အဓိပ္ပါယ်ဖွင့်ဆိုချက်
Cowden ရောဂါစုဆိုတာ ဘာလဲ။
Cowden ရောဂါစု တနည်းအားဖြင့် Multiple Hamartoma ရောဂါစုဆိုတာ ရှားပါးပြီး မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၎င်းရဲ့ ဝိသေသလက္ခဏာတွေကတော့ အသက် ၂၀ကျော် ၃၀၀န်းကျင်လောက်ကစပြီး ခန္ဓါကိုယ်အနှံ့အပြားမှာ hamartoma ခေါ် ကင်ဆာမဟုတ်တဲ့အကျိတ် အများအပြားထွက်ခြင်း၊ ဦးခေါင်းအရွယ်အစား ပုံမှန်ထက်ပိုကြီးခြင်း၊ ဆံပင်အမြစ်နေရာတွေမှာ ကင်ဆာမဟုတ်တဲ့အကျိတ်များ (trichilemmomas) ဖြစ်ပေါ်ခြင်း၊ ခံတွင်းထဲမှာ အဖြူရောင်အဖုငယ်များ ဖြစ်ပေါ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒီရောဂါစုဟာ Bannayan-Riley-Ruvalcaba ရောဂါစု၊ Proteus ရောဂါစုတို့လို PTEN မျိုးဗီဇဖောက်ပြန်မှုကြောင့် Hamartoma အကျိတ်တွေဖြစ်ပေါ်တဲ့ ရောဂါစုတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။
Cowden ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
ဒီရောဂါဟာ အဖြစ်နည်းတယ်လို့ ယူဆရပေမယ့် ရောဂါဖြစ်လို့ဖြစ်နေမှန်း မသိရတဲ့အခြေအနေတွေလည်း ရှိနိုင်တယ်လို့ ပညာရှင်တွေက သံသယရှိနေကြပါတယ်။ ခန့်မှန်းချေအားဖြင့် လူအယောက်၂၀၀၀၀၀ မှာမှ တစ်ယောက်သာ ဖြစ်ပွားနိုင်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရောဂါလက္ခဏာများ
Cowden ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ဒီရောဂါစုရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့
- မျက်နှာအရေပြားမှာ ၆မီလီမီတာခန့်ရှိ မူလအသားအရည်အရောင်၊ ရှည်မျောမျော အဖုငယ်များ ဖြစ်ပေါ်ခြင်း
- ခန္ဓါကိုယ်အနှံ့အပြားမှာ Hamartoma ခေါ် ကင်ဆာမဟုတ်သည့်အကျိတ်များ ဖြစ်ပေါ်ခြင်း
- ခံတွင်းအနာပေါက်ခြင်း
- အစာအိမ်အူလမ်းကြောင်းတစ်လျှောက် harmatoma အဖုအကျိတ်များ ဖြစ်ပေါ်ခြင်း
အခြားဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေကတော့
- ကင်ဆာမဟုတ်သည့် ရင်သား၊ သိုင်းရွိုက်နှင့် သားအိမ်အတွင်းနံရံအကျိတ်များ (တစ်ခါတစ်ရံ ကင်ဆာကျိတ်များ ဖြစ်ပွားနိုင်ပါသည်)
- Lhermitte-Duclos ခေါ် ကင်ဆာမဟုတ်သည့် ရှားပါးဦးနှောက်အကျိတ်တစ်မျိုး
- ဦးခေါင်းအရွယ်အစား ပုံမှန်ထက်ပိုကြီးခြင်း
- အော်တစ်ဇင်ရောဂါ
- ဉာဏ်ရည်ချို့တဲ့ခြင်း
- သွေးကြောဆိုင်ရာပြဿနာများ
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
သင့်ဆီမှာ ဒါမှမဟုတ် သင်ချစ်ခင်ရသူ တစ်ယောက်ယောက်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားမှုအကြောင်းရင်းများ
ဘာတွေက Cowden ရောဂါစု ဖြစ်ပွားစေသလဲ။
ဒီရောဂါဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းကတော့ PTEN မျိုးဗီဇ ဖောက်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်တစ်ရှူး အားလုံးနီးပါးမှာပါဝင်တဲ့ phosphatase ပရိုတင်း ထုတ်လုပ်ရာမှာ ၎င်းမျိုးဗီဇရဲ့အခန်းကဏ္ဍက အလွန်အရေးပါပါတယ်။ အဆိုပါပရိုတင်းဟာ ခန္ဓါကိုယ်ကဆဲလ်တွေ ပုံမှန်ထက်ပိုပြီး လျင်လျင်မြန်မြန် ကြီးထွားကွဲပွားခြင်းကို ဟန့်တားပေးခြင်းအားဖြင့် ကင်ဆာအကျိတ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။
Cowden ရောဂါစု ဖြစ်ပွားစေတဲ့ မျိုးဗီဇဟာ ကျား၊မ လိင်နဲ့ ဆက်စပ်မှုမရှိဘဲ လွှမ်းမိုးဗီဇတစ်ခု ဖြစ်တဲ့အတွက် မိခင် သို့မဟုတ် ဖခင်ဆီက PTEN ဖောက်ပြန်မျိုးဗီဇတစ်ခု လက်ခံရရှိရုံနဲ့ ကလေးမှာ ရောဂါပါလာမှာဖြစ်ပါတယ်။
ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ
ဘယ်အရာတွေက Cowden ရောဂါစု ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။
Cowden ရောဂါစု ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
ရောဂါရာဇဝင်မေးမြန်းမှု၊ ခန္ဒါကိုယ်စမ်းသပ်စစ်ဆေးမှုတို့ကနေတဆင့် တွေ့ရှိလာတဲ့ ရောဂါလက္ခဏာတွေကို အခြေခံပြီး ဒီရောဂါဟုတ်မဟုတ် စစ်ဆေးအဖြေရှာနိုင်ပါတယ်။ တိကျသေချာအောင် အတည်ပြုဖို့အတွက် PTEN မျိုးဗီဇစစ်ဆေးမှု ပြုလုပ်နိုင်သလို ၎င်းမျိုးဗီဇဖောက်ပြန်မှု မတွေ့ရှိခဲ့ရင် Cowden ရောဂါစုနဲ့ ဆက်စပ်မှုရှိနိုင်တဲ့ အခြားမျိုးဗီဇတွေကိုပါ စစ်ဆေးနိုင်ပါတယ်။
အမျိုးသားကင်ဆာဆေးပညာကွန်ယက် (National Comprehensive Cancer Network) ကတော့ ရောဂါအတည်ပြုစံသတ်မှတ်ချက်ကို အောက်ပါအတိုင်း အပိုင်း ၃ပိုင်း ခွဲခြားထားပါတယ်။
- ဝိသေသလက္ခဏာ စံသတ်မှတ်ချက် – အချွဲအမြေးပါးနှင့် အရေပြားအဖုအကျိတ်များ
- အဓိကလက္ခဏာ စံသတ်မှတ်ချက် – ရင်သားကင်ဆာ၊ ဦးခေါင်းအရွယ်အစား ပုံမှန်ထက်ကြီးခြင်း၊ သိုင်းရွိုက်ကင်ဆာ၊ သားအိမ်ကင်ဆာ
- သာမညလက္ခဏာ စံသတ်မှတ်ချက် – သိုင်းရွိုက်အကျိတ်များ၊ ဉာဏ်ရည်ချို့ယွင်းမှု၊ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် harmartoma အကျိတ်များ ဖြစ်ပေါ်ခြင်း၊ ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်များ၊ အဆီကျိတ်များ၊ တွယ်ဆက်တစ်ရှူးအကျိတ်များ၊ ဆီးလိင်အင်္ဂါများ ပုံမမှန်ခြင်း သို့မဟုတ် အကျိတ်ဖြစ်ပေါ်ခြင်း၊ သားအိမ် fibroid များ
လူနာတစ်ယောက်မှာ ဝိသေသလက္ခဏာနဲ့ အဓိကလက္ခဏာ အနည်းဆုံး ၂ခု ဒါမှမဟုတ် အဓိကလက္ခဏာတစ်ခုနဲ့ သာမညလက္ခဏာ အနည်းဆုံး ၃ခု ဒါမှမဟုတ် သာမညလက္ခဏာ အနည်းဆုံး ၄ခု ရှိခဲ့ရင် သူ့မှာ Cowden ရောဂါရှိတယ်လို့ ရောဂါအမည်တပ်နိုင်ပါတယ်။
ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အသုံးပြုရမယ့် စံသတ်မှတ်ချက်တွေ အနည်းငယ်ကွဲပြားပေမယ့် The PTEN Cleveland Clinic Risk Calculator ကိုတော့ ရောဂါလက္ခဏာပြနေသူအားလုံးအတွက် အသက်အရွယ်မရွေး အသုံးပြုနိုင်ပါတယ်။ အဆိုပါ Calculator က PTEN မျိုးဗီဇ ဖောက်ပြန်မှုရှိနိုင်ချေကို ခန့်မှန်းတွက်ချက်ပေးနိုင်ပါတယ်။
PTEN မျိုးဗီဇ ဒါမှမဟုတ် အခြားဆက်စပ်မျိုးဗီဇတစ်ခုခု ဖောက်ပြန်မှုရှိနေခဲ့ရင် ၎င်းလူနာမှာ Cowden ရောဂါစုရှိနေပြီလို့ အတည်ပြုနိုင်ပါတယ်။
Cowden ရောဂါစုကို ဘယ်လိုကုသလဲ။
ဒီရောဂါစုဟာ အချို့သောကင်ဆာရောဂါတွေနဲ့ ဆက်စပ်မှုရှိတဲ့အတွက် ရောဂါကုသရာမှာ high-risk cancer screening ပြုလုပ်ဖို့ အထူးအလေးပေးသင့်ပါတယ်။ အမျိုးသားကင်ဆာဆေးပညာကွန်ယက်က ၂၀၁၄ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းများအရ Cowden ရောဂါရှိသူတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့ ကင်ဆာစစ်ဆေးမှုတွေကတော့
အမျိုးသမီးများ
- အသက် ၁၈နှစ်မှစတင်၍ မိမိကိုယ်တိုင် ရင်သားစမ်းသပ်စစ်ဆေးခြင်း
- အသက် ၂၅နှစ်မှစတင်၍ ၆လမှ ၁နှစ်တစ်ကြိမ် ဆေးရုံဆေးခန်းတွင် ရင်သားစစ်ဆေးမှု ခံယူခြင်း
- အသက် ၃၀-၃၅နှစ်မှစတင်၍ နှစ်စဉ် mammogram ရိုက်ခြင်း၊ ရင်သား MRI ရိုက်ခြင်း
- အသက် ၃၀-၃၅နှစ်မှစတင်၍ နှစ်စဉ် သားအိမ်အာလ်ထရာဆောင်းရိုက်ခြင်း၊ အသားစယူစစ်ဆေးခြင်း
- ကင်ဆာရောဂါဖြစ်မလာစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ခွဲစိတ်ကုသမှုခံယူခြင်း
အမျိုးသားနှင့်အမျိုးသမီးများ
- အသက် ၁၈နှစ်မှစတင်၍ ဆေးရုံဆေးခန်းတွင် ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု ခံယူခြင်း
- အသက် ၁၈နှစ်မှစတင်၍ နှစ်စဉ် သိုင်းရွိုက်အာလ်ထရာဆောင်းရိုက်ခြင်း
- အသက် ၃၅နှစ်တွင် အူမကြီးမှန်ပြောင်းကြည့်ပြီး ၅နှစ်တစ်ကြိမ် ပုံမှန်ပြန်လည်စစ်ဆေးခြင်း (အူလမ်းကြောင်းတစ်လျှောက် polyp များရှိလျှင် မကြာမကြာ စစ်ဆေးပေးရန်)
- အသက် ၄၀မှစတင်၍ ၁နှစ် သို့မဟုတ် ၂နှစ်တစ်ကြိမ် ကျောက်ကပ်အာလ်ထရာဆောင်းရိုက်ခြင်း
** သို့မဟုတ် မိဘဆွေမျိုးတစ်ယောက်ယောက်မှာ ကင်ဆာရောဂါရှိမှန်းသိသိချင်း တတ်နိုင်သမျှစောစော စစ်ဆေးရန်
ကလေးသူငယ်များ (အသက် ၁၈နှစ်အောက်)
- တစ်နှစ်တစ်ကြိမ် သိုင်းရွိုက်အာလ်ထရာဆောင်းရိုက်ခြင်း
- တစ်နှစ်တစ်ကြိမ် အရေပြားစစ်ဆေးခြင်း
- ဦးနှောက်နှင့်အာရုံကြော ဖွံ့ဖြိုးမှုအခြေအနေကို ဆန်းစစ်အကဲဖြတ်ခြင်း
အကယ်၍ ကင်ဆာလက္ခဏာ မတွေ့ရှိခဲ့ရင်လည်း ခန္ဓါကိုယ်မှာ ပြောင်းလဲမှုတစ်စုံတစ်ရာရှိမရှိ အမြဲသတိပြုစောင့်ကြည့်သင့်ပါတယ်။ အရေပြားအကျိတ်တွေမှာ ကင်ဆာအဖြစ်ပြောင်းသွားနိုင်တဲ့ လက္ခဏာတွေ တွေ့လာရင် (ဥပမာ နာကျင်ခြင်း၊ ပုံပျက်ခြင်း၊ အနာရွတ်ပိုထင်လာခြင်း) ခွဲစိတ်ဖယ်ရှားသင့်ပါတယ်။ ဒါ့အပြင် အရေပြားလိမ်းဆေးလိမ်းခြင်း (ဥပမာ 5-fluorouracil)၊ ခြစ်ထုတ်ခြင်း၊ cryosurgery၊ laser ablation စတဲ့နည်းလမ်းတွေကလည်း အရေပြားရောဂါလက္ခဏာတွေကို ယာယီသက်သာစေနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Cowden ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။