တစ်နေ့ တစ်နေ့ ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါရဲ့လားလို့ စစ်ဆေးပါ။ ဆိုလိုတာက မြန်မာ့ထမင်းဝိုင်းမှာဆိုရင် ထမင်းပါမယ်။ အသား သို့ ပဲ ပါရမယ်။ ဆီနဲ့ချက်ထားတာများတယ်ဆိုတော့ အဆီကတော့ အထူးတလည် ပြောစရာ မရှိပါဘူး။ အသီးအရွက်တွေ ပါရဲ့လား စသဖြင့် စစ်ဆေးဖို့ လိုပါတယ်။ အရသာထက်၊ စျေးကြီးတာ၊ စျေးသက်သာတာကို စားတာထက် အာဟာရပြည့်ဖို့က အရေးကြီးပါတယ်။
ဒါ့ပြင် တတ်နိုင်သလောက် အိမ်မှာပဲ ချက်စားပါ။ ကျောင်းတွေ၊ ရုံးတွေ သွားတဲ့အခါ ထမင်းဘူးထည့်သွားပါ။ အပြင်စာ စားရမယ်ဆိုရင်လည်း ခုနလိုပဲ အာဟာရဓာတ်စုံအောင် စားပါ။
- အပင်ကရတာတွေ များများစားပါ။
အပင်ကရတာဆိုတာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ဆိုလိုတာပါ။ ပဲတွေလည်း ပါတာပေါ့။ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ သက်စောင့်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို ပြည့်ဝစေပါတယ်။ ပဲဆိုရင် ပရိုတင်းကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။
- သန့်သန့်ရှင်းရှင်း နေထိုင်ပါ။
ဒီမှာလည်း ရေချိုးခိုင်းတာ မဟုတ်ပါဘူး။ Clean actလို့ခေါ်တဲ့ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံကို ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲခိုင်းတာပါ။ လေ့ကျင့်ခန်းတွေ လုပ်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ တတ်နိုင်သလောက် စိတ်ဖိစီးမှု မရှိအောင် နေမယ်၊ ကိုယ်ချစ်တဲ့ သူတွေနဲ့ အချိန်ဖြုန်းမယ် စသဖြင့်ပေါ့။
သေးသေးလေးက စပါ။
ကိုယ်စားနေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကို သိတယ်။ ဒါပေမယ့်လည်း စားလာတာကြာနေပြီဆိုတော့ အကျင့်ဖြစ်နေပြီ။ ပြောင်းလဲဖို့ခက်တယ်။ ဒီလိုနဲ့ပဲ မထူးပါဘူးဆိုပြီး ဆက်စားမိနေပြီလား။
ဒီလိုလွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့။ အပြောင်းအလဲဆိုတာ ဖြည်းဖြည်းချင်း လုပ်ယူရတာပါ။ သေးသေးလေးကနေ စပြီး အတူတူပြောင်းကြည့်ရအောင်လား။
ဒီနည်းလမ်းကို Healthy swapsလို့ ခေါ်ပါတယ်။ အစားအစာတွေကို ဖလှယ်စားသောက်တာပေါ့။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်လာအောင် ဖြည်းဖြည်းချင်း ပြောင်းတဲ့ နည်းလမ်းပါ။ ဥပမာလေးတွေ ဆက်ကြည့်ရအောင်။
- မလိုင်အပြည့်နို့တွေ သောက်မယ့်အစား အဆီထုတ်ထားတဲ့ နို့တွေ ပြောင်းသောက်ကြည့်တာမျိုး။
- မနက်စာ မုန့်ဟင်းခါးကို လက်အကျင့်ပါပြီး အရသာ မမြည်းဘဲ ငံပြာရည်ပေါက်နေတာကို ရပ်လိုက်တာမျိုး။
- ကော်ဖီသောက်ရင် သကြားတွေ အများကြီး ထည့်မယ့်အစား၊ အချိုလျှော့ထားတဲ့ ဆီးချိုသကြားလို၊ အဆီထုတ်နို့မှုန့်တွေ သုံးတာမျိုး။
- ရေဆာတဲ့အချိန်မှာ အအေးတွေ၊ အားဖြည့်အချိုရည်တွေ သောက်တာထက် ရေအေးအေးလေး သောက်တာ၊ ရံဖန်ရံခါ အသီးဖျော်ရည် အစစ်ကို သောက်တာမျိုး။
- ဟင်းချက်ရင် ဆီလျှော့ထည့်တာမျိုး။
- ထမင်းစားတိုင်း တစ်ဇွန်းဆီလျှော့စားကြည့်တာမျိုး။
- ညဘက်တွေမှာ ခေါက်ဆွဲပြုတ်စားမယ့်အစား အစေ့အဆန်တွေ၊ အသီးအနှံတွေ စားတာမျိုး။
- အသားဝယ်ရင် အဆီမပါတဲ့ အသား၊ အရေခွံဆုတ်ထားတဲ့ အသားတွေ ဝယ်တာမျိုး။
- အသားထက် ငါးကို ဦးစားပေး ဝယ်တာမျိုး စသဖြင့် နည်းနည်းချင်းစီ အပြောင်းအလဲ လုပ်ကြည့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။