backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

ရာသီဥတုဖောက်ပြန်မှုဟာ ကမ္ဘာကြီးကိုပဲ ထိခိုက်နိုင်တာမဟုတ်ပါဘူး။ လူသားတွေအပေါ်ကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဟာ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ နဲ့ ကမ္ဘာ့နေရာဒေသတွေအပေါ် မူတည်ပြီး ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးဟာလည်း နည်းအမျိုးမျိုး နဲ့ ထိခိုက်လာပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပိုလို့တောင်ထိခိုက်မှုများနိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါပြီ။

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

(၁)      ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုကိုပဲစဉ်းစားကြည့်ကြပါစို့။ အပူချိန်လွန်ကဲလာတဲ့အခါ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခြင်းဟာ ဆေးရုံတွေအတွက် အတော်လေး အထိနာတဲ့ ကိစ္စကြီးတစ်ရပ်ပါ။ လျှပ်စစ်မီးပြတ်တောက်နေစဉ်မှာ ခွဲစိတ်မှုတွေ၊ လူနာသယ်ယူမှုတွေ၊ လူနာတွေကိုစမ်းသပ်စစ်ဆေးမှုတွေ (ဥပမာ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း) စတာတွေကို ပြုလုပ်နိုင်ဖို့ ဘယ်လိုမှမလွယ်ကူလှပါဘူး။ လူနာတွေအတွက် တော်တော်လေးအဆင်မပြေနိုင်တဲ့ကိစ္စပါ။

(၂)      သစ်သီးဝလံရှားပါးမှုဟာ အာဟာရချို့တဲ့မှုကို ဦးတည်နိုင်ပါတယ်။ ကုန်ဈေးနှုန်းကို မြင့်တက်စေနိုင်ပြီး လူတွေကို ဆာလောင်မွတ်သိပ်မှု ဖြစ်စေမှာပါ။ လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု များလာတာကြောင့် စိုက်ပျိုးထားတဲ့ ဘာလီ၊ ပဲစတဲ့ ကောက်ပဲသီးနှံတွေဟာ အာဟာရမပြည့်ဝဘဲ ဖြစ်နေတတ်ပါတယ်။

(၃)      အလုပ်လုပ်ရင်း ကျန်းမာရေးပြဿနာများစွာနဲ့ ကြုံလာရတတ်ပါတယ်။ ဥပမာ လယ်သမား တွေ၊ အဆောက်အဦး ဆောက်လုပ်တဲ့ လက်သမားတွေ (ဆောက်လုပ်ရေး လုပ်သားတွေ)မှာ အပူလျှပ်ခြင်း၊ အပူငုတ်ခြင်းစတဲ့ အရေးပေါ် အခြေအနေတွေ ပိုမိုခံစားလာရပါတယ်။

အပူချိန် မြင့်တက်လာတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်ပါ။ နေ့ပိုင်းမှာ အပူချိန်ပြင်းထန်တာကြောင့် အလုပ်ချိန်ကို နောက်ရွှေ့ရာကနေ နေဝင်ရီသရော ညနေစောင်းပိုင်းတွေ ရောက်သွားတတ်ပါတယ်။ မှောင်စပျိုးချိန်ဟာ အင်းဆက်နဲ့ မြွေစတဲ့ အန္တရာယ်ကောင်တွေ ထွက်တဲ့အချိန်ဖြစ်တာကြောင့် မလွယ်ကူပါဘူး။

(၄)      ပူပြင်းလာတဲ့နေ့ရက်တွေ၊ မိုးများလာခြင်းတွေနဲ့ စိုထိုင်းစများလာခြင်းတွေဟာ ကူးစက်ရောဂါ တွေ ပိုမိုပျံ့နှံ့လွယ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေနိုင်ပါတယ်။

(၅)      ရေကြီးမှုတွေ၊ မိုးခေါင်မှု၊ မြေပြိုမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံလာရပါတယ်။ စိတ်မတည်မငြိမ်တော့ဘူး။ စိတ်ဖိစီးမှုတွေများလာမယ်။ စိတ်ကျရောဂါတွေ ခံစားလာရမယ်။ နောက်ဆုံးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေအထိ ဖြစ်လာနိုင်ပါတယ်။

(၆)      အပူချိန်များလာရင် လူသားတွေမှာ ဓာတ်မတည့်မှုတွေနဲ့ အရေပြားရောဂါတွေ ရလာနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေလည်း ဖြစ်ပွားလာနိုင်ပါတယ်။

(၇)      ခြင်ကတစ်ဆင့်ပေါက်ဖွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အလွန်ကြောက်စရာကောင်းမှန်း သိရှိပြီးသား ဖြစ်မှာပါ။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ လွန်ခဲ့တဲ့ နှစ်(၅၀)ခန့်ထက်စာရင် အဆ(၃၀) မြင့်တက်လာပါတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်မှုကြောင့်ပါ။

(၈)      ငှက်ဖျားရောဂါ၊ အာဟာရချို့တဲ့မှုနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတဲ့ ကလေးတွေနဲ့ လူကြီးတွေဟာ အပူနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ထပ်မံဖြစ်တဲ့အခါ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားထားရသူတစ်ယောက်ဟာ ရေနဲ့ ဓာတ်ဆားကို ဆုံးရှုံးပြီးသားပါ။

အပူငုပ်ခြင်း၊ အပူလျှပ်ခြင်းတွေပါ ထပ်ဖြစ်လာရင်တော့ ခန္ဓာကိုယ်ဟာ ရေဓာတ်ဆုံးရှုံးမှုကို ဘယ်လိုမှ ခံနိုင်ရည် မရှိနိုင်တော့ပါဘူး။

(၉)      မိုးခေါင်မှုနဲ့ ရေပြတ်လပ်ရှားပါးမှုဟာ ကျေးလက်ဒေသကို ပျက်စီးစေနိုင်ရုံတင်မက မြို့ပြ ဒေသကိုပါ သွားသက်ရောက်နိုင်ပါတယ်။ သုတေသနတစ်ခုအရ မြို့ပြပြည်သူ အယောက်ပေါင်း သန်း(၁၅၀)ကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ တာဝန်ရှိသူတွေသာ အမြန်ဆုံးမပြုပြင်ပေးနိုင်ရင် ၂၀၅၀ ခုနှစ်လောက်ရောက်တဲ့အခါ ထိခိုက်သူလူဦးရေ တစ်ဘီလျံ (သန်း ၁၀၀၀) နီးပါးအထိ တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။

(၁၀)    ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ရေချိုတွေနည်းပါးလာပြီး‌ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ထိခိုက်နိုင်ပါတယ်။ မုန်တိုင်းတွေဟာလည်း မိလ္လာအညစ်အကြေးစနစ်တွေကို လျှံကျစေ နိုင်ပါတယ်။

ဒီတော့ ရာသီဥတုဖောက်လွဲ ဖေါက်ပြန်မှုတွေကို တားဆီးကာကွယ်ဖို့ရန်အတွက် တစ်ထောင့် တစ်နေရာက ပါဝင်လိုက်ကြရအောင်ပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement