အဓိပ္ပါယ်ဖွင့်ဆိုချက်

Stroke (လေဖြတ်ခြင်း) ကဘာလဲ။

လေဖြတ်ခြင်း ဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှု အနှောက်အယှက်ဖြစ်လျှင်သော် လည်းကောင်း၊ လွန်စွာ လျော့နည်းလျှင်သော်လည်းကောင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ Brain attack ဟုခေါ်ပါတယ်။ စက္ကန့် အနည်းငယ်ထက် ပိုကြာကာ သွေးစီးဆင်းမှု နည်းပါက ဦးနှောက်၏ တစ်ရှူးစများထံ အောက်စီဂျင်နှင့် အာဟာရများ ရောက်မှု နည်းသွားပါတယ်။ ထိုအခါ ဦးနှောက် ဆဲလ်များ သေဆုံးသွား နိုင်ပါတယ်။

Stroke (လေဖြတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Stroke (လေဖြတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လေဖြတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

-ခန္ဓာကိုယ် တစ်ခြမ်းတွင်ရှိ မျက်နှာ၊ လက်မောင်း သို့မဟုတ် ခြေထောက်တို့ ရုတ်တရက် အားနည်းလာခြင်း၊ ထုံကျင်လာခြင်း

-လက်နှစ်ဘက်ကိုခေါင်းပေါ် ပြိုင်တူမြှောက်ကြည့်ပါက လေဖြတ်သောလက်မှာ အောက်သို့ပြန်ကျသွားပါလိမ့်မယ်။ အလားတူပင်

– ပြုံးပြသော အခါ ပါးစပ်ရဲ့ တစ်ခြမ်းမှ သွားရည်ကျခြင်း၊  ရုတ်တရက် အမြင်အာရုံ နှင့် အခြားသော အာရုံခံစားမှုများ ချို့ယွင်းခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ စကားပြော မပီသခြင်း၊ သူများ စကားပြောသောအခါ နားမလည်ခြင်း တို့ဟာလည်း လေဖြတ်ခြင်းရဲ့ လက္ခဏာများ ဖြစ်ပါတယ်။ အချန်ကြာလာသည်နှင့် အမျှ ထိုလက္ခဏာများ ပိုမိုဆိုးလာပါသည်။

ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းမှာ မျက်လုံးတစ်ဘက်တွင် သာအဖြစ်များ ပါတယ်။ အမြင် အာရုံေ၀၀ါးခြင်း၊ အနက်ရောင်များ မြင်ခြင်း၊ နှစ်ထပ်မြင်ခြင်း တို့လည်းဖြစ်တတ်ပါတယ်။ ရုတ်တရက် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ကြို့ထိုးခြင်း၊ မြိုချရ ခက်ခဲခြင်း တို့ကိုလည်းတွေ့နိုင်ပါတယ်။

ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း ဖြစ်ကာ သတိလစ်သွားခြင်းဟာ ဦးနှောက်ထဲ သွေးယိုခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပါတယ်။

လမ်းလျှောက်ရခက်ခဲခြင်း- လမ်းလျှောက်နေစဉ် မကြာခဏ ခလုတ်တိုက်ခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း၊ သတိလစ်ခြင်း စသည်တို့လည်း ဖြစ်နိုင်ပါတယ်။

ရုတ်တရက် သတိလစ်၍ လဲကျသွားခြင်း ဟာလည်း လေဖြတ်ခြင်း ရဲ့ လက္ခဏာတစ်ခုပါပဲ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လေဖြတ်ခြင်းဟာ အရေးပေါ် အခြေအနေ တစ်ခုပါ။ ချက်ချင်းကုသဖို့လိုအပ်ပါတယ်။ စောစောကုသပါက ဦးနှောက် ထိခိုက်မှု လျော့နည်းပြီး နောက်ဆက်တွဲ ဆိုးကျိုးလည်း နည်းနိုင်ပါတယ်။

အကြောင်းရင်းများ

Stroke (လေဖြတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးလွှတ်ကြော ပိတ်လျှင်သော်လည်းကောင်း၊ သွေးကြောပေါက် ခြင်း/သွေးယိုခြင်းကြောင့်သော်လည်းကောင်း လေဖြတ်ခြင်းဖြစ်ရပါတယ်။ ခေတ္ထ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားသော အခြေအနေကို တော့ Transient ischemic attack\TIA လို့ခေါ်ပါတယ်။

သွေးလွှတ်ကြော ပိတ်သောကြောင့် လေဖြတ်ခြင်း

ဦးနှောက်သို့ စီးဆင်းသော သွေးလွှတ်ကြောမျာ ပိတ်ခြင်း၊ ကျဉ်းခြင်း၊ သွေးအရောက် အလွန်နည်းခြင်း တို့ကြောင့် လေဖြတ်ခြင်းဖြစ်ပါတယ်။ အဖြစ်အများဆုံးများမှာ

 

-Thrombotic stroke- ဦးနှောက်ထဲတွင် စီးဆင်းသော သွေးလွှတ်ကြော တစ်ခုခုတွင် သွေးခဲပိတ်ဆို့၍ ဖြစ်သော လေဖြတ်ခြင်းမျိုးဖြစ်ပါတယ်။ ပိတ်ဆို့သော အရာမှာ အဆီများစုပြုံခြင်းလည်းဖြစ်နိုင်ပါတယ်၊ ထိုအခြေအနေမျိုးတွင် သွေးစီးဆင်းမှုလျော့နည်းပြီး atherosclerosis ဟုခေါ်ပါတယ်။

-Embolic stroke- သွေးခဲသို့မဟုတ် ပိတ်ဆို့သောအရာသည် ဦးနှောက်ထဲရှိသွေးကြောတွင်မဟုတ်ဘဲ အများအားဖြင့် နှလုံးထဲတွင် ဖြစ်ပါသည်။ အောက်ခံ နှလုံးရောဂါ တစ်ခုခု ကြောင့် ထိုသွေးခဲ ရုတ်တရက် ပြုတ်ထွက်ကာ ဦးနှောက်သွေးကြောထဲ သွားပိတ်ခြင်းဖြင့် လေဖြတ်ခြင်းကို ဖြစ်စေခြင်းဖြစ်ပါတယ်။ ထိုသွေးခဲကို embolus ဟုခေါ်ပါတယ်။

Hemorrhagic stroke- ဦးနှောက်ထဲရှိ သွေးကြော တစ်ခုခု သွေးယိုခြင်း၊ ပေါက်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။ သွေးအလွန်တိုးခြင်း၊ သွေးခဲပျော်ဆေးများသောက်နေရခြင်း၊ သွေးကြောနံရံများတွင် အားပျော့သော နေရာလေးများရှိခြင်း တို့ကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ မွေးရာပါ အလွန်ပါးသော သွေးကြောများ ပေါက်ခြင်းကြောင့် လည်းဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဦးနှောက်သွေးယိုခြင်း အမျိုးအစားများမှာ

  • Intracerebral hemorrhage- ဦးနှောက်ထဲရှိ သွေးကြောပေါက်ကာ ဘေးရှိ ဦးနှောက်တစ်ရှူးများ သွေးများဝင်ရောက်ခြင်းဖြစ်ပါတယ်။ ဦးနှောက်ဆဲလ်များမှ လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရရရှိမှု နည်းသွားပါတယ်။ သွေးတိုးခြင်း၊ ဦးခေါင်းပိုင်းထိခိုက်ခြင်း၊ သွေးကြောများ ပုံမှန်မဟုတ်သော ရောဂါဖြစ်ခြင်း၊ သွေးကြဲဆေးများ သုံးစွဲနေခြင်း စသည်တို့ကြောင့် ဦးနှောက်သွေးယိုတတ်ပါတယ်။
  • Subarachnoid hemorrhage- ဦးနှောက် ၏မျက်နှာပြင်ပေါ် သို့မဟုတ် မျက်နှာပြင်အနီးရှိ သွေးလွှတ်ကြောတစ်ခု ပေါက်ခြင်းဖြင့် ဦးနှောက်နှင့် ဦးခေါင်းခွံကြားနေရာထဲသို့ သွေးများဝင်သွားခြင်းဖြစ်ပါတယ်။ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ ထိုသွေးကြောပေါက်ခြင်းမှာ သွေးကြောတွင် သေးငယ်၍ ဘယ်ရီသီးပုံစံ အိတ်ကလေးဖြစ်နေခြင်းကြောင့်ဖြစ်ပါတယ်။ ထိုအခြေအနေကို aneurysm ဟုခေါ်ပါတယ်။ ထိုသို့ သွေးကြောပေါက်ပြီးပါက ဦးနှောက်ထဲရှိ သွေးကြောများမှာ ကျယ်ပြီး ပြန်ကျဉ်းကာ ဦးနှောက်ဆဲလ်များ ဆီသို့သွေးရောက်ရှိမှု လျော့နည်းသွားပါတယ်။
  • Transient ischemic attack ဟာ လေဖြတ်ခြင်းအသေးစားဖြစ်ပြီး လက္ခဏာများဟာ လေဖြတ်ခြင်းနှင့် ဆင်တူပါတယ်။ ဦးနှောက်သို့ ခေတ္တ ၅ မိနစ်ခန့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်းဖြစ်ပါတယ်။ လေဖြတ်ခြင်းကဲ့သို့ပဲ ဦးနှောက်သို့ စီးဆင်းသော သွေးကြောတွင် သွေးခဲ ပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သို့သော် ပိတ်ဆို့ခြင်းဟာ ခေတ္တခဏ သာဖြစ်ပါတယ်။

 

 

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Stroke (လေဖြတ်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

လေဖြတ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-အ၀လွန်ခြင်း

-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

-အရက် လွန်စွာ သောက်သုံးခြင်း

-မူးယစ်ဆေးများ သုံးစွဲခြင်း

-သွေးတိုးရောဂါရှိခြင်း- သွေးပေါင် ၁၂၀/၈၀ အထက်မြင့်ပါက လေဖြတ်ခြင်းဖြစ်နိုင်ချေကို စတင် မြင့်တက်စေပါတယ်။ ဆရာဝန်က မည်သည့်အသက်အရွယ်တွင် သွေးပေါင် မည်မျှရှိသင့်ကြောင်း ဆုံးဖြတ်ပေးနိုင်ပါတယ်။

-ဆေးလိပ်သောက်ခြင်း နှင့် ဆေးလိပ်ငွေ့မကြာခဏ ရှူရခြင်း

-သွေးထဲ အဆီဓါတ်များခြင်း

-ဆီးချိုရောဂါရှိခြင်း

 

 

 

 

 

 

-Obstructive sleep apnea- ညဘက် အိပ်ပျော်စဉ် သွေးထဲ အောက်ဆီဂျင် ပမာဏ လျော့နည်းခြင်း

-နှလုံးနှင့် သွေးကြော ဆိုင်ရာ ရောဂါများ ရှိခြင်း- နှလုံးအားနည်းခြင်း၊ မွေးရာပါနှလုံး ရောဂါ၊ နှလုံးခုန်နှုန်း ပုံမမှန်ခြင်း၊ ပိုးဝင်ခြင်း

-မိသားစုဝင်ထဲတွင် လေဖြတ်ရောဂါ၊ နှလုံးရောဂါ သို့ transient ischemic attack ဖြစ်ဖူးခြင်း

-အသက် ၅၅ နှစ်နှင့် အထက်ဖြစ်ခြင်း

-အာဖရိကန် နှင့် အမေရိကန်လူမျိုးများတွင် လေဖြတ်ခြင်း ပိုမိုဖြစ်ခြင်း

-လေဖြတ်ခြင်းဟာ အမျိုးသားများတွင် ပိုမို ဖြစ်ကြောင်း တွေ့ရပြီး အမျိုးသမီးများတွင် အသက်ပိုမိုကြီးမှသာ အဖြစ်များပါတယ်။

-အမျိုးသမီးများတွင် သန္ဓေတားဆေးများ သို့မဟုတ် ဟော်မုန်းပါသောဆေးများ သုံးစွဲခြင်း။ ကိုယ်ဝန်ဆောင်ခြင်း။ မီးဖွားခြင်း။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Stroke (လေဖြတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အရေးပေါ်ခန်းထဲတွင် စမ်းသပ်ခြင်းဖြစ်ပါတယ်။

-ပထမဆုံးပြုလုပ်တာကတော့ CT\ ကွန်ပြူတာ ဓါတ်မှန်ဖြစ်ပါတယ်။ ထိုဓါတ်မှန်ဖြင့် ဦးနှောက်ထဲ သွေးယိုမှုကို သိမြင်နိုင်ပါတယ်။ သွေးကြောပိတ်ခြင်းကြောင့်လား၊ သွေးကြောပေါက်ခြင်းကြောင့်လား ကိုလည်း ခွဲခြားသိနိုင်ပါတယ်။

-MRI \သံလိုက်ဓါတ်မှန် ကိုလည်း CT အစား အသုံးပြုနိုင်ပါတယ်။

-သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ပါက ECG\EKG ကို နှလုံးအတွက် စစ်ဆေးရပါတယ်။

-အောက်ပါတို့ကို သွေးဖေါက်စစ်ဆေးခြင်းဖြင့် လေဖြတ်ခြင်းနှင့် ဆင်တူတဲ့ အခြားရောဂါများ ကို သိရှိနိုင်ပြီး လေဖြတ်ခြင်းသေချာပါက မည်သည့် ကုသမှုကို ပေးနိုင်မည်ကို ပါသိနိုင်ပါတယ်။

  • Complete blood count
  • သွေးထဲရှိ သကြားဓါတ်
  • Electrolytes
  • အသည်းနှင့် ကျောက်ကပ် စွမ်းဆောင်နိုင်စွမ်း
  • Prothrombin time and INR( သွေးခဲရန် အချိန်မည်မျှ ကြာမည်ကို စစ်ဆေးခြင်း)

နောက်ပိုင်းတွင် နှလုံးသွေးကြောပါ ကျဉ်းမကျဉ်း စစ်ဆေးရန်

-Carotid ultrasound\Doppler scan

-သံလိုက် ဓါတ်မှန် Magnetic resonance angiogram

-ကွန်ပြူတာ ဓါတ်မှန် CT angiogram

-ဆရာဝန်မှ လေဖြတ်ခြင်းဟာ နှလုံးထဲက ပြသနာကြောင့်ဟု သံသယဖြစ်ပါက Echocardiogram or Holter monitorin or telemetry test ကိုပြုလုပ်ရနိုင်ပါတယ်။ နှလုံးသွေးကြော ရောဂါ တစ်ခုခု ကြောင့် လည်းလေဖြတ်ခြင်းအဖြစ်များ ပါတယ်။

 

Stroke (လေဖြတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

သွေးကြောပိတ်ခြင်းကြောင့်လား၊ သွေးကြောပေါက်ခြင်းကြောင့်လား အပေါ် မူတည်ပါတယ်။

Ischemic stroke(သွေးကြော ပိတ်ခြင်း)

ဦးနှောက်သို့ သွေးလျှင်မြန်စွာ ပြန်ရနိုင်ရန်

-လေဖြတ်ပြီး ၃ နာရီအတွင်း သွေးခဲဖျော်ဆေးကို သွေးပြန်ကြောမှ တစ်ဆင့် ပေးပါတယ်။ ပိုမြန်နိုင်လျှင် ပိုကောင်းပါတယ်။ အသက်ရှင်နိုင်ချေကို မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ချပေးပါတယ်။

  • Aspirin – နောက်ထပ် လေဖြတ်ခြင်း ထပ်မဖြစ်ရန် အရေးပေါ် ခန်းထဲတွင် ချက်ချင်းပေးသော ဆေးဖြစ်ပါတယ်။ သူဟာ သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။
  • Tissue plasminogen activator(TPA) ကိုလက်မောင်း သွေးပြန်ကြောမှ တစ်ဆင့် ထိုးသွင်းခြင်း- လေဖြတ်ပြီး ၄ နာရီခွဲ အတွင်းပေးရသော ကုသနည်းဖြစ်ပါတယ်။ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ သွေးခဲကို ပျော်စေပါတယ်။ မြန်မြန်ပြန် သက်သာစေပါတယ်။ ဦးနှောက်ထဲတွင် မည်သည့်သွေးယိုစိမ့်ခြင်းမှ မရှိပါမှ အသုံးပြုရသော နည်းလမ်းဖြစ်ပါတယ်။

 

-အရေးပေါ် ကုသနည်းများ

သေးငယ် ရှည်လျားသော ပိုက်ပျော့ တစ်ခုကို ပေါင်ရှိ သွေးလွှတ်ကြောမှ တစ်ဆင့် ဦးနှောက်သွေးကြောပိတ်သော နေရာထိထည့်သွင်းခြင်းဖြစ်ပါတယ်။ ထိုပိုက်တွင် သွေးခဲဖျော်ရန် ကိရိယာလေးပါ သွားပါတယ်။

 

-အခြားနည်းလမ်းများ

  • ဆရာဝန်မှ အဆီများဖြင့် ပိတ်ဆို့နေသော သွေးလွှတ်ကြောကို ဖွင့်ချခြင်း
  • Carotid endarterectomy – ခွဲစိပ်ဆရာဝန်မှ လည်ပင်း၏ တစ်ဘက်တစ်ချက်ရှိ သွေးလွှတ်ကြောများထဲမှ ပိတ်ဆို့နေသော အရာများကို ဖယ်ထုတ်ခြင်း။ နောက်ထပ် လေဖြတ်ခြင်း ဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ သို့သော် နှလုံးရောဂါ ရှိသော သူများတွင် လုပ်ရန် မသင့်တော်ပါ။
  • Angioplasty and stents- ထိပ်တွင် ဘောလုံးလေးပါသောကိရိယာကို ပေါင်ခြံ သွေးလွှတ်ကြောမှ တစ်ဆင့် လည်ပင်းသွေးလွှတ်ကြောများ အထိထိုးသွင်းကာ ထို ဘောလုံးလေးကို ချဲ့ခြင်းဖြင့် သွေးကြောချဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် stent ကိုထည့်ခြင်းပဲ ဖြစ်ပါတယ်။

 

သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း

အရေးကြီး ဆုံးမှာ သွေးတိတ်အောင်ထိန်းရန် နှင့် ဦးနှောက် ထဲသွေးတိုးခြင်း လျှော့ချရန် ဖြစ်ပါတယ်။ နောက်ထပ် ထပ်မဖြစ်စေရန် ခွဲစိပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

  • Warfarin and clopidogrel ကဲ့သို့ သွေးခဲပျော်ဆေးများ သုံးနေပါက သွေးကြဲခြင်းကို ခုခံရန် ဆေး သို့မဟုတ် သွေးပစ္စည်းများ အကြောထဲသွင်း ရနိုင်ပါတယ်။ ထို့ပြင် ဦးနှောက်တွင်း သွေးတိုးမှုကို လျော့နည်းစေရန်၊ တက်ခြင်းကို ကာကွယ်ရန် ဆေးများလည်း အသုံးပြုရနိုင် ပါတယ်။

-သွေးတိတ်ပါက ဂရုစိုက် ထောက်ပံ့မှုများ လိုအပ်ပါတယ်။ သွေးယိုသော နေရာ ကြီးပါက သွေးတိတ်ရန်၊ ဦးနှောက်တွင်း သွေးမတိုးစေရန် ခွဲစိပ်ခြင်းကို ပြုလုပ်ရနိုင်ပါတယ်။

ခွဲစိပ်ကုသနည်းများကို သွေးကြောပုံမမှန်ခြင်း အခြေအနေများဖြစ်တဲ့ aneurysm or arteriovenous malformation တို့တွင် ပြုလုပ်လေ့ရှိပါတယ်။

  • Surgical clipping- ခွဲစိပ်ကာ သွေးယိုနေသော သွေးကြောနေရာကို Clip သေးသေးဖြင့် ညှပ်ခြင်း
  • Coiling( endovascular embolization) – သေးငယ် ရှည်လျားသော ပိုက်ပျော့ တစ်ခုကို ပေါင်ရှိ သွေးလွှတ်ကြောမှ တစ်ဆင့် ဦးနှောက် သွေးကြောပေါက်သော နေရာထိထည့်သွင်းကာ ဓါတ်မှန်သုံး၍ အပေါက်ကို coil ဖြင့်ဖြည့်ခြင်း
  • Surgical AVM removal- သွေးကြောပေါက်၍ လေဖြတ်သွားသော ဦးနှောက်နေရာ သေးငယ်ပါက/အပေါ်ယံသာဖြစ်ပါက ခွဲစိပ် ဖယ်ထုတ်နည်းကိုသုံးပါတယ်။
  • Intracranial bypass- ဦးနှောက်တွင်း သွေးကြောကို ခွဲစိပ်၍ bypass လုပ်ခြင်း
  • Stereotactic radiosurgery- ပိုမိုကောင်းမွန် အဆင့်မြင့်တဲ့၊ အနည်းငယ်သာ ခွဲစိပ်ရန်လိုတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ သွေးကြောပုံမမှန်ခြင်းများ ကို ကုသခြင်းဖြစ်ပါတယ်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လေဖြတ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လေဖြတ်ခြင်း အကူအညီပေးနိုင်ပါတယ်။

-လမ်းလျှောက်ပါက တုတ်ကိုင်လျှောက်ခြင်း

-Occupational therapist ထံမှ မိမိကိုယ်မိမိ တစ်ကိုယ်ရည် ကိစ္စများ လုပ်ကိုင်နည်းသင်ယူခြင်း

-ခန္ဓာကိုယ်၏ လေဖြတ်သော အစိတ်အပိုင်း သာမက အခြားအစိတ်အပိုင်းမျာကို ပါ ဂရုစိုက်ခြင်း

-Speech therapist နှင့် စကားကောင်းမွန်စွာပြော နိုင်ရန် လေ့ကျင့်ခြင်း

-အစားအသောက် ကောင်းစွာ စားနိုင်အောင် သင်ယူခြင်း

 

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ