backup og meta

ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား

    နွေ ဘက်ကို ကူးလာတဲ့ ရာသီမှာ အပူဒဏ်က အတော်လေး သိသာလာပါတယ်။ ဒီလို ပူလာဖို့ကိုလည်း စောင့်မျှော်နေကြသူတွေ ရှိပါတယ်။ သူတို့ပြောကြတာက ကိုရိုနာ ဗိုင်းရပ်စ်လို့ ခေါ်ကြတဲ့ COVID- 19 ဟာ အပူဒဏ်ကို မခံနိုင်ပါဘူးတဲ့လေ။ ဒီတော့ ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ဆိုတာကို မေးခွန်း ထုတ်နေပြီလား!

    ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား

    ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ဆိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ COVID- 19 ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ဖြစ်သလို အခုချိန်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဆင့်ကို ရောက်နေပါပြီ။ အမှန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ COVID- 19 ဟာ အပူပိုင်းဒေသ အပါအဝင် နယ်မြေဧရိယာအားလုံးမှာ ဘယ်လိုရာသီဥတု ဖြစ်ပါစေ ကူးစက်ပြန့်ပွားနိုင်တဲ့ ပိုးဖြစ်ပါတယ်။

    ဒါပေမယ့် –

    • ဒီရောဂါကို မြန်မာနိုင်ငံမှာ မကူးစက်နိုင်ဘူး၊
    • ဒီကလူတွေက ကိုယ်ခံအား ရှိပြီးသား၊
    • ရာသီဥတုပူရင် ရောဂါပိုးက သေသွားမှာ၊
    • အရည်ပူပူသောက်၊ အရက်သောက်၊ အစားအသောက်ပူတာတွေ စားရင် ရောဂါပိုး ကာကွယ်တယ်၊
    • ရေခဲမုန့်မစားနဲ့၊
    • ငရုတ်ကောင်း စားပေးရင် ကာကွယ်တယ် စတဲ့ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေ ပျံ့နေတာ ပြဿနာပါ။

    ကမ္ဘာအနှံ့ မှာ ဒီရောဂါကို ထိန်းချုပ်ဖို့ အရေးတကြီး ကြိုးစားနေရချိန် ဒီမှာတော့ အခြေခံကာကွယ်မှုတွေ လုပ်မယ့်အစား သတင်းမှားတွေနဲ့ အချင်းချင်း ဖြေသိမ့်ပြီး စိတ်ချလက်ချ ထိုင်စောင့်နေကြတာ စိုးရိမ်စရာပါ။

    ကြောက်ရတော့မှာလား

    ကျန်းမာရေးအဖွဲ့အစည်း တွေက အထူးသတိထားနေတာက လူတွေ ထိတ်လန့်တကြား အကြောက်လွန်မှာကိုပါ။ အကြောက်မလွန်ကြဖို့ သတိပေးကြပေမယ့် လုံးဝမကြောက်ဖို့တော့ မပြောလိုပါဘူးနော်။ ကူးစက်နိုင်ခြေ များပြီး ပြင်းထန်တာကြောင့် ကြောက်ဖို့ကောင်းတဲ့ ဗိုင်းရပ်စ်ပါ။

    အခုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဘေး အခြေအနေ (Pandemic) အဖြစ် ကြေညာလိုက်ပြီမို့ ကြောက်သင့်ပါပြီလို့ သတိပေးချင်ပါတယ်။

    ကူးစက်မခံရအောင် ကာကွယ်ဖို့ ဘာလုပ်နိုင်မလဲ

    ရောဂါကို ကြောက်တယ်ဆို ကိုယ့်ဘက်က ကာကွယ်လို့ရမယ့် နည်းလမ်းတွေ လုပ်ထားဖို့ပဲလိုပါတယ်။ အကြောက်လွန်ပြီး ဘယ်မှမသွားရဲဘဲ ဆိုက်ကိုဖောက်နေတာ နဲ့ စာရင် လိုအပ်တဲ့ ဆောင်ရန်၊ ရှောင်ရန် တွေကို လေ့လာပါ ၊ မှတ်သားပါ ၊ လိုက်နာပါ။

    ယုံကြည် စိတ်ချရတဲ့ သတင်းတွေကိုပဲ ယုံပါ၊ သက်ဆိုင်ရာ ကျန်းမာရေးဌာန တွေရဲ့ ထုတ်ပြန်ချက်တွေ၊ သတိပေးချက်တွေ ကိုပဲ ဖတ်ပါ၊ လိုက်နာပါ။

    အခြေခံအားဖြင့် အရေးကြီးတဲ့ ကာကွယ်မှုကတော့ –

    (၁) လက်ဆေးပါ။

    ဒါအရေးကြီးဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်မှုအဆင့် ပါ။ လက်နဲ့ ထိတွေ့ခဲ့တဲ့ အရာတွေက တစ်နေ့တာမှာ မရေမတွက်နိုင်အောင်ကို များပါတယ်။ မသန့်ရှင်းတဲ့လက်ဟာ ဘယ်ရောဂါပိုးကိုမဆို သယ်ဆောင်လာနိုင်ပါတယ်။

    အကောင်းဆုံးက ဆပ်ပြာနဲ့ ရေ သုံးပြီး လက်ဆေးတဲ့နည်းပါ။ တကယ်လို့ ဒီလိုဆေးဖို့မလွယ်တဲ့ အနေအထား ဖြစ်ရင် အယ်လ်ကိုဟော ပါဝင်မှု များတဲ့ လက်သန့်ဆေးရည် နဲ့ အမြန် သန့်စင်နိုင်ပါတယ်။

    (၂) မျက်နှာ ကို မထိ၊ မကိုင်ပါနဲ့။

    မျက်နှာမှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ် တို့ကို မကြာခဏ ထိကိုင်တာမျိုး ရှောင်ပါ။ ဒီအစိတ်အပိုင်းတွေက ရောဂါပိုး ကူးစက်ခံရဖို့ အလွယ်ဆုံး လမ်းကြောင်းတွေ ဖြစ်နေလို့ပါ။ ရောဂါပိုးနဲ့ ထိတွေ့လာတဲ့လက်နဲ့ အဲဒီနေရာတွေ ကိုင်မိရင် ပြီးပါလေရော။

    (၃) လူစုလူဝေး ရှောင်ပါ။

    လူပြည့်ကျပ်နေတဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေကို ဖြစ်နိုင်ရင် မသွားပါနဲ့။ ကူးစက်ခံရနိုင်ခြေ များလို့ပါ။

    (၄) ချောင်းဆိုး၊ နှာချေရင် ဖုံးအုပ်ပါ။

    ချောင်းဆိုး၊ နှာချေတဲ့အခါ တစ်ရှူးနဲ့အုပ်ပါ။ ဒါမှမဟုတ် တံတောင်ဆစ်နဲ့ အုပ်ပါ။ လက်နဲ့ အုပ်လိုက်မယ်ဆို အဲဒီလက်ကနေ တခြားတစ်နေရာကို ထိတွေ့ ပျံ့နှံ့နိုင်ခြေ များလို့ပါ။ အကောင်းဆုံးက တစ်ရှူးနဲ့အုပ်ပြီး အမှိုက်ပုံးထဲ သေချာစွန့်ပစ်ပါ။ ပြီးရင်တော့ လက်ဆေးပါ။

    (၅) Mask တပ်ပါ။

    နေမကောင်းဖြစ်နေသူတွေ မဖြစ်မနေ Mask တပ်သင့်ပါတယ်။ ကိုရိုနာ ဖြစ်ဖြစ်၊ တုပ်ကွေးဖြစ်ဖြစ် တခြားသူဆီ မကူးစက်စေဖို့ပါ။ ပုံမှန်လူတွေအနေနဲ့ မဖြစ်နေ တပ်ဖို့မလိုပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကတောင် သတိပေးထားပါတယ်။ ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ဆေးရုံလို လူစည်တဲ့နေရာတွေ သွားရရင်တော့ တပ်ပါ။

    တကယ်လို့ ကိုယ့်မှာ

    • အဖျားရှိမယ်
    • ဖျားပြီး ၂ ရက် ကနေ ၇ ရက်ကြာတဲ့အခါ ချောင်းခြောက်ဆိုးမယ်
    • လည်ချောင်းနာမယ်
    • အသက်ရှုရခက်တာမျိုးဖြစ်လာမယ်
    • အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရနိုင်တယ်
    • ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှုတွေဖြစ်မယ်
    • ဝမ်းပျက်ဝမ်းလျှောဖြစ်မယ် စတဲ့ လက္ခဏာတွေ ဖြစ်လာရင် အမြန်ဆုံးဆေးကုသမှု ခံယူပါ။

    သီးသန့်ခွဲထားစောင့်ကြည့်ခံရမှာကို စိုးရိမ်ပြီး ကြိတ်ကုလို့လည်း မသက်သာနိုင်ပါဘူး။ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ ခံယူရမှာပါ။

    နောက်ဆုံးပြောချင်တာတော့ သတင်းမှားတွေ မယုံပါနဲ့ ၊ ယုံကြည်ရတဲ့ အရင်းအမြစ်တွေဆီက ကျန်းမာရေးထုတ်ပြန်ချက်တွေကိုပဲ လေ့လာပါ။ လမ်းအလွဲတွေမှာ ယုံကြည်ပြီး ကြိုတင်ကာကွယ်မှုတွေကို လျစ်လျူမရှုမိပါစေနဲ့ လို့ Hello ဆရာဝန် ပရိသတ်ကို အကြံပေးလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement