ကျီးကန်းပါးစပ် ဆိုတာ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။ နှုတ်ခမ်းထောင့်မှာ နီရဲနေပြီး ပါးစပ် ဟမရ ပြုမရနဲ့ တော်တော် ကသိကအောက်နိုင်တဲ့ ရောဂါပါ။ ပါးစပ်လည်း ကောင်းကောင်း မစေ့နိုင်ဘဲ ဟတတလေး ဖြစ်နေလို့ ကျီးကန်းပါးစပ်လို့ ခေါ်တာပါ။ ဆေးပညာအရတော့ angular cheilitis ဒါမှမဟုတ် angular stomatitis လို့ ခေါ်ပါတယ်။ တစ်ဖက်တည်း ဖြစ်နိုင်သလို တစ်ခါတည်း နှစ်ဖက်လုံး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ ကလေးပေါက်စက စလို့ လူကြီးအထိ ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ရက်အနည်းငယ်ကနေ ဒီထက်လည်း ပိုကြာတတ်ပါတယ်။
ကျီးကန်းပါးစပ် အပြင် ဘာလက္ခဏာတွေ ပြနိုင်သေးလဲ။
ကျီးကန်းပါးစပ်က နှုတ်ခမ်းထောင့်မှာ နီရဲပြီး ရောင်ရမ်းနေတဲ့ အတွက် သိသာပါတယ်။ ရောင်တာအပြင်
- သွေးထွက်တာ
- နှုတ်ခမ်းကွဲတာ
- အရည်ကြည်ဖုထွက်တာ
- နှုတ်ခမ်း ခြောက်ပြီးကွာတာ
- ယားတာ
- နာတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။
တခြားလက္ခဏာတွေကတော့
- ပါးစပ်ပျက်တာ
- နှုတ်ခမ်းနဲ့ ပါးစပ်မှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာ
- နှုတ်ခမ်းတွေ အဖတ်အဖတ် ကွာတာ
- နာလို့ အစာစားရခက်တာတွေပဲ ဖြစ်ပါတယ်။
ကျီးကန်းပါးစပ် ဘယ်ကစဖြစ်တာလဲ။
ဖြစ်စေတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ အဓိကကတော့ တံတွေးကြောင့် မှိုပိုးဝင်ပြီး ဖြစ်တာပါ။ နှုတ်ခမ်းခြောက်ရင်ပဲ ဖြစ်ဖြစ်၊ နာရင်ပဲဖြစ်ဖြစ် လျှာနဲ့ သပ်တတ်တဲ့ အကျင့်ရှိကြပါတယ်။ နှုတ်ခမ်းထောင့်မှာ တံတွေးတွေ စုလာတဲ့အခါ နှုတ်ခမ်းပိုခြောက်လာပြီး ကွဲလာပါတယ်။ ဒီနှုတ်ခမ်းထောင့်က တံတွေးတွေက မှိုစွဲဖို့ အကောင်းဆုံး နေရာပါပဲ။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
နှုတ်ခမ်းထောင့်မှာ တံတွေးနဲ့ ထိတွေ့မှုများတဲ့ သူတွေက ပိုဖြစ်နိုင်တာပေါ့။ သူတို့တွေကတော့
- သွားညှိကြိုး (braces) တပ်ထားတဲ့သူတွေ
- အံကပ်သေချာ အံမကျတဲ့သူတွေ
- ခဏခဏ နှုတ်ခမ်းကို လျှာနဲ့ သပ်တတ်တဲ့ အကျင့်ရှိသူတွေ
- တံတွေး အထွက်များတဲ့သူတွေ
- အသက်ကြီးလာလို့ နှုတ်ခမ်းထောင့်မှာ အသားအရည် လျော့တွဲလာသူတွေ
- လက်မစုပ်တတ်တဲ့ ကလေးတွေ
- ဆေးလိပ်သောက်တဲ့သူတွေ
- အာဟာရချို့တဲ့တဲ့သူတွေ (ဥပမာ ဗီတာမင်ဘီ၊ သံဓာတ်)
တချို့သော ရောဂါတွေမှာလည်း ကျီးကန်းပါးစပ်က လက္ခဏာ တစ်ခု ဖြစ်နေတတ်ပါတယ်။ ဥပမာ
- သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာ
- သွေးကင်ဆာ
- ဆီးချိုရောဂါ
- တချို့သော ကင်ဆာရောဂါ (ဥပမာ ကျောက်ကပ်၊ ပန်ကရိယ၊ အသည်းနဲ့ အဆုတ်ကင်ဆာ)
- HIVလိုမျိုး ခုခံအားကျတဲ့ ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။
ကျီးကန်းပါးစပ် ကို ဘယ်လိုကုသကြမလဲ။
ကျီးကန်းပါးစပ်က ဘက်တီးရီးယားကြောင့်လည်း ဖြစ်နိုင်သလို မှိုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှု ခံယူရမှာပါ။ ပြီးတော့ ကျီးကန်းပါးစပ်ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းကိုလည်း ရှာပြီး ကုသရမှာပါ။ ဥပမာ ဗီတာမင်ချို့တဲ့တာကြောင့်ဆို ဗီတာမင် အားဆေးတွေ ပေးမယ်။ သွေးအားနည်းတာကြောင့်ဆို သံဓာတ်အားဆေးတွေ ပေးမယ် စသဖြင့်ပေါ့။ အိမ်မှာ အလွယ်လုပ်နိုင်တာတွေကတော့
- အနာကို antisepticလိမ်းပြီး သန့်အောင်ထားတာ
- အရောင် သက်သာအောင် စတီးရွိုက်လိမ်းတာ
- ပါးစပ်မခြောက်အောင် ရေခဏခဏ သောက်တာ၊ ရေခဲစုပ်တာ၊ သကြားလုံးငုံတာ
- နှုတ်ခမ်းကွဲတာ သက်သာအောင် နှုတ်ခမ်းအဆီ တာ
- တံတွေးနဲ့ တိုက်ရိုက်မထိအောင် နှုတ်ခမ်းထောင့်ကို အုန်းဆီလိမ်းတာ၊ vaseline ဂျယ်လီလိမ်းတာ လုပ်ပေးလို့ရပါတယ်။
မကုဘဲထားရင် ဘာဖြစ်မလဲ။
မကုဘဲ ထားလိုက်ရင် ပိုးတွေက ဘေးကို ပျံ့သွားတာ၊ မှက္ခရု ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ခံ အကြောင်းရင်းကို သေချာမကုမိရင် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။
ကျီးကန်းပါးစပ်ရောဂါ အများစုက အိမ်မှာ ကုရင်းနဲ့ပဲ ပျောက်သွားတာ များပါတယ်။ ဒါကြောင့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ခဏခဏ ပြန်ဖြစ်တယ်။ ၂ပတ်ကျော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ နောက်ခံ အကြောင်းရင်းကို ရှာပြီး ကုဖို့ လိုပါတယ်။
[embed-health-tool-bmi]