backup og meta

ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား

    ဆောင်းမနက်ခင်း အေးအေးလေးကို နှာစေးလို့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ နိုးလာရတာကြောင့် ဆောင်းမနက်ခင်းရဲ့ အေးချမ်းလှပမှုတွေကို မခံစားနိုင်လို့ဆိုပြီး စိတ်ညစ်နေပြီလား! ဒါဆိုရင် ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ရမယ့် နည်းလမ်းလေးတွေ နဲ့ ဘယ်လို ကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များလား!

    ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များပါတယ်။ အကြောင်းကတော့ ရာသီဥတု အေးလာလို့ လေထုခြောက်သွေ့တာရယ်၊ ပတ်ဝန်းကျင်မှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေ ရှိနေတာရယ်၊ လေထုထဲမှာ ဗိုင်းရပ်စ်တွေ ရှိနေတာရယ်ကြောင့် နှာစေးတာက အဖြစ်များပါတယ်။ ဥပမာ အအေးမိစေ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကြောင့် နှာစေးတာဆို အဖြစ်များပါတယ်။

    ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား

    ဆောင်းမနက်ခင်းမှာ နှာစေးတာကို ခံစားရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဘာတွေကြောင့်များ နှာစေးရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဓာတ်မတည့်တာ 

    ဓာတ်မတည့်တာကလည်း ဆောင်းရာသီမှာ နှာစေးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ လေထုထဲမှာ ရှိနေတဲ့ ဝတ်မှုန်တွေ၊ တခြားအမှုန်အမွှားတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဆောင်းရာသီမှာ နှာစေးတာကို ခံစားရနိုင်ပါတယ်။

    လေထုက ခြောက်သွေ့အေးမြတာ

    ဆောင်းရာသီမှာ ပတ်ဝန်းကျင်လေထုက အေးမြခြောက်သွေ့နေပြီး ဒီလေထုကို ရှူရှိုက်မိတာကြောင့်လည်း ဆောင်းရာသီမှာ နှာစေးတာကို ခံစားရနိုင်ပါတယ်။ ခြောက်သွေ့တဲ့လေထုကြောင့် နှာခေါင်းအတွင်းသားတွေ မခြောက်အောင် ခန္ဓာကိုယ်စနစ်က အချွဲတွေ ထုတ်ပေးတာကြောင့်ပါ။

    အအေးမိတာ

    အအေးမိတာက အခြားရာသီတွေထက် ဆောင်းရာသီမှာ အဖြစ်များပါတယ်။ အအေးမိတာနဲ့ ဆက်တိုက်ဆိုသလို ပါလာတတ်တာက နှာစေးတာပါ။ နှာစေးတာက တကယ်ကတော့ အအေးမိတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ဆောင်းရာသီမှာ လေထုထဲမှာ ကြာကြာရှည်ရှည် ရှင်သန်နေနိုင်တာကြောင့်လည်း ပါပါတယ်။

    တုပ်ကွေးဖြစ်တာ

    ဆောင်းရာသီမှာ တုပ်ကွေးက အရင်ရာသီတွေထက် အဖြစ်များသလို နှာစေးတာကလည်း အဖြစ်များပါတယ်။ ဆောင်းလေထုအေးအေးထဲက တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့် တုပ်ကွေးဖြစ်ပြီဆိုရင်တော့ နှာစေးတာကို ခံစားရနိုင်ပါတယ်။

    ထိပ်ကပ်နာရှိတာ

    ထိပ်ကပ်နာရှိနေတာကလည်း ဆောင်းရာသီမှာ နှာစေးတာကို ဖြစ်စေနိုင်ပါတယ်။ ထိပ်ကပ်နာရှိသူတွေ ဆောင်းရာသီမှာ နှာစေးနှာပိတ်တာကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

    ဘယ်လို သက်သာအောင် လုပ်မလဲ!

    ဆောင်းမနက်ခင်းမှာ နှာစေးတာကို သက်သာစေဖို့ဆိုရင်

    • အနားယူပါ – နှာစေးလာပြီဆိုရင် ပြည့်ပြည့်ဝဝ အနားယူတာက နှာစေးတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နှာစေးလာပြီဆိုရင် ခန္ဓာကိုယ်ကို သက်သောင့်သက်သာလေးနဲ့ ပြည့်ပြည့်ဝဝ အနားယူပေးပါ။
    • အရည်များများ သောက်ပါ (အထူးသဖြင့် သောက်ရေ) – နှာစေးတာကို သက်သာစေဖို့ လုပ်ဆောင်လို့ ရတဲ့ နောက်ထပ်နည်းလမ်း တစ်ခုက သောက်ရေအပါအဝင် အရည်များများ သောက်တာပါ။ ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝပြီး အစိုဓာတ် ထိန်းပေးခြင်းက နှာစေးတာကို သက်သာစေမှာပါ။
    • ဆားရည် အစက်ချပါ – နှာစေးတာကို သက်သာစေဖို့ လုပ်ဆောင်လို့ရမယ့် နောက်ထပ် နည်းလမ်း တစ်ခုကတော့ နှာခေါင်းထဲကို ဆားရည် အစက်ချတာပါ။ ရက်အနည်းငယ်တော့ အချိန်ပေးရပါမယ်။
    • ဆေးသောက်ပါ – အအေးမိတာ၊ တုပ်ကွေး စတာတွေကြောင့် နှာစေးတာမျိုး ဖြစ်မယ်ဆိုရင်တော့ သက်သာစေဖို့ အအေးမိဖျားနာ သက်သာစေမယ့် ဆေးတစ်ခုခု သောက်ပေးပါ။ ဒီလို သောက်ပေးတာကလည်း နှာစေးတာကို သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။
    • အစိုဓာတ်ထိန်းစက် ဖွင့်ပါ – အေးမြခြောက်သွေ့တဲ့ လေထုကြောင့် နှာစေးတာကို သက်သာစေဖို့ဆိုရင်တော့ ကိုယ်နေတဲ့ အခန်းထဲမှာ အစိုဓာတ် ရရှိစေဖို့ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးပါ။

    ဘယ်လို ကာကွယ်မလဲ!

    ဆောင်းမနက်ခင်းမှာ နှာစေးတာကို ကာကွယ်ဖို့ဆိုရင်

    • နွေးနွေးထွေးထွေးနေပါ – ဆောင်းအအေးဓာတ်ကြောင့် နှာစေးတာမျိုး မဖြစ်စေဖို့ဆိုရင် ပါးစပ်နဲ့ နှာခေါင်းကို အအေးဒဏ်ကနေကာကွယ်တဲ့အနေနဲ့ မာဖလာဝတ်တာလိုမျိုး အအေးဒဏ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးပါ။ တတ်နိုင်သမျှ နွေးနွေးထွေးထွေးနေပါ။
    • ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါပါးစပ်နဲ့ နှာခေါင်းစည်း တပ်တာက နှာစေးတာကို ကာကွယ်ရာရောက်သလို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပေးပါ။
    • အာဟာရပြည့်ဝအောင် စားပါ – နေ့စဉ် စားသုံးမှုမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်စေဖို့အတွက် အာဟာရပြည့်ဝစေမယ့် အာဟာရအုပ်စု စုံစုံလင်လင်ပါအောင် စားသုံးပါ။
    • အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကောင်းစေပြီး အအေးမိဖျားနာတာကို သက်သာစေနိုင်သလို နှာစေးတာကိုလည်း သက်သာစေမှာပါ။
    • ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ – ဆောင်းရာသီက ကိုယ်လက်လှုပ်ရှားမှု  လုပ်လို့ ကောင်းသလို ဆောင်းအေးအေးမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ကိုယ်ခံအားကောင်းစေဖို့လည်း အားဖြည့်ပေးနိုင်သလို နှာစေးနှာပိတ် မဖြစ်စေဖို့လည်း ကာကွယ်ရာရောက်ပါတယ်။
    • ဓာတ်မတည့်ဖြစ်စေနိုင်တာတွေကို ရှောင်ပါ – ဓာတ်မတည့်တာကြောင့် နှာစေးတာမျိုး မဖြစ်စေဖို့ ဆောင်းရာသီမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တဲ့အရာတွေကို တတ်နိုင်သမျှ သတိထား ရှောင်ကြဉ်ဖို့ လိုပါမယ်။

    စကားလက်ဆောင်

    ဆောင်းလေအေးအေးလေးက အေးမြမှုနဲ့အတူ ဗိုင်းရပ်စ်တွေကိုလည်း သယ်ဆောင်လာနိုင်တာကြောင့် အအေးမိနှာစေးတာတွေကို ဖြစ်စေနိုင်တာကြောင့် မတ်ခ်တပ်တာ၊ ကိုယ်ခံအားဖြည့် အလေ့အထမျိုးလေးတွေကို လုပ်ဆောင်ပေးတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာမျိုးတွေ လုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement