backup og meta

မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား!

    လူတော်တော်များများ လက်ခံထားတဲ့ အယူအဆလေး တစ်ခုရှိပါတယ်။ ဒါကတော့ နွေပူမှသာ ရေဓာတ် ဆုံးရှုံးနိုင်တာဖြစ်ပြီး မိုးလေး စရွာလာပြီဖြစ်တဲ့ မုတ်သုံကာလမှာတော့ ရေဓာတ်ဆုံးရှုံးနိုင်ခြေ နည်းတယ်။ မရှိဘူးလို့ပေါ့။ ဒါဆို မေးစရာလေး ရှိတာက မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! ဆိုတာပါ။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာကြည့်လိုက်ပါနော်။

    မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား!

    မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! ဆိုတော့ အဖြေက မကင်းသေးပါဘူး။ နွေရာသီမှာ အပူချိန် ပြင်းထန်တာကြောင့် ရေဓာတ် ဆုံးရှုံးနိုင်သလို မုတ်သုံရာသီမှာဆိုရင်လည်း လေထုထဲမှာ စိုထိုင်းဆ များတာကြောင့် မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးနိုင်ပါသေးတယ်။ လေထုထဲမှာ စိုထိုင်းဆ များလာလေလေ ခန္ဓာကိုယ်မှာ ချွေးစေးတွေ ပြန်လေလေပါ။ ခန္ဓာကိုယ်က ချွေးထွက်တာ၊ ဆီးသွားတာ မှန်သမျှက ကိုယ်တွင်း ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

    နွေရာသီမှာ နေပူတာကြောင့် ရေများများ သောက်မိနိုင်ပေမယ့် မုတ်သုံစဝင်လာချိန်မှာတော့ ရာသီဥတုက အပူနည်းနည်း လျော့လာတာကြောင့် ရေသောက်မိနိုင်ခြေက နည်းလာပါတယ်။ အပူလျော့တာကြောင့် ရေသောက်နည်းလာပေမယ့် ချွေးကတော့ ထွက်မြဲဖြစ်သလို ဆီးကလည်း သွားနေဆဲပါပဲ။ ဒါကြောင့်ပဲ ရေဓာတ်က ဆုံးရှုံးနေနိုင်ဆဲပါ။

    ရေဓာတ်ခမ်းခြောက်ခြင်းအကြောင်း တစေ့တစောင်း

    ရေဓာတ်ခမ်းခြောက်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးတာပါ။ ရေဓာတ်ခမ်းခြောက်မှုကို ဘယ်အချိန်မှာ တွေ့ရလဲဆိုရင်တော့ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို လုံလောက်အောင် ပြန်မဖြည့်နိုင်ချိန်မှာပါ။ ဒီလို ရေဓာတ်နည်းလာတာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့တောင် ခက်ခဲလာပါတယ်။

    အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့ ၇၅% ကို ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ရေပမာဏ အများစုက ကိုယ်တွင်းက ဆဲလ်တွေထဲမှာ ရှိနေတာပါ။ ကျန်တာတွေကိုတော့ သွေးကြောတွေထဲမှာ တွေ့ရပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

    • ခံတွင်းခြောက်တာ
    • ခြေကုန်လက်ပမ်း ကျတာ
    • ရေအရမ်း ဆာတာ
    • ဆီးသွားနည်းလာတာ
    • ဆီးအရောင်ရင့်တာ
    • ငြီးစီစီ ဖြစ်တာ
    • ကိုယ်လက် မအီမသာဖြစ်တာမျိုးတွေပါ။

    မုတ်သုံမှာ ရေဓာတ်ပြည့်ဝစေဖို့

    မုတ်သုံမှာ ရေဓာတ်ပြည့်ဝစေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

    • ရေလုံလောက်အောင် သောက်ပါ – မုတ်သုံ ရောက်ပြီဆိုပေမယ့် လှုပ်ရှားမှုတွေ လုပ်ဆောင်နေချိန်မှာ ချွေးထွက်တာမျိုး ဖြစ်စေနိုင်သလို ကိုယ်တွင်းက ရေဓာတ်လည်း ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် သိပ်မပူတော့ပေမဲ့လည်း တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာတော့ သောက်ပေးပါ။
    • အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပါ – ကိုယ်တွင်း ရေဓာတ်ပြည့်စေဖို့အတွက် လိမ္မော်သီး၊ သခွားမွှေး၊ ပန်းသီး စတာမျိုးလေးတွေ စားပေးလို့ ရပါတယ်။
    • လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေဓာတ်ဖြည့်ပါ – မိုးရာသီမှာ ရာသီဥတု အေးပြီဆိုပေမယ့်လည်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ ကိုယ်ထဲက ရေဓာတ်တွေက ချွေးနဲ့အတူ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် မုတ်သုံကာလမှာ လေ့ကျင့်ခန်းတွေ လုပ်ပြီးပြီဆိုရင် ရေသောက်ဖို့ မမေ့ပါနဲ့။
    • ဓာတ်ဆားဖြည့် ဖျော်ရည်– လေထုထဲမှာ စိုထိုင်းဆ များနေတဲ့ မုတ်သုံကာလမှာ ချွေးထွက်များပြီး ခြေကုန်လက်ပမ်းကျသလို ခံစားနေရပြီဆိုရင် လိုနေတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဖြည့်တင်းဖို့အတွက် ဓာတ်ဆားဖြည့် ဖျော်ရည် သောက်ပေးလို့ ရပါတယ်။
    • အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ – မုတ်တသုံကာလမှာ အဝတ်အစားတွေကို တတ်နိုင်သမျှ ချည်သား ပေါ့ပေါ့ပါးပါးလေးတွေပဲ ဝတ်ဆင်ပါ။ ထူထဲတဲ့ အဝတ်အစားတွေက မလိုအပ်ဘဲ ချွေးထွက်စေပြီး ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေနိုင်လို့ပါ။
    • သွားလေရာကို ရေဘူး သယ်သွားပါ – နွေရာသီမှာ သွားလေရာကို ရေဘူးယူသွားသလို မုတ်သုံမှာလည်း ယူသွားပေးပါ။ မုတ်သုံကာလမှာလည်း လေထုထဲ စိုထိုင်းဆ များနေနိုင်ပြီး ချွေးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြည့်ဝစေဖို့ အပြင်သွားတဲ့ အခါ ရေဘူးလေး သယ်သွားပေးပါ။ အထူးသဖြင့် လူကြီးမိဘတွေနဲ့ ‌ကလေးတွေမှာပါ။

    အခုလောက်ဆိုရင်တော့ မုတ်သုံမှာလည်း ရေဓာတ်ဆုံးရှုံးနိုင်သေးတယ်ဆိုတာကို သိပြီးဖြစ်သလို ဖြေရှင်းနည်းတွေကိုလည်း သိလောက်ပြီ ထင်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှု ကင်းတဲ့ ပျော်ရွှင်စရာ မုတ်သုံကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း …….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement