုပ်မြင်သံကြားစက်၊ တက်ဘလက်၊ ကွန်ပျူတာ၊ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်နေထိုင်ခြင်းကို ဆိုလိုပါတယ်။

    လူသားတစ်ယောက်ကို တကယ့်လူမှုဘဝနေထိုင်မှု ပုံစံဆီကို ပြန်သွားစေပြီး နည်းပညာအနှောင့်အယှက်မရှိပဲ အချိန်အတိုင်းအတာတစ်ခုစာ နေထိုင်ရှင်သန်စေတဲ့နည်းလမ်းဆိုပါတော့။

    ဘာကြောင့် Digital Detox လုပ်သင့်တာလဲ

    ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ် ဒစ်ဂျစ်တယ်နည်းပညာနဲ့ထိတွေ့မှု ၁၁ နာရီဝန်းကျင်လောက်ရှိပါတယ်။ ဒီလိုအသုံးပြုနေရင်းမှာပဲ စမတ်ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေကို စွန့်ခွာချင်စိတ်ကလည်း တစ်ပြိုင်နက်တည်းဖြစ်လာတတ်ပါတယ်။ ဒီနည်းပညာတွေဆီကနေ အဆင်ပြေမှု၊ ပျော်ရွှင်မှုအပြင် စိတ်ဖိစီးမှုတွေ၊ စိတ်မချမ်းသာမှုတွေကိုလည်း တပြိုင်နက်တည်း ရနေတာကြောင့်ပါ။

    ဒါပေမယ့် ဘယ်သူမှ တော်တော်နဲ့ မစွန့်ခွာနိုင်ကြပါဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ စွဲလမ်းစိတ်ဖြစ်ပေါ်လာတာကြောင့်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အချိန်ကြာမြင့်စွာ အသုံးချလာလေလေ အတွေးစိတ်ထဲမှာ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေ ပိုပိုစုပုံလာလေလေဆိုပါတော့။

    ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

    ဒစ်ဂျစ်တယ်နည်းပညာတွေကို မစွန့်ခွာနိုင်ခြင်းနဲ့အတူ လူမှုဘဝမှာရော၊ ပေါင်းသင်းဆက်ဆံရေးမှာရော၊ စိတ်ခံစားချက်မှာပါ ပြဿနာတွေရှိလာပါတယ်။ လေ့လာချက်တွေအရဆိုရင် လူငယ် ၅၀% လောက်က သူတို့တွေ ဆိုရှယ်မီဒီယာကို စွဲလမ်းနေပြီလို့ ခံစားရကြောင်းဆိုကြသလို ၇၈% က သူတို့တွေ တစ်နေ့ကို ၂ နာရီနဲ့အထက် ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို အသုံးချကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။

    ဒီလိုအခြေအနေမျိုးတွေကြောင့် Detox ဆိုတာကြီးကို မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်လာတာဖြစ်ပါတယ်။ ရုတ်တရက်ဆိုရင်တော့ Detox ဆိုတာကြီးက ပျင်းစရာကြီးပါလို့ ထင်မြင်မိနိုင်ပါတယ်။ နည်းပညာက နေ့စဉ်လူနေမှုဘဝမှာ မရှိမဖြစ်လိုဖြစ်လာနေတဲ့ ဒီကနေ့ခေတ်မှာ ဒစ်ဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို စွန့်ခွာနေထိုင်ဖို့ဆိုတာက ထင်သလောက်လည်း မလွယ်ကူလှပါဘူး။

    ဒါပေမယ့် စိတ်မပျက်ပါနဲ့။ ဒီလို Detox မစတင်ခင်မှာ ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေကို သင်အရင်လေ့လာကြည့်လိုက်ပါ။ ဒါဆိုရင် သင်ဘာကြောင့် Detox လုပ်သင့်တယ်ဆိုတာကို သိနားလည်လာပါလိမ့်မယ်။

    Digital Detox လုပ်တဲ့အခါ

  • နည်းပညာကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မယ်၊
  • ဒစ်ဂျစ်တယ် ထုတ်ကုန်တွေကြောင့်ဖြစ်လာတဲ့ အိပ်ရေးပျက်မှုတွေကို လျှော့ချနိုင်မယ်၊
  • စမတ်ထုတ်ကုန်တွေကြောင့် ဖြစ်လာတဲ့ ဦးနှောက်ထိခိုက်မှုကို လျှော့ချနိုင်မယ်၊
  • လုပ်ငန်းခွင်၊ လူနေမှုဘဝနဲ့ ပတ်ဝန်းကျင်တို့အကြားက ဆက်ဆံရေးကို ဟန်ချက်ထိမ်းနိုင်မယ်၊
  • စိတ်ပင်ပန်းနေမှုတွေကို လျော့ပါးသက်သာစေမယ်၊
  • သူများရဲ့ လုပ်နိုင်စွမ်းကို မုဒိတာမပွားနိုင်ပဲ စိတ်မချမ်းမသာဖြစ်နေတတ်တဲ့ FOMO ဝေဒနာကို လျော့ပါးစေမယ်။
  • Detox လုပ်ဖို့ လိုအပ်နေပြီလား

    လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါ အခြေအနေတွေမှာ Digital Detox လုပ်ဖို့ လိုအပ်ပါတယ်တဲ့။

    • ဖုန်းကို ရှာမတွေ့ရုံနဲ့တင် စိတ်သောကများနေတာ ဒါမှမဟုတ် စိတ်ဖိစီးနေတာ၊
    • အားနေရင် ဖုန်းပဲကြည့်နေမိတာ၊ ဖုန်းတကိုင်ကိုင်ဖြစ်နေတတ်တာ၊
    • ဆိုရှယ်မီဒီယာ အသုံးပြုပြီးတိုင်း အလိုမကျ၊ စိတ်ဓာတ်ကျ၊ ဝမ်းနည်း၊ သောကများတာတွေထဲက တစ်ခုခုကို ခံစားရတတ်တာ၊
    • သင့်ရဲ့ ဆိုရှယ်မီဒီယာက Post ၊ Comment ၊ Like နဲ့ Share တွေအပေါ် ခံစားချက်လွန်ကဲနေတတ်တာ အလေးထားလွန်းနေတာ၊
    • တစ်စုံတစ်ယောက်က ကိုယ့်ဖုန်း ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုခုကို စစ်ဆေးမှာ၊ ရယူသုံးစွဲမှာကို စိုးရိမ်ကြောက်လန့်နေတတ်တာ၊
    • မိုးလင်းလည်း ဖုန်းကိုစကိုင် မိုးချုပ်လည်း ဖုန်းသုံးပြီးမှ အိပ်တာမျိုး အလေ့အကျင့်ရှိနေတာ၊
    • တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိစ္စကို အာရုံမစိုက်ခင် ဖုန်းအရင်ကြည့်နေတတ်တာ၊ စတာတွေပါပဲ။

    ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

    ထိရောက်တဲ့ Detox ဖြစ်အောင် ဘယ်လိုလုပ်မလဲ

    တကယ်တမ်း Detox လုပ်တယ်ဆိုတာက ဒစ်ဂျစ်တယ်ထုတ်ကုန်နဲ့ နည်းပညာတိုင်းကို အဆက်အသွယ်ဖြတ်စေတာပါ။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ လုပ်ငန်းခွင့်ကိစ္စရပ်တွေနဲ့ လူမှုဘဝနေထိုင်မှုပုံစံတွေကြောင့် ၁၀၀% အပြည့်အဝ အဆက်အသွယ်ဖြတ်ဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။

    Detox ဆိုတာကလည်း ဒစ်ဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဆိုရှယ်မီဒီယာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ်ဖြတ်ထားတာကို ဆိုလိုတာမဟုတ်လား။ ဒါကြောင့် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး Detox လုပ်နိုင်ပါတယ်။

    လက်တွေ့ဆန်ပါစေ – ဖြစ်နိုင်ခြေရှိတာမျိုးကို စဉ်းစားပြီးလုပ်ပါ။ ကိုယ်လုပ်နိုင်သလောက်ကို ချိန်ညှိမလုပ်ရင် မအောင်မြင်ဖို့ များပါတယ်။

    ကိုယ်လုပ်နိုင်တဲ့ အချိန်ပမာဏကို သတ်မှတ်ပါ – နေ့စဉ် နာရီပိုင်းလား၊ ဒါမှမဟုတ် ၁ ရက်လောက် တစ်နေကုန်လုပ်လိုက်မှာလား။ သတ်မှတ်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အောက်ပါအချိန်တွေဟာ သင့်အတွက် Digital Detox လုပ်ဖို့ အကောင်းဆုံး အချိန်တွေ ဖြစ်ပါတယ်။

    • အစာစားချိန်၊
    • အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်၊
    • လုပ်ငန်းခွင်ထဲရောက်နေချိန်၊
    • မိသားစုကို အချိန်ပေးနေချိန် တွေပါပဲ။

    ဒါ့အပြင် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေ၊ အထီးကျန်မှုတွေကို ကောင်းကောင်းဖြေဖျောက်နိုင်ပါလိမ့်မယ်။

    အနှောင့်အယှက်တွေကို ဖယ်ရှားပါ – မဖြစ်မနေ ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို အသုံးပြုရဖို့ ကြုံလာရင် ကိုယ်သုံးရမယ့်ကိစ္စထက် ကျော်လွန်ပြီးမသုံးဖြစ်အောင် ရှိသမျှ Noti တိုင်းကို ပိတ်ထားပါ။

    အလုပ်ဖြစ်အောင်လုပ်ပါ – ဖြစ်နိုင်ရင် ဘာခြွင်းချက်မှ မထားပါနဲ့။ ခြွင်းချက်တွေထားပြီး လုပ်နေမယ်ဆိုရင် ထိရောက်မှာမဟုတ်သလို အလုပ်ဖြစ်လို့လည်း ခက်ပါတယ်။

    ပတ်ဝန်းကျင်ကို အသိပေးပါ – လျှို့လျှို့ဝှက်ဝှက်နဲ့ မလုပ်ပါနဲ့။ ကိုယ် ဒီလိုလုပ်နေတယ်ဆိုတာကို ပတ်ဝန်းကျင်၊ အသိမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို အသိပေးပါ။ ဒါမှ သူတို့ကလည်း ကိုယ့်ကို ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

    ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချထားပါ – ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချထားရင် ပိုအလုပ်ဖြစ်ပါတယ်။

    မှတ်တမ်းတင်ပါ – ကိုယ်ဘယ်လောက်လုပ်နိုင်တယ်၊ ဘယ်လိုအကျိုးရှိလာတယ်ဆိုတာကို စာအုပ်နဲ့ မှတ်တမ်းတင်ထားပါ။

    အထက်ပါနည်းလမ်းတွေက Digital Detox လုပ်ရာမှာ ပိုပြီး ထိရောက်စေဖို့ ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement