backup og meta

နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင်

    အိမ်မှာနေရင်းပဲဖြစ်ဖြစ် သွားရင်းလာရင်းပဲဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေ၊ အပူလောင်တာ၊ ဓာတ်မတည့်တာမျိုးတွေ၊ ပိုးကောင်ကိုက်ခံရတာနဲ့ အခြားထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့အတွက် နေအိမ်မှာရော၊ ကားပေါ်မှာပါ အရေးပေါ်ဆေးသေတ္တာတွေ ဆောင်ထားသင့်ပါတယ်။ အဲလိုထားရှိခြင်းက ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းလျှော့ချနိုင်ပါတယ်။ ဒီတော့ နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင် လား …….

    နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ထဲမှာ ဘာတွေထည့်ထားမလဲ

    နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ ထဲမှာ ဒါလေးတွေ ထည့်ထားဖို့ လိုပါမယ်။

  • တစ်ခါသုံးအပျော့စား ရော်ဘာလက်အိတ်
  • အနာတွေထဲကို ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်စေအောင်ကာကွယ်ဖို့အတွက်ပါ။ အသုံးပြုပြီးတိုင်းမှာလည်း အသစ်လဲဖို့မမေ့ပါနဲ့။

    • အရက်ပြန်

    ပိုးသတ်သန့်စင်ဖို့ပါ။ ဒါမှမဟုတ်လည်း အနာထဲကပစ္စည်းတွေကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ဇာဂနာတွေ၊ ကတ်ကြေးတွေကို ပိုးသတ်ဖို့အတွက်ပါ။

    • အရက်ပြန်စွတ်ထားတဲ့ ဂွမ်း

    ပိုးသတ်ဖို့ပါ။ ရိုးရိုးဂွမ်းကိုတော့ ဆေးလိမ်းဖို့၊ သွေးတိတ်အောင် လုပ်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

    • ပတ်တီးအရွယ်အစားအမျိုးမျိုး

    အနာကို ပြင်ပအရာဝတ္ထုတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ဖို့ပါ။ ပိုးမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒဏ်ရာအမျိုးမျိုးအတွက် အသုံးပြုနိုင်ဖို့ ပတ်တီးအရွယ်အစားမျိုးစုံ ထည့်ပေးထားသင့်ပါတယ်။

    • ပလာစတာ

    အသေးစားထိခိုက်ရှနာတွေကို ကပ်ဖို့ပါ။ ရေစိုခံပလာစတာနဲ့ ရိုးရိုးပလာစတာတွေထည့်ထားဖို့လိုအပ်ပါတယ်။ ပလာစတာတွေက ထိခိုက်ဒဏ်ရာတွေကို ပြင်ပက ပိုးမွှားတွေမဝင်လာစေဖို့နဲ့ အနာကျက်မြန်စေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။

    • ပိုးသတ်ထားတဲ့ဆေးပါပြီးသား ပလာစတာ

    ပွန်းပဲ့နာတွေ၊ကုတ်ခြစ်ဒဏ်ရာတွေနဲ့ အကြီးစားပြတ်ရှတွေမှာ အသုံးပြုနိုင်စေဖို့ပါ။ ဒီပလာစတာတွေက သွေးတိတ်အောင်လည်း လုပ်ပေးပါတယ်။

    • အပူလောင်ဒဏ်ရာတွေကို လူးဖို့ ဂျယ်လ်တစ်မျိုးမျိုး

    Silver nitrate ဒါမှမဟုတ် ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်း လိုပါတယ်။

    • စက္ကူတိတ်

    အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။

    • ကတ်ကြေး

    ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။

    • ဇာဂနာ

    အနာထဲက အစအနတွေ၊ အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့ပြင်ပအရာဝတ္ထုတွေကိုဖယ်ရှားဖို့ပါ။

    • Hydrocortisone Cream

    ပိုးကောင်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။

    • တွယ်ချိတ်

    ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။

    • အဖျားတိုင်းကိရိယာ

    အဖျားရှိ၊ မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။

    • ပဋိဇီဝလိမ်းဆေးတစ်မျိုးမျိုး

    ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။

    • အဖျားကျဆေး

    ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။

    • ချောင်းဆိုးပျောက်ဆေး

    ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။ ချွဲပျော်ဆေးကိုလည်း ဆောင်ထားသင့်ပါတယ်။

    • ဒဏ်ကြေလိမ်းဆေး

    ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ ရာပန်းဆီနဲ့ ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်း ရပါတယ်။

    • ပလပ်စတစ်အိတ်အလွတ်တွေ

    သွားရင်းလာရင်းထိခိုက်မိတဲ့ ဒဏ်ရာတွေကို ဆေးကြောသန့်စင်ရာမှာ သုံးလိုက်တဲ့ဂွမ်းစတွေနဲ့ အခြားအရာဝတ္ထုတွေကို ထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ပါ။

    • တစ်ရှူးအစို

    ရေမရှိတဲ့ အလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးမှာ အနာကို သန့်စင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် ကားပေါ်မှာ ဆောင်ထားသင့်ပါတယ်။

    • လက်နှိပ်ဓာတ်မီးနဲ့ ဓာတ်ခဲအပို

    ထိခိုက်ဒဏ်ရာကို ကြည့်ရှုနိုင်ဖို့ ဖြစ်ပါတယ်။

    ဒီဖော်ပြထားတဲ့ ပစ္စည်းတွေအပြင် အခြားကိုယ်နဲ့ အသုံးတည့်မယ့်ပစ္စည်းလေးတွေကိုလည်း ဘူးခွံတစ်ခုထဲမှာ သပ်သပ်ရပ်ရပ်စုထည့်ထားပြီး အလွယ်တကူယူလို့ရမယ့်နေရာတစ်ခုမှာ ထားထားပေးရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်တစ်ဦးမှာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူအသုံးပြုနိုင်စေဖို့ဖြစ်ပါတယ်။

    ကားနောက်ခန်းမှာဆိုရင်တော့ ကားနောက်ခန်းထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် ထားလို့အဆင်ပြေမယ့်နေရာတစ်ခုခုမှာထည့်ထားပေးလို့ရပါတယ်။

    နေအိမ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် အရေးပေါ်ဆေးသေတ္တာလေးတွေဆောင်ထားတာက ထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန်ကုစားနိုင်ပြီး အနာကိုပိုးမဝင်အောင်ကာကွယ်နိုင်တဲ့အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွေဝေဒနာတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ အမှန်တကယ်လိုအပ်တဲ့ဆေးသေတ္တာလေးတွေကို နေအိမ်မှာရော ကားပေါ်မှာ မိသားစုများဆောင်ထားသင့်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement