backup og meta

ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့

    ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မြင်ဖူးကြမှာပါ။ “ရေကူးကန်ထဲ အပေါ့မသွားရ” ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ။ ဒါပေမဲ့ တော်တော်များများတော့ အလေးမထားဘဲ ကိစ္စက ထိပ်ဝရောက်လာတဲ့အခါမျိုးတွေမှာ ပေါက်ချလိုက်လေ့ရှိပါတယ်။

    ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့

    ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့ လို့ ပြောရတာက ရေကူးကန်ထဲ ရှူးပေါက်ချတာက ရေကူးကန်ကို ညစ်ပတ်စေရုံမက ရေကူးကန်ထဲက လူတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်နော်။ ဒါဆို ရေကူးကန်ထဲ အပေါ့စွန့်မိရင် ဘာတွေ ဖြစ်တတ်လဲ။

    ဆီးတင်မက ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က မိတ်ကပ်၊ ချိုင်းချွေးနံ့ပျောက်ဆေး၊ နေရောင်ကာ လိမ်းဆေးတွေနဲ့ ချွေးထဲမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်ဟာ ကလိုရင်းနဲ့ ဓာတ်ပြုပြီး အဆိပ်အတောက် ဖြစ်စေတဲ့ chloramines ဆိုတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီဓာတ်ဟာ မျက်လုံး နဲ့ အရေပြားကို ယားယံစေပြီး အသက်ရှူရခက်ခဲတာတွေဖြစ်စေပါတယ်။

    ဘယ်ရေကူးကန်ကိုမဆို E.coli ၊ Giardia နဲ့ Salmonella တို့လို ပိုးလေးတွေ ရောက်ရောက်လာလေ့ ရှိပါတယ်။ နောက်ပြီး ရေကူးသမားတွေကလည်း ရေမကူးခင် ရေချိုးတာဘာညာ လုပ်လေ့မရှိဘဲ ရေကူးပြီးမှသာ ချိုးကြတာ မဟုတ်လား။

    ဒါကြောင့် ရေကူးကန်တွေကို ကလိုရင်း၊ ဆိုဒီယမ် ဟိုက်ပိုကလိုရိုက်နဲ့ ကယ်လ်စီယမ် ဟိုက်ပိုကလိုရိုက်တွေ သုံးပြီး ပိုးသတ်သန့်စင်ရတာပါ။ မှန်ပါတယ်။ ကလိုရင်းက ဘက်တီးရီးယားတွေကို သတ်ပစ်ပါတယ်။ ဒါပေမဲ့ အကုန်လုံးကိုတော့ မဟုတ်ပါဘူး။

    ရေကူးကန်ထဲမှာ ဆီးသွားလိုက်တဲ့အခါ ဆီးထဲက ဒီကလိုရင်းတွေနဲ့ ပေါင်းစပ်ပြီး cyanogen chloride နဲ့ trichloramine ဆိုတဲ့ ပစ္စည်းနှစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီနှစ်မျိုးက ဓာတ်မတည့်ဝေဒနာလိုမျိုး မျက်လုံးယားယံတာကိုဖြစ်စေပါတယ်။ ပြီးတော့ ဆီးကြောင့် ကလိုရင်းရဲ့ ပိုးသေစေတဲ့ အာနိသင်လည်း လျော့သွားပါတယ်။

    နောက်ပြီး သိထားရမှာ တစ်ချက်က ရေကူးကန် အများစုက ထွက်လာတဲ့ ကလိုရင်းနံ့ ပြင်းပြင်းဟာ ကလိုရင်း များတာထက် ဒီလို ဓာတ်ပြုရာက ထွက်လာတဲ့ အနံ့ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကူးကန်တွေမှာတော့ ဒီလို အနံ့ဆိုး ထွက်လေ့မရှိပါဘူးနော်။ အပေါ်မှာ ပြောခဲ့သလို ကလိုရင်းနဲ့ ဆီး ဓာတ်ပြုရာက ထွက်လာတဲ့ အဆိပ်ရှိဓာတ်ကို ပြင်းအားများများ စုဆောင်းလိုက်မယ်ဆိုရင် ဓာတုလက်နက်လိုတောင် အသုံးပြုနိုင်သေးပါသတဲ့။

    ဒါဆို ရေမကူးရတော့ ဘူးလား။ မဟုတ်ပါဘူး။ ရေကူးတာမှာလည်း ဒီ ဓာတုပစ္စည်းတွေကြောင့် ဖြစ်လာနိုင်မယ့် အန္တရာယ် နည်းနည်းကို ကာမိစေလောက်တဲ့ထိ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။

    ဥပမာ အဆစ်နာခြင်းကို သက်သာစေတာတို့၊ ကြွက်သားတွေ သန်မာစေတာတို့ နဲ့ ကိုယ်ဝန်ဆောင်တွေ ကလေးတွေအတွက်လည်း အကျိုးရှိတဲ့ လေ့ကျင့်ခန်းဖြစ်နေတာမျိုးတွေပေါ့။ ဒီတော့ ရေကူးစရာရှိတာ ကူးပါ။ ရေကူးကန်ထဲတော့ အပေါ့မစွန့်နဲ့ပေါ့။ ကိုယ်တိုင်သန့်ရှင်းခြင်းနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ကြရအောင်။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement