ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

    ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

    သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူဖြစ်ရင် ငရုတ်သီး ချစ်သူပီသပါတယ်။ ငရုတ်သီးစိမ်း ကြိုက်သူတစ်ယောက်အနေနဲ့ ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ တွေကိုရော သိပြီးပြီလား။

    တချို့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရောရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းကမြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။ အနံ့လည်းပိုမွှေးပြီး အညှီနံ့ပျောက်တာကိုး။

    ငရုတ်သီးစိမ်းမှာ ဘာတွေပါ

    ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင် ပါဝင်မှုများပြီး ဗီတာမင် ဘီနဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ ငရုတ်သီးစိမ်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ဆက်ကြည့်ရအောင်။

    ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

    ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး ကတော့

    (၁) အအေးမိခြင်းကို ကုသနိုင်

    အအေးမိသလို ဖျားချင်သလိုလိုဖြစ်လာရင် ရှူးရှူးရှဲရှဲ ပူစပ်စပ်လေးတစ်ခုခုစားလိုက်မှ ချွေးထွက်သွားတယ်၊ ပွင့်သွားတယ်နဲ့ပြောကြတာ သတိထားမိလား။ ဒီနည်းလမ်းက တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းနည်းနည်းစားလိုက်တာနဲ့ (ဥပမာ – ချဉ်စပ်ဟင်းရည်၊ အာပူလျှာပူ) အဆုတ်ရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။ ချွဲသလိပ်တွေချောင်စေပြီး ချောင်းဆိုးသက်သာစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးတဲ့အတွက် အအေးမိခြင်းအပါအဝင် နာမကျန်းဖြစ်တာအတော်များများကို သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

    (၂) ရောင်ရမ်းမှုတွေ သက်သာစေနိုင်

    နာတာရှည်ရောင်ရမ်းမှုဝေဒနာက သင့်ကျန်းမာရေးကို အားနည်းယိုယွင်းစေပြီး တခြားရောဂါတွေဝင်လာစေနိုင်ပါတယ်။ ငရုတ်သီးစိမ်းမှာ ပါတဲ့ ဗီတာမင် စီ က အရောင်ကျစေတဲ့အစွမ်းသတ္တိရှိတဲ့အတွက် ဂေါက်ရောဂါ၊ အနာတွေနဲ့ နှလုံးဆိုင်ရာရောဂါပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။

    (၃) အနာကျက်မြန်စေနိုင်

    ဗီတာမင် စီ ကြောင့်ပဲ အနာတွေ၊ ဒဏ်ရာတွေကို အကျက်မြန်စေပါတယ်။ အရေပြားဖွဲ့စည်းပုံမှ အဓိကကျတဲ့ ကိုလာဂျင်အသားဓာတ် ဖြစ်ပေါ်မှု၊ လုပ်ဆောင်ချက်ကိုထောက်ပံ့အားပေးပြီး အရေပြားအသစ်ဖြစ်ပေါ်မှုကို ကူညီတဲ့ ဗီတာမင် စီ က အနာကျက်မြန်စေနိုင်ပါတယ်။

    (၄) ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးနိုင်

    အရသာပူတယ်စပ်တယ်ဆိုပေမယ့်လည်း အံ့သြစရာကောင်းတာက ငရုတ်သီးစိမ်းမှာ အလုံအလောက်ပါဝင်တဲ့ capsaicin(ကပ်ဆေးရ်စင်) က ဦးနှောက်ရဲ့hypothalamus(ဦးနှောက်ရှေ့ခြမ်းအပိုင်း)က အပူလျှော့ချခြင်းစင်တာကို နှိုးဆွပေးတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယလိုမျိုး ပူပြင်းတဲ့ဒေသတွေမှာတောင် ငရုတ်သီးစိမ်းကိုစားနေကြတာပါ။

    (၅) အစာအိမ်နဲ့အူလမ်းကြောင်းအတွက်ကောင်းကျိုးပြု

    ငရုတ်သီးစိမ်းမှာ အစာခြေဖျက်မှုကိုအားပေးထောက်ပံ့ပြီး၊ အူကိုရှင်းစေတဲ့အတွက် ဝမ်းလည်းမှန်စေပါတယ်။ ငရုတ်သီးစိမ်းက တံတွေးလည်း ပိုထွက်စေတာကြောင့် အစာကောင်းစွာကြေညက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ငရုတ်သီးစိမ်းကို အလွန်အကျွံမဟုတ်ဘဲ ထိုက်သင့်သလောက်စားပေးရင် capsaicin(ကပ်ဆေးရ်စင်) က အစာအိမ်အနာတွေကို သက်သာစေပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

    (၆) မျက်စိအားကောင်းစေနိုင်

    ဗီတာမင် စီ က ငရုတ်သီးစိမ်းမှာပါတဲ့ အကောင်းဆုံး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မျက်စိနဲ့အမြင်အာရုံ ကျန်းမာရေးကိုကောင်းမွန်စေရုံသာမက အတွင်းတိမ်ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုတောင်လျော့ပါးစေပါတယ်။ ဗီတာမင် အေ ကြွယ်ဝမှုကြောင့်လည်း မျက်စိကျန်းမာရေးအတွက်ပိုကောင်းစေတာဖြစ်ပါတယ်။

    (၇) နှလုံးကျန်းမာစေနိုင်

    Capsaicin(ကပ်ဆေးရ်စင်)ကြောင့်ပဲ နှလုံးကျန်းမာရေးကို နည်းလမ်းနှစ်မျိုးနဲ့ အကျိုးပြုနိုင်ပါတယ်။ တစ်နည်းကသွေးထဲက ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးသွေးကြောတွင်း ကိုလက်စထရောစုပုံခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောတွေကို ကျုံ့စေပြီး တခြားကိုယ်တွင်းအင်္ဂါတွေဆီသွေးလည်ပတ်မှုကိုဟန့်တားနေတဲ့ မျိုးဗီဇတစ်ခုခုရဲ့လုပ်ဆောင်ချက်ကို တားဆီးပေးခြင်းဖြင့်သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။သွေးကြောတွေကိုချဲ့ပေးတဲ့Capsaicin(ကပ်ဆေးရ်စင်) ကသွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးကျန်းမာစေတာဖြစ်ပါတယ်။

    (၈) ကင်ဆာ ကာကွယ်နိုင်

    ငရုတ်သီးစိမ်းရဲ့capsaicin(ကပ်ဆေးရ်စင်) က ကင်ဆာရောဂါမဖြစ်စေဖို့ သို့မဟုတ် ကင်ဆာဆိုးရွားမှုအဆင့်ကိုနှေးကွေးစေဖို့(အထူးသဖြင့် ဆီးကျိတ်) ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကင်ဆာကာကွယ်တဲ့လုပ်ဆောင်ချက်မှာ ပါဝင်ထောက်ကူပေးပါတယ်။

    (၉) အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်

    ထမင်းစားတဲ့အခါ အသုပ်လေးထဲမှာဖြစ်ဖြစ် ငရုတ်သီးစိမ်းလေးထည့်စားရင် အသားအရေလည်းနုပျိုစေပြီး အရေပြားကျန်းမာရေးအတွက်ပါကောင်းပါတယ်။ အရေးအကြောင်းတွေကိုလည်း မဖြစ်စေပါဘူးတဲ့။ ဗီတာမင် စီ ကြောင့် ဆဲလ်တွေကို အောက်ဆီဂျင်ဓာတ်တိုးပျက်စီးစေခြင်းမဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်မီရင့်ရော်မှုလက္ခဏာတွေကိုလျော့ပါးစေပါတယ်။

    (၁၀) အိမ်ထောင်ရေးသုခပြည့်ဝစေနိုင်

    ငရုတ်သီးပူစပ်စပ်လေးက ခန္ဓာကိုယ်ထဲမှာ အပူဓာတ်ပေးရုံတင်မကဘဲ အိပ်ရာထဲအထိပါကောင်းကျိုးပေးပါတယ်တဲ့။ ငရုတ်သီးစိမ်းမှာပါတဲ့capsaicin(ကပ်ဆေးရ်စင်)ကြောင့် နှလုံးခုန်နှုန်းကိုမြန်လာစေပြီး အာရုံကြောတွေကို နှိုးဆွကာသွေးလည်ပတ်မှုကိုကောင်းစေပါတယ်။

    ဘေးထွက်ဆိုးကျိုးကတော့

    ငရုတ်သီးစိမ်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် သိပ်လည်းအများကြီးမစားပါနဲ့။ ဆိုလိုတာက တစ်နေ့ကို ငါးတောင့်ထက် ပိုမစားသင့်ပါဘူး။ ပြီးတော့ ဒါကိုလည်း တစ်ကြိမ်တည်းစားမချသင့်ဘူးနော်။ တစ်ခါစားမှ တစ်တောင့်နှစ်တောင့်လောက်ပဲ စားပါ။ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။ ဗိုက်အောင့်တတ်သူဆိုရင် ကိုယ့်အစာအိမ်ကလက်ခံနိုင်သလောက်ထက်ပိုပြီး စားမိတဲ့အခါ တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ အစပ်ဒဏ်ကို မခံနိုင်ရင် နို့အေးတစ်ခွက်သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။

    ငရုတ်သီးစိမ်းတွေက အမျိုးအစားမတူကြသလို အစပ်အရသာလည်း အဆင့်အလိုက် ရှိတဲ့အတွက် အစပ်သိပ်ပြင်းတာမျိုး အမြဲမစားသင့်ပါဘူး။ သဘာဝအကျိုးကျေးဇူးတွေရှိလို့၊ နှစ်သက်လို့ စားသုံးချင်ရင် ဟင်းပွဲတွေထဲ အနည်းငယ်စီ ထည့်စားရင်းနဲ့ ရနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement