home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နေဝင်ချိန်မှာ အဖော်ပြုပါ။

နေဝင်ချိန်မှာ အဖော်ပြုပါ။

အသက် ၆၀ပိုင်းလောက် ရလာပြီ။ ပင်စင်တွေ ဘာတွေ ယူပြီဆိုရင် လူကြီးတွေက ဘဝတစ်ဆစ်ချိုး ထပ်ပြောင်းပါပြီ။ နောက်ဆုံးတစ်ဆစ်ချိုးလို့ပဲ ပြောရမလားပဲ။ အရင်က မိုးလင်းတာနဲ့ အပြင်ထွက် အလုပ်လုပ်၊ လက်အောက်ငယ်သားတွေနဲ့ တရုန်းရုန်း ဖြစ်ခဲ့ရာက ရုတ်တရက် ရုံးမတက်ရတဲ့ မနက်ခင်းကို ရောက်လာပါပြီ။ ရုံးမသွားရတော့လည်း ဘာဖြစ်လဲ။ အိပ်ရေးဝတာပေါ့လို့ ဖြေတွေးလိုက်ပေမယ့် တစ်ရက်က နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ရောက်လာတဲ့အခါ စိတ်ထဲမှာ တစ်ခုခုလိုသလို ခံစားရလာပါပြီ။

အိမ်မှာနေတော့လည်း သားသမီးတွေ၊ မြေးမြစ်တွေက အလုပ်သွား၊ ကျောင်းသွားတဲ့သူနဲ့ ခြောက်ကပ်နေတာပဲ။ လုပ်စရာဆိုလို့ တီဗွီကြည့်ရုံအပြင် ဘာမှမရှိ။ အိမ်အလုပ်လုပ်မယ်ဆိုတော့လည်း အမေရယ်၊ အဖေရယ် ငြိမ်ငြိမ်နေပါဆိုပါဆိုပြီး ဝိုင်းတားကြ။ အိမ်ဦးခန်းမှာပဲ အခန့်သားနေပါဆိုပြီး ပြောကြ။ ဒီအဘိုးကြီး အဘွားကြီးတွေက ကျီးနှင် ကြက်မောင်းရုံပါလားလို့ တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ်တောင် တွေးမိလာတဲ့အထိပဲ။ ကြာလာတော့ အထီးကျန်လာသလိုလို၊ စိတ်ဓာတ်ကျလာသလိုလို၊ ကိုယ့်ကိုယ်ကို ဘာမှ အသုံးမဝင်ဘူးလို့ ခံစားရသလိုလို။

ဒါက လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ပြဿနာပါ။ အလုပ်လုပ်နေရာကနေ ရုတ်တရက် ဘာမှလုပ်စရာမရှိဘဲ အထီးကျန်တဲ့ ဘဝရောက်သွားတာပေါ့။ သားသမီးတွေကတော့ ဒီအရွယ် ဘုရားနဲ့ တရားနဲ့ နေသင့်ပါပြီလို့ တွေးပေမယ့် သင်ထင်တာထက် သူတို့ အများကြီး လုပ်နိုင်ပါသေးတယ်။ တစ်ခုပဲ သင့်ရဲ့ နားလည်မှုနဲ့ အကူအညီတော့ လိုတာပေါ့။ အိမ်က ဘိုးဘိုးဘွားဘွားတွေကို ဘယ်လို အဖော်ပြုမလဲ။ သူတို့ အထီးမကျန်အောင် ဘယ်လိုထားမလဲဆိုတာကို မျှဝေပေးပါမယ်။

  • အလုပ်လုပ်ခိုင်းပါ။

အပြင်ထွက်ပြီး ပိုက်ဆံရှာခိုင်းတာ မဟုတ်ပါဘူး။ သူတို့နိုင်တဲ့ အိမ်အလုပ်ဖြစ်ဖြစ်၊ အပြင်အလုပ်ဖြစ်ဖြစ် လုပ်ခိုင်းတာပါ။ ထင်ကြတာက အဖေ အမေတွေ ဒီလောက်လုပ်ခဲ့တာ တော်ပြီပေါ့။ သူတို့ နားပါစေလို့ သင်က ထင်နေတာပါ။ သူတို့ကို နားချင်ရဲ့လားလို့ မေးဖူးပါသလား။ သူတို့ တစ်ခုခုလုပ်နေမှပဲ သူတို့ကို သူတို့ အရေးပါတယ်လို့ တွေးမိပြီး စိတ်အားမငယ်မှာပါ။ ဒါကြောင့် အိမ်မှာ ပေါ့ပေါ့ပါးပါး ဟင်းချက်တာ၊ အပင်ရေလောင်းတာ၊ အဝတ်လှန်းတာ စတာတွေ လုပ်ပါစေ။ တလက်စတည်း အိမ်မှာသာ အမေမရှိရင် ဒါတွေ ဗြောင်းဆန်နေတော့မှာလို့ ချီးကျူးပေးပါ။ သူတို့ သိပ်ကို ပျော်မှာပါ။

နောက်တစ်ခုက ပင်စင်စား ကျောင်းဆရာကြီး၊ ဆရာမကြီးတွေဆိုရင် အနီးအနားက ကလေးတွေကို စာပြန်ပြနိုင်ပါသေးတယ်။ ပညာဒါနဖြစ်ဖြစ် အခကြေးငွေနဲ့ ဖြစ်ဖြစ်ပေါ့။ သူတို့စိတ်ထဲမှာ သူတို့ လုပ်နိုင်သေးတယ်လို့ တွေးမိဖို့က အဓိကပါ။ ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး။

ဘိုးဘိုးဘွားဘွားနဲ့ စကားမပြောဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ နေကောင်းလားလို့ နောက်ဆုံးဘယ်တုန်းက မေးခဲ့တာလဲ။ တော်တော်ကြာပြီပေါ့။ ဒီခေတ်ကြီးမှာ အိမ်ရှိလူကုန် အလုပ်ထွက်လုပ်ရတဲ့အတွက် အိမ်မှာနေတဲ့အချိန် သိပ်မရှိတော့ပါဘူး။ ပြန်လာတော့လည်း မောကြီး ပန်းကြီးနဲ့ ဘယ်သူနဲ့မှ စကားမပြောနိုင်တော့ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ အချိန်ပေးပါ။ အပြင်သွားရင်းနဲ့ ဖုန်းဆက်ပြီး ဘာစားချင်လဲလို့ မေးတာလည်း သူတို့အတွက် အဆင်ပြေပါတယ်။ အဝေးရောက်နေသူကလည်း video callလေး ဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် စကားပြောပါ။

စာရေးသူရဲ့ အကျင့်တစ်ခုကို shareပေးချင်ပါတယ်။ လူကြီးနဲ့ တူတူ တီဗွီကြည့်တာပါ။ တီဗွီကြည့်ရင်းနဲ့ ဇာတ်ကောင်အကြောင်း မေးတာမျိုး၊ မနေ့က လွတ်သွားတဲ့ အပိုင်းအကြောင်း ပြန်မေးတာမျိုးပေါ့။ ဇာတ်လမ်းက အဓိက မဟုတ်ပါဘူး။ အဓိကက စကားပြောဖြစ်ဖို့ရယ်၊ မနေ့က ကိစ္စတွေကို ပြန်ပြန်မေးပြီး မှတ်ဉာဏ်ကို လေ့ကျင့်ပေးတာရယ်ပါ။ လူကြီးတွေက သတိမေ့တတ်ပြီလေ။

နေ့လယ်စာနဲ့ ညစာကို မပြောလိုပါဘူး။ မနက်စာတော့ ဖြစ်နိုင်မယ်ထင်တယ်။ အတူတူစားရင်း စကားပြောတာမျိုး၊ ဝိုင်းကူလုပ်တာမျိုးက သူတို့ကို အပျင်းပြေစေမှာပါ။ နောက်ပြီး လူကြီး သဘာဝကို သိတယ်မလား။ သူတို့ကျွေးရင် အားရပါးရစားမှကြိုက်တာ။

  • လှုပ်လှုပ်ရှားရှားနေပါစေ။

သူတို့ကို အိမ်ထဲမှာပဲ မအောင်းခိုင်းပါနဲ့။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာမျိုး၊ ခရီးသွားတာမျိုး လွှတ်ပေးပါ။ ခုမသွားရင် နောက်တစ်ခါ မသေချာပါဘူး။ အိမ်မှာဆိုလည်း မနက်မနက် လမ်းလျှောက်ထွက်ခိုင်းတာမျိုး၊ အပင်ရေလောင်းခိုင်းတာမျိုး တစ်ခုခု လုပ်ခိုင်းပါ။ နိုင်ငံခြားမှာတော့ သက်ကြီးclubတွေ ရှိလို့ သူတို့အချင်းချင်းစုပြီး ကျားထိုးတာ၊ ကတာ စတာတွေ လုပ်ကြပါတယ်။

နောက်ပြီး အတူတူ အပြင်ထွက်ပါ။ ဒီအရွယ်မှာ ဒူးနာခါးနာလို့ သင်နောက်က ဖြည်းဖြည်းချင်း လိုက်နေရပေမယ့် သင်က စိတ်ရှည်ပါ။ အတူတူ ဘုရားသွားကျောင်းတက်လောက်တော့ လုပ်ပေးပါ။

အနည်းဆုံး ဖုန်းလောက်တော့ ကောင်းကောင်း သုံးတတ်ပါစေ။ ဒါမှ တစ်ခုခုဆို သင့်ဆီ ဖုန်းဆက်နိုင်မှာပါ။ အမေကလည်း ဒါလေးတောင် မသိဘူးလားဆိုပြီး ရောမချပါနဲ့။ သင့်တုန်းကလည်း သူတို့ပဲ သင်ပေးခဲ့တာပါ။ အိမ်မှာတော့ အမေနဲ့ အဘွားကို ဖေ့စ်ဘွတ်နဲ့ မက်ဆင်ဂျာ သုံးနည်း သင်ပေးထားပါတယ်။ အနည်းဆုံးတော့ အမျိုးတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ သူတို့ စကားပြောလို့ ရတာပေါ့။

သူတို့ဟာ ခုထိ အိမ်ထောင်ဦးစီးနေရာမှာ ရှိနေတုန်းပါပဲ။ ဒါကြောင့် တချို့သော ကိစ္စရပ်တွေမှာ သူတို့ ဆုံးဖြတ်ချက်ကို မလိုအပ်ရင်တောင် လေးစားသမှုနဲ့ နားထောင်ပါ။ အသိပေးပါ။ ဥပမာ ပြောပြပါ့မယ်။ သမီးငယ်ကို ဘယ်ကျောင်းထားမလဲဆိုတာ သူတို့ဆုံးဖြတ်ချက်မလိုပါဘူး။ ဒါပေမယ့် ‘အမေရယ် အမေ့မြေးကို ဘယ်ကျောင်းမှာ ထားလိုက်ပြီ။ အဲ့ဒီကျောင်းက ဘယ်လိုကောင်းတာ အမေရဲ့’ ဒီလောက်ကတော့ ပြောပြထားပါ။

  • ကျန်းမာရေး ဂရုစိုက်ပေးပါ။

လူကြီးဖြစ်လာလေလေ နှမြောလေပါပဲ။ စဉ်းစားကြည့်ရင် သူတို့က ရှားပါးတဲ့ ခေတ်မှာ ကြီးလာရတာကိုး။ ဒါကြောင့် တော်တော်တန်တန်ဆို သူတို့ ဘာဖြစ်နေလဲဆိုတာ သင့်ကို ပြောမှာ မဟုတ်ပါဘူး။ သူ့ကြောင့် သားသမီးတွေ ငွေကုန်ကြေးကျများမှာ စိုးလို့ပါ။ ဒါကြောင့် သူဘာခံစားနေရလဲဆိုတာ သင့်အနေနဲ့ သိဖို့ မလွယ်ပါဘူး။ အပေါ်မှာ ပြောသလို သူနဲ့ မကြာခဏ စကားတွေ ပြောမယ်။ ထမင်းတူတူစားမယ်။ အပြင်သွားမယ်ဆိုရင် သူဘာဖြစ်နေလဲဆိုတာ သင်စကားနှိုက်လို့ ရမှာပါ။ ကိုယ့်ဘက်ကလည်း ကျန်းမာရေး စစ်ဆေးဖို့ နားချပါ။

တော်သေးတာက မြန်မာနိုင်ငံမှာ သားသမီးတွေက မိဘနဲ့ အတူတူ နေကြတယ်။ အိမ်ထောင်ကျလည်း မိဘနဲ့ အတူတူ နေကြတယ်။ မိဘကို ဘိုးဘွားရိပ်သာ သွားပို့ကြတယ်ဆိုတာလည်း နည်းတယ်။ ဒါတွေကြောင့် မိဘတွေက တော်ရုံတန်ရုံ တစ်ယောက်တည်း နေရတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် ခုနက ပြောသလို မိုးလင်းမိုးချုပ် အပြင်ထွက် အလုပ်လုပ်ကြတော့ လစ်ဟင်းတာတွေ ရှိနိုင်ပါတယ်။

နေဝင်ချိန်ဆိုပေမယ့် သင်ကောင်းရင် ဆည်းဆာတွေနဲ့ နေဝင်ချိန် ဖြစ်သွားနိုင်ပါတယ်။ သူတို့ကို အထီးမကျန်ဘဲ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်အောင် သင်ကူညီနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။