backup og meta

“ကင်ဆာ”ဆိုတာနဲ့ မကြာခင်သေရတော့မှာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    “ကင်ဆာ”ဆိုတာနဲ့ မကြာခင်သေရတော့မှာလား။

    “ကင်ဆာ”

    လူပေါင်းများစွာတို့ရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ အရာ၊ ကင်ဆာဖြစ်နေပြီဆိုတာနဲ့ ခေါင်းထဲမှာပေါ်လာတာ “ငါသေရတော့မယ်” ဆိုတဲ့ အတွေး။ အဲ့အတွေးပေါ်တာနဲ့ လက်တွေ့ဘဝမှာ ကြောက်ရွံ့မှု၊ တုန်လှုပ်မှု၊ အားငယ်မှု ၊ စိတ်ဓါတ်ကျမှု ၊ မပျော်ရွှင်မှုတွေ ဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်ရပါတော့တယ်။ ဒါပေမယ့် ခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ အချိန်မီသာသိရင် ကုလို့ပျောက်တဲ့ ကင်ဆာတွေလည်းရှိပါတယ်။ ဆေးပညာတိုးတက်လာပြီဖြစ်တဲ့အတွက် ခြိမ်းခြောက်နေတဲ့ ကင်ဆာကို ကုသဖို့နည်းလမ်းတွေလည်း မျိုးစုံရှိနေပြီ။ ကင်ဆာသုတေသီများရဲ့ပြောကြားချက်အရ ကင်ဆာဖြစ်လို့ကုသပြီး နောက် ၅နှစ်အထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် အဲ့ဒီကင်ဆာက ကုသလို့ပျောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေလည်း မပျံ့ဘူး၊ စောစောလည်းသိလို့ကုသမယ်ဆိုရင် အသက်ရှည်ရှည်နေထိုင်ခွင့် ပိုများနိုင်တဲ့ကင်ဆာ (၅)မျိုးကို ပြောပြပေးမယ်နော်။ မျှော်လင့်ချက်ရောင်ခြည်လေးတွေပေါ့။

    (၁) ရင်သားကင်ဆာ

    ရင်သားကင်ဆာ( အဆင့် ၁ နှင့် ၂ ) ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၉ % -၁၀၀%

    ရင်သားကင်ဆာဆိုရင် မကြားဖူးတဲ့သူ မရှိပါဘူး။ ဆေးပညာတွေတိုးတက်လာတာကတစ်ကြောင်း ၊ ဆရာဝန်တွေက ဘယ်လိုကုရမလဲဆိုတာ ပိုင်နိုင်စွာသိနေတာက တစ်ကြောင်း ၊ ရင်သားကင်ဆာဆိုတာကို လူတွေက ကြားဖူးနားဝရှိနေတာ ကြောင့် ကုသမယ်ဆိုရင် တခြားကင်ဆာတွေထက် ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ပိုများပါတယ်။ ရင်သားကင်ဆာ ဖြစ်တဲ့နေရာကိုလိုက်ပြီး ကုသဖို့ ဆေးတွေ၊ နည်းလမ်းတွေလည်း အမျိုးမျိုးပေါ်နေပြီဆိုတော့ကား ကင်ဆာဆိုပေမယ့် ၁၀၀% ကုသနိုင်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်းတွေပိုများလာပြီနော်။ ကင်ဆာဆဲလ်တွေ မပျံ့ခင် စောစောကုဖို့တော့ လိုတာပေါ့။

    ရင်သားကင်ဆာတွေထဲက “Oestrogen Receptor Positive” အီစတိုဂျင် ဟော်မုန်းကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာဟာ ဟော်မုန်းလျှော့ချနိုင်တဲ့ ဆေးတွေပေးတာနဲ့ကို ပိုကောင်းလာနိုင်တာကြောင့် ကုသရအလွယ်ဆုံးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း“triple negative”breastcancers လို့ခေါ်တဲ့ negativefor estrogen receptors (ER-), progesterone receptors (PR-), and HER2 (HER2-) ရင်သားကင်ဆာဆိုရင်တော့ ကုရအခက်ဆုံးဖြစ်နေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးထု အနေနဲ့ ကုသရလွယ်တဲ့ကင်ဆာလို့ ပြောလို့ရတဲ့ ရင်သားကင်ဆာကို မပေါ့ဆသင့်ဘဲ ရင်သားကို ကိုယ့်ဘာဘာစမ်းကြည့်ပြီး အလုံးတွေ့ရင် ဆရာဝန်နဲ့ သွားပြသင့်တယ်နော်။ မျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့သူရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နှစ်တစ်ခါ mammogramလို့ခေါ်တဲ့ ရင်သား ဓါတ်မှန် ပုံမှန်ရိုက်သင့်ပါတယ်။ ဒါမှ စောစောသိ စောစောကု စောစောပျောက်တာပေါ့။

    (၂) ဆီးကျိတ်ကင်ဆာ

    ဆီးကျိတ်ကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၉ %

    ယောက်ျားလေးတွေမှာ အဖြစ်များတဲ့ ဆီးကျိတ် ကင်ဆာကို ကုသပြီး ဘာလို့ အသက်ရှင်နှုန်းပိုများသလဲ ဆိုရင် ဆီးကျိတ်ကင်ဆာတွေက များသောအားဖြင့် ကြီးထွားမှုနှုန်း နှေးပါတယ်။ ကင်ဆာတွေလည်း အခြားနေရာတွေကို မပျံ့သေးဘူး၊ ခွဲစိတ်လို့ရတဲ့ အသက်အရွယ် ( အသက် ၇၀မကျော်သေး) ၊ ခွဲစိတ်လို့ရတဲ့ အခြေအနေတွေရှိမယ်ဆိုရင် ခွဲစိတ်ကုသပြီးတာနဲ့ နောက် ၅နှစ်အတွင်း လူနာရဲ့ အသက်ရှင်နှုန်ုး ၉၉% ရှိပါတယ်တဲ့။ ကံမကောင်းအကြောင်းမလှပဲ ကင်ဆာဆဲလ်တွေ ပျံ့သွားရင် တောင် ခွဲစိတ်ကုသပြီးတာနဲ့ နောက် ၅နှစ် အတွင်း လူနာရဲ့ အသက်ရှင်နှုန်ုး ၂၉% တောင်ရှိသေးတယ်တဲ့နော်။ ဘာလို့လဲဆိုတော့ ဆရာဝန်တွေက ကင်ဆာမပျံ့ခင် ဆီးကျိတ်ကင်ဆာကို ကြိုပြီး တွေ့တတ်လို့ပါတဲ့။ အဲလိုတွေ့ဖို့ ကိုယ့်ဘက်ကလည်း ကျန်းမာရေးဆေးစစ်ချက်တွေကို မှန်မှန်ပြုလုပ်ပေးသင့်တယ်နော်။ ဆီးကျိတ်ကင်ဆာကိုကြိုတင် စစ်ဆေးချင်တယ်ဆိုရင် နည်းလမ်း ၂ မျိုးရှိပါတယ်။

    • စအို အတွင်းမှ လက်ဖြင့်စစ်ဆေးခြင်း
    • သွေးဖောက်ပြီး PSA test စစ်ဆေးခြင်း တို့လုပ်နိုင်ပါတယ်။

    မျိုးရိုးထဲမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့သူရှိတယ်၊ ဆီးသွားတဲ့ အခါလည်း ပုံမှန်မဟုတ်ဘဲ ဆီးသွားရခက်တာ၊ ဆီးသွားရင် ညှစ်ရတာ ၊ ဆီးထဲသွေးပါတာတွေရှိရင် မပေါ့ဆဘဲ ဆရာဝန်ဆီ အမြန်သွားပြီး စစ်ဆေးသင့်တယ်နော်၊။ စောစောသိလေ အသက်ရှင်ခွင့်ပိုများလေပဲလေ။ မဟုတ်ဘူးလား။

    (၃) သိုင်းရွိုက်ဂလင်းကင်ဆာ

    သိုင်းရွိုက်ဂလင်း ကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၈% (ကင်ဆာဖြစ်တဲ့ တစ်ရှူးပေါ်တော့ မူတည်သေးတယ်တဲ့နော်)

    သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့ဘက်မှာ နေရာယူထားတဲ့ လိပ်ပြာပုံစံ ဂလင်းလေးတစ်ခုဖြစ်ပါတယ်။ သူကနေ ကယ်လိုရီလောင်ကျွမ်းဖို့ ၊ နှလုံးစည်းချက်မှန်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၈% ဘာလို့ရှိလဲဆိုရင် သိုင်းရွိုက်ဂလင်းကင်ဆာ အများစုဟာကြီးထွားမှုနှုန်း နှေးတယ်တဲ့။ ကင်ဆာကြီးလာပြီး လည်ပင်းပတ်လည်က အခြားအရာများကို ဖိနေရင်တောင် ဆရာဝန်တွေက ခွဲစိတ်ပြီး သိုင်းရွိုက်ဂလင်းကို ထုတ်ပစ်လို့ရပါတယ်။ ခွဲစိတ်ပြီး ရင်တော့သိုင်းရွိုက်ဂလင်း ကထုတ်တဲ့ ဟော်မုန်းတွေအတွက် လူနာတွေက ဆေးအစားထိုးပြန်သောက်ပေးမယ်ဆိုရင် အခြားပုံမှန်လူတွေလိုပဲ နေထိုင်သွားလာလို့ရပါတယ်။ ကုလို့ပျောက်တဲ့ဆိုပေမယ့် ကင်ဆာဖြစ်တဲ့ တစ်ရှူးအမျိုးအစားပေါ်လည်း မူတည်သေးပါတယ်။Anapူlastic Thyroid Cancer ဆိုရင် ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ၇% ပဲရှိပါတယ်။ ဒါပေမယ့် Anaplastic Thyroid Cancer ဖြစ်နိုင်ချေက တော်တော်နည်းပါတယ်။ သိုင်းရွိုက်ဂလင်း ကင်ဆာအတွက် ကြိုစစ်ဆေးလို့ရမယ့်နည်းလမ်း(tests) တွေ တော့ မရှိသေးပါဘူး။ လည်ပင်းမှာ အလုံးပေါ်လာတာ ၊ အစာမျိုချရခက်တာမျိုးတွေဖြစ်လာရင်တော့ ဆရာဝန်တွေဆီ ချက်ချင်သွားပြသင့်ပါတယ်။ မပေါ့ဆဖို့တော့ လိုမယ်နော်။ ကုပြီးရင် အသက်ရှင်ခွင့်ကလည်း ၉၈% တောင်ရှိတာတဲ့နော်။

    (၄)ဝှေးစေ့ကင်ဆာ

    ဝှေးစေ့ကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း – ၉၅.၁%

    ဝှေးစေ့ကင်ဆာ အစောပိုင်းအဆင့် (ကင်ဆာဆဲလ်များလည်း မပျံ့သေးဘူးဆိုရင်) ကင်ဆာဖြစ်နေတဲ့ ဝှေးစေ့ တစ်လုံး (သို့မဟုတ် ) နှစ်လုံးလုံးကို ခွဲထုတ်လိုက်ပြီး ကုသနိုင်ပါတယ်။ နှစ်လုံးရှိတဲ့အထဲမှာ တစ်လုံးထုတ်လိုက်ရင်တောင် ကျန်တစ်လုံးက လိင်ကိစ္စဆောင်ရွက်ဖို့နဲ့ ကလေးရဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးနိုင်သေးတဲ့အတွက် စိတ်ပူစရာမလိုဘူးနော်။ ကင်ဆာ အဆင့်မြင့်လာရင်တောင် ခွဲစိတ်တာ ၊ ဓါတ်ရောင်ခြည်ကင်တာ ၊ ကင်ဆာဆေးသွင်းတာတွေလည်းလုပ်နိုင်သေးတာဆိုတော့ ကုသဖို့နည်းလမ်းတွေ အများကြီးပါပဲ။ ဆရာဝန်တွေကတော့ ၁၉၇၀ ခုနှစ်တည်းက စတင်သုံးလာတဲ့ ciplastin လို့ခေါ်တဲ့ chemo ကင်ဆာဆေးသွင်းတာကို ပိုပြီးအားပေးကြပါတယ်။ ဝှေးစေ့ ကင်ဆာဆိုရင် ciplastin လို့ခေါ်တဲ့ chemo ကင်ဆာဆေးသွင်းရုံနဲ့ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ပိုများနိုင်တယ်လို့ဆိုပါတယ်။ ကင်ဆာအဆင့် ၄ ရောက်ပြီဆိုရင်တောင် ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း ၇၃% ရှိသေးတယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။ ဒါ့ကြောင့် ဝှေးစေ့မှာ အလုံးပေါ်လာရင် ဒါမှမဟုတ် ဝှေးစေ့ တစ်ဖက်ဖက်က ပုံမှန်မဟုတ်ဘဲ ကြီးလာတာတွေက ကင်ဆာရဲ့ အစောဆုံးအဆင့်တွေဖြစ်နိုင်လို့ စောစောသိပြီး စောစောကုသလို့ ရအောင် ဆရာဝန်ဆီ မြန်မြန်သွားပြသင့်တယ်နော်။

    (၅) Melanoma အရေပြားကင်ဆာ

    Melanoma အရေပြားကင်ဆာ ကုသပြီးနောက် ၅ နှစ်အတွင်း လူနာအသက်ရှင်နှုန်း- ၉၁.၇%

    Melanoma အရေပြားကင်ဆာက ကုသပြီး အသက်ရှင်နှုန်ုးဘာလို့မြင့်လဲဆိုရင် အရေပြားဆိုတော့ မျက်လုံးနဲ့ကြည့်တာနဲ့တင် အပြောင်းအလဲတွေ ဖြစ်နေတာကိုသိတော့ ကြောက်ပြီး စောစော သွားပြကြတယ်မဟုတ်လား။ အရေပြားအောက်ကို မပျံ့သေးရင် ဆရာဝန်တွေက ကင်ဆာဖြစ်တဲ့နေရာကို ခွဲထုတ်လိုက်ရုံပဲ။ ဒါပေမယ့် ပေါ့ပေါ့ဆဆ နေလိုက်ရင်တော့ ကင်ဆာဆဲလ်တွေ ပျံ့ကုန်နိုင်ပါတယ်။Melanoma အရေပြားကင်ဆာ က အခြား အရေပြားကင်ဆာ ထက်ဆာရင် ပျံ့နှုန်းပိုများပါတယ်။ အရေပြားအောက်ကိုပါ ကင်ဆာဆဲလ် ပျံ့သွားပြီဆို ကုသရခက်သွားပြီး လူနာ၁၅%- ၂၀%သာ နောက်၅နှစ်တွင်း အသက်ရှင်နိုင်ကြပါတယ်။ ဒါကြောင့် စောစောသိရအောင် အရေပြားပေါ်မှာ အထူးသဖြင့် ကျောကုန်း ၊ ဦးရေပြား ၊ ဝှေးစေ့အရေပြားနှင့် ခြေချောင်းကြားတွေမှာ အရောင်ရင့်ပြီး အရွယ်ကြီးတဲ့ အဖုများ အသားဖတ်များ ထွက်လာရင် ရိုးရိုးဖြစ်တာလား၊ ကင်ဆာလားဆိုတာသိရအောင် ဆရာဝန်ဆီ မြန်မြန်သွားသင့်တယ်နော်။ မိသားစုထဲ မျိုးရိုးရှိလျှင် ပိုလို့တောင် သတိထားသင့်တယ်နော်။

    ဒါတွေကတော့ ကင်ဆာတွေထဲမှာမှ မျှော်လင့်လို့ အရနိုင်ဆုံး ပျောက်ကင်းနိုင်ချေအများဆုံး ကင်ဆာတွေပါ။ ဒါကြောင့် ကင်ဆာဆိုတာနဲ့ စိတ်ဓါတ်ကျမနေဘဲ ကုသလို့ပျောက်ကင်းနိုင်ပြီး အသက်ဆက်ရှင်နိုင်သေးတယ်ဆိုတာ ဒီဆောင်းပါးလေးဖတ်ပြီး မျှော်လင့်ချက်ရောင်ခြည်တွေနဲ့အတူ ရှင်သန်နိုင်ကြပါစေ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement