နှမြောစာ ဆိုတာက စားလို့မကုန်တဲ့ အစားအစာတွေပါ။ အထူးသဖြင့် မနက်ဆို တစ်အိုးကြီး ချက်ပြီး ညဆို စားမနိုင်ဘဲ ကျန်နေတာမျိုးပေါ့။ ဒီလိုမျိုး ကျန်နေတဲ့အခါ လွှင့်ပစ်ရမှာလည်း နှမြောတဲ့အတွက် အတင်းသွပ်ပြီး စားမိတာမျိုးပေါ့။ ဒါမျိုးက ရေရှည်မှာ မကောင်းပါဘူး။
နှမြောစာ တွေ ဘယ်ကရ
မိုးလင်းပြီဆိုတာနဲ့ အိုးကြီး အိုးငယ်နဲ့ ချက်၊ အိမ်မှာ ရှိတဲ့ သူထက် ပိုပိုသာသာ ချက်မိတဲ့အခါ ညဘက်လောက်ဆို ဟင်းတွေ ပိုလာပါပြီ။ အဓိက အကြောင်းရင်းကတော့
- အိမ်ရှိလူထက် ပိုချက်ထားတာ
- ဟင်းစားတွေ တန်တယ်ဆိုပြီး လိုလိုမလိုလို ဝယ်ပြီး ပိုချက်ထားတာ
- ဧည့်သည်လာခဲ့ရင် ကျွေးစရာ မရှိမှာစိုးလို့ ပိုချက်ထားတာ
- တစ်ခါတလေ ဘာရယ်မဟုတ် ဟင်းနည်းနေတဲ့အခါ သူစားနိုး၊ ကိုယ်စားနိုးနဲ့ အချင်းချင်း ညှာပြီး ညကျ ဟင်းတွေ ပိုနေတာ စတာတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအနေနဲ့ ဧည့်ကောင်းဆောင်ကောင်းကို မျှော်တတ်ကြပါတယ်။ ဒါကြောင့် ဧည့်သည်လာရင် ကျွေးစရာ မရှိမှာကို အင်မတန်စိုးရိမ်ကြပါတယ်။ ဒါကြောင့် အမြဲလိုလို ပိုချက်ကြပါတယ်။ အိမ်ကို ဧည့်သည်လာဖို့ ရှိရင် သာတောင် ဆိုးပါသေးတယ်။ လာမယ့်လူထက် နှစ်ဆလောက် ပိုချက်ကြပါတယ်။ ဒါတွေကပဲ နှမြောစာကို ဖြစ်စေတာပါ။
နှမြောစာများနဲ့ အဝလွန်ခြင်း
နှမြောစာ မှန်း သိလိုက်ရတဲ့ အချိန်ကတော့ ညဘက်ပါ။ တစ်နေကုန် အိမ်ရှိလူကုန် စားပြီး သောက်ပြီးလို့ ည၈နာရီလောက်ဆိုရင် မကုန်ဘဲ ကျန်တဲ့ ထမင်းတွေ၊ ဟင်းတွေကို စပြီး မြင်လာရပါပြီ။ သိမ်းလို့ရရင် တော်သေးရဲ့။ သိမ်းလို့ မရ၊ နောက်နေ့ခံဖို့ မသေချာဘူးဆိုရင် သေချာပေါက် နှမြောစာ ဖြစ်ပါပြီ။
ဒီတော့ နာမည်အတိုင်း နှမြောတဲ့ စိတ်နဲ့ ဆာဆာ မဆာဆာ ညဘက်ကြီး စားမိတတ်ပါတယ်။ အထူးသဖြင့်ကတော့ နှမြောတတ်တဲ့ အိမ်ရှင်မတွေ၊ လူကြီးတွေပါ။ ဗိုက်ဆာလားဆိုတော့လည်း မဆာ၊ ဒီတိုင်း ထားရင် မနက်ကျ သိုးပြီး ပစ်လိုက်ရမယ့် တူတူ စားလိုက်တာပဲ ကောင်းပါတယ်လေ။ ဒီတိုင်းပဲ စားရင်းနဲ့ ဝင်သွားမှာပါဆိုပြီး စားမိကြပါတယ်။
ဒီလိုမျိုးက တစ်ညလည်း နှစ်ညလည်းမဟုတ် ရက်ဆက် ဖြစ်လာတဲ့အခါ အဝလွန်စေပါတယ်။ ညဘက်ကြီး စားတာဖြစ်တဲ့အတွက် ပြီးရင် လုပ်စရာလည်း မရှိ၊ အိပ်ရုံပဲ ကျန်တော့တာဆိုတော့ စားသမျှကို ပြန်သုံးပစ်စရာလည်း မရှိတော့ပါဘူး။
ညတိုင်းလိုလို နှမြောစာတွေကျန်ပြီး စားနေရတော့ နောက်ပိုင်း ဟင်းမပိုတဲ့ နေ့ဆိုရင်တော့ ပါးစပ်က အကျင့်ပျက်နေတဲ့အတွက် မစားရမနေနိုင် ဖြစ်လာပါတယ်။ ဒီလိုကနေ တဖြည်းဖြည်း အဝလွန်လာပါတယ်။
နှမြောစာကနေ အဝမလွန်စေဖို့
တကယ်ဆိုရင် နှမြောစာ တွေကြောင့် အဝလွန်တာက ကြိုပြီး ကာကွယ်လို့ ရတဲ့ ကိစ္စပါ။ နေ့စဉ်ချက်တဲ့ ဟင်းလျာတွေကို သေချာ ချင့်ချိန်တိုင်းထွာပြီး ချက်မယ်ဆိုရင် အပိုတွေ ထွက်လာမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် နည်းလမ်းလေးတချို့ကို မျှဝေပေးလိုပါတယ်။
- ဝယ်မယ့် ပစ္စည်းကို အတိအကျ တွက်ပါ။
အိမ်မှာ ရှိတဲ့ လူနဲ့ ကိုယ်ဝယ်မယ့် အသားငါး၊ အသီးအရွက်ကို သေချာတွက်ချက်ပါ။ အပို မဝယ်ပါနဲ့။
- တစ်ရက်ချင်းစီအတွက် စာရင်းလုပ်ပါ။
အိမ်နဲ့ စျေးနီးရင် မနက်ကျမှ စဉ်းစားပြီး ဝယ်လို့ရပေမယ့် တချို့ကျ စျေးဝေးတာရော၊ အလုပ်များတာကြောင့်ရော တစ်ပတ်စာကြိုဝယ်ထားလေ့ရှိပါတယ်။ တစ်ပတ်စာ ဝယ်လည်း တွေ့သမျှ အကုန်မဝယ်ဘဲ တစ်ရက်ချင်းစီအတွက်ပဲ တွက်ချက်ပြီး ၇ရက်စာ အတိဝယ်ပါ။
ဒစ်စကောင့်တွေဆိုတာ တကယ်တော့ ထောင်ချောက်တွေပါ။ လိုလို မလိုလို တန်သဟဲ့ဆိုပြီး စျေးခြင်းထဲ ရောက်လာမယ့် အရာတွေပေါ့။ အများကြီး ဝယ်၊ အများကြီး ချက်ပြီး ညကျ မကုန်ရင် ကိုယ့်ဆီကို ကယ်လိုရီတွေပဲ ပရိုမိုးရှင်းနဲ့ ရောက်လာမှာမို့လို့ လျှော့စျေးတွေကို သတိထားပါ။
- မလိုရင် မချက်ပါနဲ့။
ဒီနေ့တော့ ဘယ်သူက အပြင်မှာ ညစာစားလာမယ်ဆိုရင် ညကျ သူ့အတွက် ထည့်မချက်ပါနဲ့။ လူကြီးတွေကတော့ သားလေး၊ သမီးလေး ဆာနေမှာ စိုးလို့ ပိုချက်ထားပေမယ့် သူတို့မစားလို့ ကိုယ်ပဲ စားလိုက်ရတဲ့အခါ ကိုယ်ပဲ ဝလာပါတယ်။ ထမင်းအိုးတည်တာနဲ့ ကြက်ဥကြော်တာက နာရီဝက်တောင်မကြာတဲ့အတွက် ပြန်လာလို့ စားမယ်ဆိုတာ သေချာမှ ချက်ပေးလိုက်ပါ။
- တတ်နိုင်ရင် ခွဲချက်ပါ။
တတ်နိုင်ရင်တော့ နေ့လယ်စာနဲ့ ညစာကို ခွဲချက်ပါ။ နေ့လယ်စာမှာ ကျန်တဲ့ ထမင်းဟင်းကို ကြည့်ပြီး ညစာကို မှန်းချက်မယ်ဆိုရင် ဟင်းမပိုတော့ပါဘူး။ အလုပ်ရှုပ်တယ်ဆိုရင်တော့ မနက်တည်းက အတိအကျတွက်ပြီး ချက်နိုင်ပါတယ်။
အစားအသောက်တွေက ဒီနေ့တစ်ရက်စာ ချက်ပြီး တစ်ရက်စာ ကုန်အောင် လတ်လတ်ဆတ်ဆတ်စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မကုန်လို့ ဆိုပြီး ဒီနေ့အပြတ် စားရမှာတော့ မဟုတ်ပါဘူး။ မကုန်ရင် သန့်သန့်လေး ထုတ်ပိုးပြီး ရေခဲသေတ္တာအောက်ဆင့် (မခဲတဲ့အကန့်) ဒါမှမဟုတ် အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းနိုင်ပါတယ်။ မနက်ကျမှ ပူနေအောင် ပြန်ချက်ပြီးစားပါ။
နှမြောစာ တွေက ဝယ်တော့လည်း အများကြီးဝယ်ရတဲ့အတွက် ပိုက်ဆံကုန်၊ စားမကုန်တော့ ညကျ အတင်းစားရနဲ့ အဝလွန်လာပါတယ်။ မီးဖိုချောင်ကိစ္စတွေကိုသာ သေချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေကုန်ကြေးကျသက်သာပြီး အစားအသောက်တွေ အလေအလွင့်ဖြစ်တာ၊ မကုန်တာတွေ စားပြီး အဝလွန်လာမှာကို ကာကွယ်နိုင်မှာပါ။
[embed-health-tool-bmi]