ဆေးခန်းသွားရင် ဆေးထိုးလိုက်မှ နေမကောင်းပျောက်သလား၊ သောက်ဆေးတွေကရော။ ထိုးဆေးဟာ သောက်ဆေးတွေထက် ပိုအစွမ်းထက်တယ်လို့ လူတော်တော်များများက ယုံကြည်နေကြပါတယ်။ သူတို့ကို ဆေးမထိုးပေးလိုက်ရင် ရောဂါမသက်သာပါဘူးလို့ လူနာတချို့က တွေးတတ်ကြပါသေးတယ်။ ဒါကြောင့် ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား ဆိုတဲ့ အစွဲတွေ ဖြစ်လာပါတယ်။
ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား
ဆေးထိုးအပ်နဲ့ ဆေးထိုးလိုက်ရင်နာကျင်မှုကို အနည်းနဲ့အများ ခံစားရပါတယ်။ အဲ့ဒီလို နာကျင်မှု တွေကြောင့် သူတို့ရဲ့ရောဂါ သက်သာတယ်လို့ ထင်နေကြပါတယ်။ သောက်ဆေး သောက်ခြင်းဟာ မနာကျင်ရတဲ့အတွက် ဝေဒနာ မသက်သာဘူးလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ ဆေးထိုးလိုက်ပြီး အသားနာရခြင်းဟာ ဆေးရဲ့အစွမ်းသတ္တိနဲ့ ဘာမှမဆိုင်ပါဘူး။ ဆေးထိုးအပ်ကြောင့်ရယ်၊ ဆေးရဲ့ပါဝင်ပစ္စည်းတွေရယ်ကြောင့်ပါ။
ထိုးဆေးတွေဟာ သောက်ဆေးတွေထက် အစွမ်းထက်တယ်ဆိုတာ တကယ်လား။
အဲ့ဒါကို မဆုံးဖြတ်ခင်မှာ သောက်ဆေးနဲ့ ထိုးဆေးဆိုပြီး ဘာကြောင့်နှစ်မျိုးခွဲနေလဲဆိုတာကို အရင်ဆုံးရှင်းပြပါရစေ။
တချို့ဆေးတွေဟာ သောက်ဆေးအနေနဲ့ဆို လုံးဝ အစွမ်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ အစာအိမ်ထဲမှာရှိတဲ့ အစာခြေအင်ဇိုင်းတွေက ချေဖျက်လိုက်နိုင်လိုက်လို့ပါ။ ဉပမာ – ဆီးချိုရောဂါသည်တွေကို ကုသတဲ့ အင်ဆူလင်(insulin)ဆေးဟာ သောက်ဆေးအနေနဲ့ လုံးဝမရှိပါဘူး။ ထိုးဆေးအနေနဲ့ပဲ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ကို သင့်ရဲ့အစာအိမ်က ကောင်းကောင်းကြီး ချေဖျက်လိုက်မှာမို့ပါ။
အလားတူပါပဲ။ တချို့ဆေးတွေကတော့ ထိုးဆေးအနေနဲ့ ထုတ်လို့မရပါဘူး။ အစိုင်အခဲအနေနဲ့သာ အစွမ်းပြနိုင်လို့ပါ။ အရည်လုပ်လိုက်ရုံနဲ့ ဆေးထဲမှာပါတဲ့အစွမ်းတွေ ပျက်စီးသွားမှာပါ။
နားလည် လွယ်အောင် သာဓကပြရမည်ဆိုရင် နွားနို့အမှုန့်နဲ့ နွားနို့အရည်ကို နှိုင်းပြရမှာပါ။ နို့မှုန့်ဟာ အခဲ ဖြစ်တဲ့အတွက် ရေခဲသေတ္တာမရှိတဲ့ အချိန်မှာတောင် နှစ်နဲ့ချီတာရှည်ခံပါတယ်။ နွားနို့အရည်ကတော့ ရေခဲသေတ္တာ မထည့်ထားနိုင်ရင် ပါကင်ဖွင့်ပြီး သုံးရက်အကြာမှာ မလတ်ဆတ်တော့ဘဲ ပုတ်သိုးသွား မှာဖြစ်ပါတယ်။
တချို့သောဆေးတွေကို အမှုန့်ပုံစံ ထုတ်လုပ်ထားပါတယ်။ ခန္ဓာကိုယ်ထဲကို ထိုးသွင်းတော့မယ်ဆိုမှ သန့်စင်တဲ့ရေနဲ့ ဖျော်လိုက်ရတာမျိုးပါ။ အနာသက်သာဆေးနဲ့ အချို့သောဆေးတွေကိုတော့ ထိုးဆေး ပုံစံနဲ့အပြင် သောက်ဆေးပုံစံနဲ့ပါ ရနိုင်ပါတယ်။
လူနာတစ်ယောက်ဟာ အန်လွန်းနေမယ်၊ သတိမေ့နေမယ် ဆိုရင်တော့ သောက်ဆေးအစား ထိုးဆေးနဲ့သာ ကုသရပါတယ်။ အစာလမ်းကြောင်း တလျှောက်မှာ ကင်ဆာလိုမျိုးအလုံး အကြိတ်တွေ ခံစားနေမယ်ဆိုရင်လည်း ထိုးဆေးနဲ့သာ ကုရမှာပါ။ အရေးပေါ်အခြေအနေတွေမှာဆိုရင်လည်း ဆရာဝန်ဟာ သင့်ကို ဆေးပဲထိုးရမှာပါ။
ဉပမာ သွေးထွက်လွန်နေတဲ့ လူနာတစ်ယောက်ကို သွေးအမြန်ဆုံးတိတ်အောင် သောက်ဆေးထက် ထိုးဆေးကသာ စွမ်းဆောင်ပေးနိုင်တာပါ။ သွေးကြောထဲကို တိုက်ရိုက်ဆေး ထိုးလိုက်ခြင်းကြောင်း ဆေးရဲ့အာနိသင်ကို မြန်မြန်ရစေမှာပါ။ သောက်ဆေးတွေကတော့ အစာအိမ်က တစ်ဆင့်စုပ်ယူပြီးမှ သင့်သွေးကြောထဲကိုရောက်မှာမို့ပါ။
ထိုးဆေးသောက်ဆေးဆိုတဲ့ ဆေးရဲ့ပုံစံဟာ အရေးမကြီးပါဘူး။ ရောဂါအခြေအနေအလိုက် ကုသ ရတာမို့ပါ။ သင့်ဗိုက်ထဲမှာ သန်ကောင်တွေရှိနေရင်တော့ သောက်ဆေးနဲ့ ကုသရမှာဖြစ်ပြီး အရေးပြား ရောဂါတွေမှာဆိုရင်တော့ လိမ်းဆေး လိမ်းလိုက်ရုံနဲ့ သက်သာနိုင်မှာဖြစ်ပါတယ်။
ဆေးတွေဟာ သွေးကြောထဲ ထိုးလိုက်မှ အာနိသင်ပြတာ မဟုတ်ပါဘူး။ တချို့ရောဂါတွေကို ကုသရာမှာ သုံးတဲ့ဆေးတွေက ဦးနှောက်၊ နှလုံး၊ အသည်းနဲ့ကျောက်ကပ်တို့မှာပဲ အာနိသင်ပြနိုင်ပါတယ်။ သောက်ဆေးသောက်ခြင်းဟာ ပိုကောင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် သောက်ဆေးဟာ ထိုးဆေးထက် အန္တရာယ်ကင်းပါတယ်။
အချိန်တိုင်း ဆေးထိုးနေခြင်းဟာ သင့်ကို အန္တရာယ် များစေပါတယ်။ ဆေးခန်းသွားပြလို့ သင့်ရဲ့ တင်ပါးကို ဆေးထိုးလိုက်ပြီ ဆိုပါတော့။ အရင်ဆုံး ဆေးထိုးခဲ့ရတဲ့နေရာက ရောင်ရမ်းမှုတွေကို ခံစားရမှာပါ။ ဒီထက် အခြေအနေ ဆိုးရင်တော့ ပြည်တည်ပြီးပိုးဝင်တာတွေတောင် ရှိတတ်ပါတယ်။ ကံဆိုးရင်တော့ တင်ပါးထဲမှာရှိတဲ့ အာရုံကြော တစ်ခုကို ဆေးထိုးအပ်နဲ့ မတော်တဆ ထိမိပြီး “Sciatic never injury” ဆိုတဲ့ ခြေထောက်ဆာပြီး ထော့နဲ့ထော့နဲ့ နဲ့ လမ်းလျှောက်သွားရတဲ့ ဒုက္ခိတတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။
ဘယ်သွားသွား လေဖြတ်ထားတဲ့လူလို ဖြစ်နေမှာပါ။ “Sciatic never injury” ဟာလူငယ်လူရွယ်တွေမှာ အဖြစ်များသလိုတင်ပါးမှာ ကြွက်သားများ မရှိဘဲ ပိန်တဲ့သူတွေမှာလည်းအဖြစ်များပါတယ်။ ဆေးခန်းမှာ ဆေးထိုးပြီး ခြေမသန်စွမ်း ဖြစ်သွားရတဲ့ သာဓကတွေများစွာရှိပါတယ်။
ဒါကြောင့် သင်နောက်တစ်ခါ ဆေးခန်းသွားပြရင် အတင်းကာရော ဆေးထိုး ခိုင်းခြင်းတွေ မလုပ်ပါနဲ့။ သောက်ဆေးနဲ့သာ ကုသပေးလိုက်တဲ့ ဆရာဝန်တွေကိုလည်း အပြစ်မတင်ပါနဲ့။ ဆရာဝန်ဟာ သင့်ရောဂါနဲ့ သင့်တော်တဲ့ကုသမှုကိုပေးမှာပါ။
ဆေးခန်းသွားပြတိုင်း ဆေးထိုးမှ ပျောက်မယ်ဆိုတဲ့ အယူအဆတွေကို မေ့ပျောက်လိုက်ပါတော့။ သင်ကိုယ်တိုင်ကလည်း ဒီစာတမ်းလေးမှာပါတဲ့ ဗဟုသုတတွေကို သင့်မိဘဆွေမျိုးတွေနဲ့ သင့်ရဲ့ နီးစပ်ရာသူငယ်ချင်း အပေါင်းအသင်းတွေကို ဝေမျှပေးလိုက်ပါဦး။
ရေးသားသူ – ဒေါက်တာမှူး
[embed-health-tool-bmi]