မွေးကာစကလေးများသည် မည်ကဲ့သို့ ဆက်သွယ်ကြသနည်း။

    မွေးကာစကလေးများသည် မည်ကဲ့သို့ ဆက်သွယ်ကြသနည်း။

    ကလေးငယ်များသည ်လူ့လောကအတွင်းသို့ စတင်ဝင်ရောက်ပြီဆိုသည်နှင့် ကြည့်စရာ၊ခံစားစရာ၊တွေ့ကြုံစရာ၊စိတ်လှုပ်ရှားစရာ အသစ်အသစ်များစွာရှိနေုပြီဖြစ်သည်။ သို့သော်လည်း သင့်ကလေးသည် စကားမပြောနိုင်သေးသောကြောင့် သူ အဆင်ပြေသလား၊မပြေဘူးလားဆိုသည်ကို သင်ဘယ်လိုသိနိုင်မလဲ။ တကယ်တော့ စကားလုံးတွေ မလိုအပ်ပါဘူး။ သင့်ကလေးကို လေ့လာစောင့်ကြည့်ခြင်းဖြင့် သူဘာတွေစဉ်းစားနေသလဲ၊ဘာတွေခံစားနေသလဲဆို သည်ကို သိနိုင်ပါသည်။

    ငိုခြင်း(ကလေး၏ပထမဆုံးဆက်သွယ်ခြင်း)

    မွေးဖွားလာသောအချိန်မှစပြီး ကလေးငယ်များသည် သူတို့စဉ်းစားနေသော၊ လိုချင်သော၊မနှစ်သက်သောအရာများကို ပြောပြရန် သဘာဝအလျောက် နည်းလမ်းတစ်ခု တတ်လာပါသည်။ စိတ်ဝင်စားစရာကောင်းတယ်မှတ်လား။

    အကယ်၍သင်သည် ဤအဖြေကိုငိုခြင်းဟု သင်ထင်သည်ဆိုပါက အဖြေမှန်ဖြစ်ပါသည်။ ငိုခြင်းသည် ကလေးများသူတို့၏ခံစားချက် နှင့် လိုအပ်ချက်တွေကို ဖော်ပြနေသည့် လက္ခဏာပင်ဖြစ်သည်။ ဥပမာပြောရလျှင် ကလေးသည် အလွန်အေးခြင်း ၊ပူခြင်း၊ဆာခြင်း၊ ပင်ပန်းခြင်းကို ခံစားနေရသည်ဆိုလျှင် သင်ကလေးငိုသံကြားရမည်ဖြစ်ပါသည်။ သင့်စိတ်ထဲတွင်သိရမည်က ကလေးများသည် အကြောင်းမရှိဘဲ မငိုပါ။ သို့ဖြစ်၍ကလေးများငိုပြီဆိုပါက သေချာစွာလေ့လာပါ။

    ကလေးများကိုစကားပြောပါ။

    မိဘအချို့သည်စကားမပြောတတ်သေးသောကလေးကိုစကားပြောနေရခြင်းသည်ရယ်စရာကောင်းသည်၊ကြောင်တောင်တောင်နိုင်သည်ဟုထင်ကြသည်။ သို့သော်လည်း ကလေးများကိုစကားပြောခြင်းသည် ကလေးငယ်များ၏ဘာသာစကားဖွံ့ဖြိုးမှုကို တိုးတက်စေပါသည်။ သင်သည်သင့်ကလေးနှင့်စကားများများပြောလေလေ သင့်ကလေးသည်စကားမြန်မြန်စပြောလေလေဖြစ်ပါသည်။ အောက်တွင်သင့်ကလေးနှင့် စကားပြောရန်ဆက်သွယ်ရန် အကြံဉာဏ်အချို့ဖော်ပြထားပါသည်။

    သင်ဘာလုပ်နေသလဲဆိုသည်ကိုသင့်ကလေးကိုပြောပြပါ။

    ဥပမာအားဖြင့် သင်သည် “သားသားလေးကိုရေချိုးပေးတော့မည်” “ရေချိုးမယ်မှတ်လား” စသည်ဖြင့်ပြောနိုင်ပါသည်။ သင်သည်သင်သိသော မည်သည့်ဘာသာစကားနှင့်မဆိုပြောနိုင်ပါသည်။ သို့မဟုတ်ဘာသာစကားမျိုးစုံကြားတွင် ပြောင်းလဲပြောဆိုနိုင်ပါသည်။ ထိုအခါတွင်သင့်ကလေးသည် စကားပြောခြင်းနှင့် စကားလုံးများကိုစတင်သိရှိနိုင်မည်ဖြစ်သည်။

    သင့်ကလေးကိုသီချင်းများ၊ကဗျာများဆိုပြပါ။

    သင်သည်သီချင်းကောင်းကောင်းမဆိုတတ်ဘူးဆိုလျှင်တောင်မှ သင်ဆိုတတ်သလောက်ဆိုပြပါ။ သင့်ကလေးသည် သားချော့တေးကြားရသောအခါတွင် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက၊်မြန်မြန်ဆန်ဆန်အိပ်ပျော်သွားမည်ဖြစ်သည်။

    စာအုပ်များဖတ်ပြပါ။ ပုံပြင်များပြောပြပါ။ သီချင်းနားထောင်ခိုင်းပါ။

    သင့်ကလေးသည် သင့်ဗိုက်ထဲတွင်ရှိစဉ်ကတည်းကပင်စပြီး အသံများကိုမှတ်မိနိုင်မည်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ စကားနည်းနည်းချင်း ပြောပေးနေခြင်းသည် သင်နှင့်သင့်ကလေးအကြားရင်းနှီးမှုကို ဖန်တီးပေးမည်ဖြစ်သည်။

    ကလေးဘာလိုချင်သလဲဆိုသည်ကိုနားလည်ခြင်း၏ အားသာချက်များ

    ၁။ သင့်ကလေးသည် သက်တောင့်သက်သာရှိမည်၊ အေးအေးချမ်းချမ်းရှိမည်ဆိုသည်ကို သင်ခံစားနိုင်ပါလိမ့်မည်။ ထိုအရာသည်သင့်ကလေးတောက်လျှောက်ငိုနေခြင်းထက်စာလျှင် သင့်အားများစွာအဆင်ပြေစေလိမ့်မည်။

    ၂။ သင်သည်သင့်ကလေး ဘယ်အရာကိုကြိုက်သည်၊ မကြိုက်သည်ဆိုသည်ကိုလေ့လာတွေ့ရှိနိုင်ပါသည်။ ထို့အပြင် သင့်ကလေးကိုကြည့်ခြင်းအားဖြင့် သင့်ကလေးသည် အရာဝတ္ထုမျိုးစုံကို ဘယ်လိုတုံ့ပြန်သနည်း၊ ကမ္ဘာလောကကြီးကို မည်သို့ချဉ်းကပ်လာသလဲဆိုသည်ကို သိရှိနိုင်ပါသည်။

    ၃။ သင့်ကလေးသည် သင်နှင့်ရှိနေသောအခါတွင် လုံခြုံစိတ်ချရပြီး၊အကာအကွယ်အပြည့်အဝပေးထားသည်ဟု ခံစားနိုင်ပါသည်။ သင်၏ပြုစုစောင့်ရှောက်မှုကိုလည်း ခံယူလိုမည်ဖြစ်သည်။

    ၄။ သင်သည် မိဘကောင်းတစ်ယောက်အနေနှင့် သင့်ကိုယ်သင်ယုံကြည်မှုရှိနေမည်ဖြစ်သည်။

    အကယ်၍သင်သည် ကလေးကို ဂရုစိုက်တတ်သူဖြစ်ပါက သင့်ကလေးဘာတွေစဉ်းစားနေသလဲ၊ ဘာတွေခံစားနေသလဲဆိုသည်ကို နားလည်ဖို့ဆိုသည်မှာ မခက်ခဲပါဘူး။ သို့သော်လည်း သင်သည်သင့်ကလေးကိုထိန်းရာတွင် အခက်အခဲရှိပါက ကလေးဆရာဝန်တိုင်ပင်ကာအကြံဉာဏ်ရယူပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Kaung Thar မှ ရေးသားသည်။ 03/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။