backup og meta

ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ နည်းလမ်းများ

    မိသားစုဆိုတာက ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ အစုအဝေးလေးပါ။ ဒီအစုအဝေးလေးက ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့ရဲ့ လက်ချောင်းလေးတွေလိုပါပဲ။ မိသားစုဝင်တွေက တစ်ဦးနဲ့ တစ်ဦး အဆင်ပြေပြေနေနေကြတယ် ချစ်ချစ်ခင်ခင် နေကြတယ်ဆိုပေမယ့် လက်ချောင်းလေးတွေက တစ်ချောင်းနဲ့ တစ်ချောင်း မညီကြသလို မိသားစုဝင်တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဝါသနာတွေ မတူကြသလို ယူထားတဲ့ တာဝန်ချင်းလည်း မတူကြပါဘူး။

    ဖေဖေတွေက အိမ်ထောင်ဦးစီးဖြစ်ပြီး မိသားစုကို ဦးဆောင်တဲ့နေရာကို တာဝန်ယူပါတယ်။ မေမေကတော့ မိသားစုတစ်စုလုံးကို ကျန်းမာစေဖို့ ပျော်ရွှင်ချစ်ခင်စေဖို့ နေထိုင်စားသောက်မှု အားလုံးကို ဂရုစိုက်ရပါတယ်။ နောက်ပြီး ရှိနိုင်သေးတာက အကြီးဆုံးသား ဖြစ်တဲ့ အစ်ကိုကြီးနဲ့ သူ့နောက်က မွေးလာတဲ့ သမီးကြီး၊ အငယ်ဆုံး သား၊ အငယ်ဆုံး သမီး စသဖြင့်ပေါ့။

    ခုနောက်ပိုင်းကာလတွေမှာတော့ မိသားစုဝင်တွေက အရင်ခေတ်တွေကလောက် အရမ်းမများတော့ပေမယ့် မိသားစုဝင် ၅ ယောက်လောက်အထိတော့ ရှိတတ်ကြပါတယ်။ ဒီလို မိသားစုဝင်တွေက တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ဖေးမကြပေမယ့် ဝါသနာတွေ အလေ့အထတွေကတော့ တစ်ထပ်တည်း မတူကြဘူးနော်။ ကိုယ်တိုင်လည်း ကြုံဖူးမှာပေါ့။ ကျွန်တော်တို့ မိသားစုကတော့ မိသားစုဝင် ၅ ယောက်ဗျ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်ဆိုပေမယ့် ဝါသနာတွေ အလေ့အထတွေက သိပ်မတူကြဘူးဗျ။

    ဖေဖေက မိသားစုဝင်အားလုံးအတွက် ထောင့်စေ့အောင် ရှာဖွေပေးနေတဲ့ စီးပွားရှာကောင်းသူဖြစ်နေပေမယ့် မနက်တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်တတ်သူတစ်ယောက်ပါ။ မေမေကတော့ အိမ်မှုကိစ္စတွေကို မလစ်ဟင်းအောင် တစ်နေကုန် တကုတ်ကုတ် လုပ်နေတတ်သူပေါ့။

    ကိုကြီးကတော့ body တောင့်တောင့်ဖြောင့်ဖြောင့်လေးနဲ့ ခပ်မိုက်မိုက်လေး ဖြစ်ချင်လို့ တစ်ရက်မပြတ် gym သွားတတ်သူကြီးလေ။ အစ်မကတော့ စကင်းကဲလ်ရင်း ရုံးအလုပ်တွေနဲ့ အလုပ်ရှုပ်နေတတ်တယ်ပေါ့ဗျာ။ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ကတော့ စိတ်ပါရင် လေ့ကျင့်ခန်း လုပ်တယ်။ ဘော်ဒါတွေစုံရင် relax လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သောက်တတ်သူလေးပေါ့။

    ဒါနဲ့ စကားမစပ် ခုဆိုရင် ဘာလိုလိုနဲ့ မနေ့တစ်နေ့က sweet december လို့ နှုတ်ဆက်စကားဆိုရင်း ဒီဇင်ဘာလထဲကို ရောက်လာခဲ့ပြီနော်။ ဆောင်းရာသီပေါ့ဗျာ။ ဒီဇင်ဘာလကို ရောက်လာပေမယ့် ဆောင်းကတော့ သိပ်မအေးသေးပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ ရန်ကုန်မှာပေါ့ဗျာ။ ဆောင်းတွင်းက သိပ်မအေးပေမယ့် လည်ချောင်းက နာသလိုလို ခေါင်းကကိုက်သလိုလို ဖျားချင်သလိုလိုတွေ ဖြစ်နေတာပါပဲ။ ဆောင်းရာသီရဲ့ အစဉ်အလာကတော့ မပျက်ဘူးပေါ့။

    နောက်ပြီး ရှိသေးတာက နေ့ခင်းတွေဆိုရင် အပူရှိန်က ပြင်းပြီး ချွေးစေးတွေ ပြန်နေတာပါ။ ဒီလို ချွေးစေးပြန်တာက ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးစေနိုင်တယ်ဆိုတာပါ။ ဒါကြောင့် အိမ်က မိသားစုဝင်တွေ ကျန်းမာစေဖို့ရော ကိုယ်တိုင် ကျန်းမာစေဖို့ပါ အခုလိုလေးတွေ ဂရုစိုက်ပေးဖြစ်တယ်။ ဘယ်လိုလဲ ဆိုတော့ …….

    ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ နည်းလမ်းများ

    ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ တစ်ယောက်ချင်းစီရဲ့ အလေ့အထနဲ့ ကိုက်ညီအောင် ဂရုစိုက်ဖြစ်ဖို့က အရေးကြီးပါတယ်။

    ဖေဖေက အလုပ်တွေ လုပ်ရင်း ချွေးထွက်များတာမျိုး ဖြစ်နိုင်သလို ဆောင်းမနက်ခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ရင်း ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်တင်းမိဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အဆီမပါတဲ့ အနီရောင်အသား၊ ပင်လယ်ငါး၊ နို့ထွက်ပစ္စည်းနဲ့ အသီးအရွက်၊ ပဲအမျိုးမျိုးကို မျှတအောင် စားမိဖို့ သတိပေးရသလို ရေလုံလောက်အောင် သောက်ဖို့နဲ့ ရေနဲ့ဓာတ်ဆားဓာတ် ဆုံးရှုံးမှုကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ နေ့လယ်နေ့ခင်းမှာ ဓာတ်ဆားဖြည့်ဖျော်ရည်လေး သောက်ဖြစ်အောင် ပြင်ဆင်ပေးရတာလည်း အမောပေါ့။

    ပြီးတော့ မေမေပေါ့။ မေမေက တစ်မိသားစုလုံး ထောင့်စေ့အောင် ချက်ပြုတ်ရသလို ရှင်းလင်း လျှော်ဖွတ်တာကလည်း မေမေပေါ့။ မကြီးကတော့ ကူပေမယ့် အဖျားအနားလေ။ ဒီတော့ မေမေခမျာ မိုးလင်းကနေ မိုးချုပ် တကုတ်ကုတ် လုပ်ရင်း ပင်ပန်းရမှန်း မသိ ပင်ပန်းနေတော့တာပေါ့။

    ဒီတော့ နေ့လယ်နေ့ခင်းလေး သေချာ နားဖို့ ညဘက်တွေမှာ အိပ်ရေး ဝဝအိပ်ဖို့နဲ့ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို အချိန်မှန်မှန် စားဖို့ ပြောရသလို ကိုယ်တိုင်လည်း အတူတူစားရင်း စားဖြစ်အောင် ဂရုစိုက်ပေးရသေးတယ်။ ပြီးရင် တစ်နေကုန် ပူပူလောင်လောင် ချက်ပြုတ်လျှော်ဖွတ်ရတာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ပြည့်ဝစေဖို့အတွက် ဆိုဒါတွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေအစား သဘာဝ သစ်သီးဖျော်ရည်တွေ ဒါမှမဟုတ် လိုအပ်တဲ့ ဓာတ်ဆားဓာတ်တွေ ပြည့်ဝအောင် ပြင်ဆင်ထုတ်လုပ်ထားတဲ့ ဓာတ်ဆားဖြည့်ဖျော်ရည်လေး အမောပြေ သောက်ဖြစ်အောင် ညပိုင်း တီဗွီ ကြည့်ရင်း တစ်ခွက်လောက်တော့ ပြင်ပေးဖြစ်တယ်လေ။

    ကိုကြီးကတော့ ထွေထွေထူးထူး မပြောရပါဘူး။ Gym ဆော့တဲ့သူဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ပြီးတိုင်း ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်ဖြစ်တယ်လေ။ ဆောင်းရာသီမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကောင်းတယ်ဆိုပေမယ့် လေ့ကျင့်ခန်းတွေကို အပြင်းအထန် မလုပ်ဖို့တော့သတိပေးရတာပေါ။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ရင်း အာဟာရ ပြည့်ဝအောင် သေချာလေး စားပေးဖို့လည်း သတိပေးရတာပေါ့။ နောက်ပြီး မနက်ခင်း စောစော အပြေးလေ့ကျင့်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်မယ်ဆိုရင် အဝတ်အစားကို ဂရုစိုက်ဖို့ ရေကိုသေချာလေး သောက်ဖို့လည်း သတိပေးဖြစ်သေးတယ်လေ။

    အစ်မကတော့ ဒီဘက်ခေတ်ရဲ့ သမီးပျိုဆိုတော့ စကင်းကောင်းကောင်းကဲလ်တတ်သလို ကျန်းမာရေးဗဟုသုတလည်း ကောင်းတယ်လေ။ ဒီတော့ သူက ဆောင်းရာသီမှာ ဘယ်လို စကင်းကဲလ်မယ်။ အသားအရေ ကျန်းမာစေဖို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဘယ်လို စားရမယ်ဆိုတာကို မပြောရဘဲ သူကတောင် အမေ့ကို ဘယ်လိုလေး စားပေးရင် ဘာကောင်းတယ် ဆိုတာမျိုး ပြောနေသေးတာလေ။

    ရေများများ သောက်ဖို့နဲ့ အိပ်ရေးဝဝ အိပ်ဖို့ကလည်း သူ့ဘာသာ အစီအစဉ်တကျပါပဲ။ အထိုင်မများဖို့ ယောဂလေ့ကျင့်နေတော့ ရေသေချာ သောက်ဖို့နဲ့ နေ့လယ်ပိုင်းတွေ အလုပ်ကိစ္စနဲ့ အပြင်သွားရတာမျိုးတွေ ကြုံလို့ ချွေးထွက်များရင်တော့ အချိုရည်တွေ ကော်ဖီအေးတွေ ဘာဘယ်လ်တီးတွေ အစား ရေ၊ သဘာဝ အသီးဖျော်ရည်တွေနဲ့ ဓာတ်ဆားဖြည့်ဖျော်ရည်လေးကို သောက်ဖို့ပေါ့။

    ကိုယ်တိုင်ကျတော့ရောလို့ မေးစရာ ရှိနေပြီလား! ကိုယ်တိုင်က မနက်ခင်း တစ်ပတ်ကို ၃ ကြိမ်လောက် လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ သောကြာနဲ့ စနေလိုမျိုး နေ့တွေမှာ သူငယ်ချင်းတွေနဲ့ တစ်ခွက်တစ်ဖလားလောက် သောက်တယ်။ သောက်ပြီး အရက်နာကျတာမျိုး မဖြစ်ရလေအောင် နဲ့ မန်းဒေးမှာ မအီမသာဖြစ်တာမျိုး ကင်းစေဖို့ ဓာတ်ဆားဖြည့်ဖျော်ရည်လေးနဲ့ ဖြေတယ်လေ။ အစားအစာကတော့ အပြင်စာကို တတ်နိုင်သမျှ ရှောင်တယ်။ မေမေ ချက်ထားတဲ့ အာဟာရပြည့်ဝတဲ့ အိမ်ချက် အစားအစာလေးတွေကိုပဲ စားဖြစ်တယ်လေ။

    # အမှာစကား

    ကဲ … ဒီစာလေးကို ဖတ်နေတဲ့ စာဖတ်ပရိသတ်ကြီးလည်း ဆောင်းရာသီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်လည်း အသက်အရွယ်နဲ့ အလိုက် လုပ်ဆောင်ဖို့ လိုသလို ရောဂါအခံရှိမယ်ဆိုရင်လည်း အရမ်းအေးတဲ့ မနက်စောစောမှာ လမ်းလျှောက်ထွက်တာထက် နည်းနည်းလောက် နေလေး ပွင့်ပါမှ အဖော်လေးနဲ့ လျှောက်တာမျိုး  လုပ်ပေးဖို့ လိုပါမယ်။ အိမ်မှုကိစ္စတွေ လုပ်ဆောင်နေတဲ့ မေမေတို့ကိုလည်း အိမ်အလုပ်တွေ လုပ်ရင်း ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ အာဟာရပြည့်ဝအောင် စားတာမျိုး ဓာတ်ဆားဓာတ်နဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်မယ့် သောက်စရာလေးတွေ သောက်တာမျိုး လုပ်ပေးပါ။

    နောက်ပြီး ရှိသေးတာက ဆောင်းရာသီမှာ ရေဓာတ်ဆုံးရှုံးစေနိုင်တဲ့ သောက်စရာတွေကို မသောက်ဖို့နဲ့ အိပ်ရေးဝဝအိပ်လို့ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်တာ လူလတ်ပိုင်းတိုင်း လိုက်နာသင့်တဲ့ ဆောင်းရာသီ ကျန်းမာရေး အလေ့အထဖြစ်သလို အသောက်တလိုင်း ဘော်ဒါတို့လည်း အသောက်လေး လျှော့ကြဖို့ လိုမယ်နော်။

    ဆောင်းရာသီမှာ ဖျားနာမှု ကင်းပြီး ကျန်းမာစေဖို့

    ဆောင်းရာသီမှာ ဖျားနာမှု ကင်းပြီး ကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ –
    • အာဟာရ ပြည့်ဝအောင်စားပါ ( အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အသီးအရွက်၊ နို့ နဲ့ နို့ထွက်ပစ္စည်း စတာတွေပေါ့။)
    • ရေလုံလောက်အောင် သောက်ပါ ( ရေပဲ မသောက်ချင်ရင် အသီးဖျော်ရည်၊ ဓာတ်ဆားဖြည့် ဖျော်ရည်လေးတွေကို သောက်ပေးလို့ ရတယ်နော်)
    • အိပ်ရေး ဝဝအိပ်ပါ
    • တစ်ကိုယ်ရေ သန့်ရှင်းဂရုစိုက်ပါ
    • ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
    • ကာကွယ်ဆေးတွေ ထိုးနှံပါ
    • လူထူထပ်တဲ့ နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ
    • ဆေးလိပ်ဖြတ်ပါ
    • အရက်လျှော့သောက်ပါ (တကယ်ကတော့ ဖြတ်လိုက်တာ ကောင်းပါတယ်)။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement